ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံထားရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသား များ၏ အကျိုးစီးပွားကို အသက်နှင့်လဲပြီး ကာကွယ် စောင့်ရှောက်သွားမည်ဟု ယနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ်လွှတ်တော်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေး တွင်ပြောကြားလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးလာပြီဆိုရင်တော့ ရခိုင်တိုင်းရင်းသား မိဘပြည်သူများရဲ့ အကျိုးစီးပွားကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါ့မယ်။ ရခိုင်ဒေသကြီး တည်ငြိမ်တိုးတက်အောင် ကျွန်တော် အစွမ်းကုန် ကြိုးစားမယ်။ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒကို ကျွန်တော်အနေနဲ့
စိတ်ထဲမှာအမြဲ ရှေ့တန်းမှာထားပြီး ပြီးစီးအောင်ဆောင်ရွက်ပါမယ်။"ဟုဗိုလ်ချုပ်မောင်မောင်အုန်း က ပြောကြားလိုက်သည်။
လစ်လပ်နေသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာတွင် အစားထိုးခန့်အပ်ရန် ဗိုလ်ချုပ်မောင်မောင်အုန်းအား နိုင်ငံတော်သမ္မတအဆိုတင်သွင်းလိုက်ပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒသဘော ထားများကို ရယူရန် အရေးပေါ် လွှတ်တော်အစည်းအဝေးကို ဇွန်လ(၂၅)ရက်နေ့တွင် ကျင်းပလိုက်ခြင်း ဖြစ်သည်။
" ရခိုင်တိုင်းရင်းသားများနဲ့ တိုင်ပင်ပြီးတော့ ရခိုင်ပြည်နယ်ကြီးကို အကောင်းဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားဆောင်ရွက်သွားပါမယ်လို့ ကတိပြုလိုပါတယ်။ နိုင်ငံတော်ကလည်း လုပ်ပိုင်ခွင့်အာဏာပေးထားပြီ ဆိုတော့၂၀၁၅ အလွန်ကျရင်တော့ ရခိုင်ပြည်နယ်ကြီးဟာ အဆင့်တစ်ဆင့်မှာ တိုးတက်ပြီးမှ လာမယ့် ပြည်နယ်အစိုးရ၊ ပြည်နယ်ဝန်ကြီးချုပ်ကကောင်းမွန်တဲ့ ရလာဒ်တွေကို ဆုပ်ကိုင်ပြီးတော့မှ ဒီထက် တိုးတက် အောင် ဆောင်ရွက် သွားနိုင်အောင် ကျနော်သက်တမ်းကာလလေးမှာတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ့မယ် လို့ ပြောလိုပါတယ်။” ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။
နိုင်ငံတော်က သမ္မတရုံးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကို ဇွန်လ(၁၉)ရက်နေ့တွင် ၄င်း၏ သဘောဆန္ဒအလျောက် ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက် ပြီးနောက် ပြည်နယ်တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်ရာထူးခန့်ထားရန် သမ္မတက အဆိုတင်သွင်း လိုက်ခြင်းဖြစ်သည်။
“အမှန်ကတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရင်တော့ ပိုကောင်းမယ်။ ပုဂ္ဂိုလ်ရေး အရတော့ ကျွန်တော်တို့ကိုယ့်ရဲ့ရခိုင်လူမျိုးတစ်ယောက် ကိုတော့ ဖြစ်စေချင်တယ်။ ဒါဟာ ကျွန်တော်တို့ ခံစားချက်။ သို့သော် ဥပဒေ အရပြဌာန်းပြီးသားကို ပြောင်းလဲအောင်ကျွန်တော်တို့ ကြိုးစားစရာမရှိတော့ ဦးမောင်မောင်အုန်းကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ဆိုတာကိုတော့ ကန့်ကွက်စရာ မရှိဘူး။ ဒါက ဥပဒေအရ လုပ်တာ။"ဟု ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က ပြောကြားသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား နှစ်ပါတီ ပေါင်းစည်း ထားသည့် ရခိုင်အမျိုးသားပါတီက ဇွန်လ ၂၃ ရက်နေ့တွင် အချက်သုံးချက်ပါဝင်သည့် သဘောထား ကြေညာချက်ထုတ်ပြန်လိုက်ရာ အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်သည်ရခိုင်တိုင်းရင်းသားဖြစ်ရန်၊ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ရန်တို့ ပါဝင်သည်ကို တွေ့ရသည်။
"ရခိုင်ပါတီအများဆုံးနိုင်ပေမယ့် ရခိုင်ဝန်ကြီးချုပ် ဖြစ်ခွင့်မရတဲ့ အကြောင်း တရားတွေပါ။ အမှန်က ဒီဥပဒေမျိုးကို နောင်လာမယ့်အချိန်မှာ ပြောင်းလဲနိုင်အောင် နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေ အတိုက်ခံလုပ်တဲ့ပုဂ္ဂိုလ်တွေ လုပ်သင့်တယ်။" ဟု ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်ကသုံးသပ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဗိုလ်ချုပ် မောင်မောင်အုန်းကို ဇွန်လ(၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဆို တင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်မည်ဆိုပါက ဇွန်လ (၂၇) ရက်နေ့ ညနေ (၄း၀၀)နာရီ တွင် အဆိုတင်သွင်းရမည်ဖြစ်သည်။
ကန့်ကွက်သူမရှိပါက ဇွန်လ ၃၀ ရက်နေ့တွင် ထပ်မံကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ်ရာထူး ခန့်အပ်မည်ဖြစ်သည်။
မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)
No comments:
Post a Comment