
ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို သြဂုတ် ၁၉ရက်မှ ရက်ပေါင်း ၃ဝအတွင်း အလုပ်ရှင်မှ ဖြေရှင်းပေးရန် ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇)အရ ခုံသမာဓိရုံးမှ သြဂုတ်လ ၁၉ရက်မှ စ၍ ရက်၃ဝအတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်းပေးရမည်ဖြစ်သည်။
ယင်းအမိန့်စာတွင် လုပ်သက် ၃လအောက် အလုပ်သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေး ၁လစာပေးရန်၊ လုပ်သက် သုံးလမှ တစ်နှစ်အောက်ကို လုပ်ခလစာ၏ နှစ်ဆနှင့် တစ်နှစ်မှ သုံးနှစ်အတွင်း အလုပ်သမားများကို လုပ်ခလစာ သုံးဆနှုန်း စသဖြင့် အမျိုးအစား ငါးမျိုး သတ်မှတ်ထားသည်။
ခုံသမာဓိရုံးမှ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ရီက "ကျွန်မတို့ရုံးက ဆုံးဖြတ်ချက်ချတဲ့ရုံး။ ရက် ၃ဝပြည့်လို့မှ အလုပ်ရှင်ဘက်က မဖြေရှင်းပေးဘူးဆိုရင် တရားစွဲတဲ့ရုံးက စွဲရမှာပေါ့။ ခုံသမာဓိရုံးကတော့ ဥပဒေနဲ့ ညီမညီဆိုတာပဲ ဆုံးဖြတ်ချက် ချမှတ်ပေးရမှာ"ဟု မဇ္ဈိမကို ပြောသည်။
Master Sport စက်ရုံ အလုပ်သမားများကို အလုပ်ရှင်က ရက်ပေါင်း ၃ဝအတွင်း ဖြေရှင်း မပေးပါက အလုပ်သမားဝန်ကြီးအနေဖြင့် နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းနိုင်သည်ဟု အလုပ်သမားဝန်ကြီး ဦးအေးမြင့်က သြဂုတ်လ ၁၆ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၁) ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်ပြန်လည်နေရာချထားရေးနှင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၌ ပြောကြားခဲ့ကြောင်း ကိုထွန်းထွန်းနိုင်က ဆိုသည်။
ပထမနည်းလမ်းအနေဖြင့် မြန်မာနိုင်ငံ တရားရုံးချုပ်မှ တစ်ဆင့် ကိုရီးယားနိုင်ငံ တရားရုံးချုပ်ကို ချိတ်ဆက်ကာ Master Sport စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားကို တရားစွဲဆိုခြင်းနှင့် ဒုတိယအနေဖြင့် လှိုင်သာယာရှိ စက်ရုံအား ချိတ်ပိတ်ကာ စက်ရုံအတွင်းရှိ ကျန်ရှိပစ္စည်းများကို ထုခွဲရောင်းချကာ အလုပ်သမားများ၏ နစ်နာကြေးများ၊ လုပ်ခလစာများကို ဖြေရှင်းသည့် နည်းဖြင့် ဖြေရှင်းပေးမည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။
စက်ရုံပိတ်သိမ်းခဲ့သည့် မာစတာစပေါ့ စက်ရုံမှ အလုပ်ရှင်အား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကိုရီးယားသံရုံးမှတစ်ဆင့် ဆင့်ခေါ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိသေးပေ။
Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈ဝဝခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၇ရက်ကလည်း လှိုင်သာယာ စက်ရုံရှေ့မှ ဗဟန်းမြို့ ကိုရီးယားသံရုံးအထိ လမ်းလျောက်ကာ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။
လက်ရှိတွင် ယင်းစက်ရုံမှ အလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်နေပြီး Master Sport အလုပ်သမားများ အလုပ်ရရှိရန် အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ အလုပ်ရှင်များနှင့် သြဂုတ်လ ၂ရက်က ချိတ်ဆက်ပေးခဲ့သည်။ သို့သော် ယခုအချိန်ထိ အလုပ်သမား ၈ဝဝခန့် အထဲမှ အလုပ်သမား ၅ဝဦးသာ အလုပ်ရရှိခဲ့ပြီး အများစုမှ Master Sport စက်ရုံမှ ဆန္ဒပြ အလုပ်သမားဟု ဆိုလျှင် စက်ရုံများက အလုပ်မခန့်၍ အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်သည်။
Mizzima
No comments:
Post a Comment