Friday, February 15, 2013

နိုင်ငံရေးသမား၊စာပေဟောပြောပွဲနှင့်ဖိနပ်ချုပ်သူ

 ( စာပေဟောပြောပွဲ ခေါင်းစဉ်တပ်ကာ နိုင်ငံရေး အယူဝါဒ၊ အမြင်များပြောနေသော သူများကို ရည်ရွယ်ထားသည့် ဆောင်းပါးဟု ယူဆပါသည်- မြန်မာ့သားကောင်း)


                        ဖိနပ်ချုပ်သူတွေအကြောင်း မိတ်ဆွေ စဉ်းစားဖူးသလား။ဖိနပ်ချုပ်သူတွေရဲ့ အလုပ်အကိုင်သည်ဖိနပ်လှလှကလေးတွေကို  ဆိုင်ကြီးတွေက အပြိုင်အဆိုင် ရောင်းချနေသည့်ေ ခတ်ကာလကြီးမှာ
ဖိနပ်ချုပ်သူတွေသည် မိတ်ဆွေ၏ နေ့စဉ်တွေးခေါ်မှုထဲမှာ တစ်နှစ်နေလို့ ဘယ်နှခါ ပါဝင်နေ နိုင်သေးလဲ။
ဖိနပ်ချုပ်သူတွေရဲ့ အလုပ်အကိုင်သည်ရော ဘယ်လိုနေမလဲ။ ဖိနပ်မစီးသည့်လူလို့တော့
အတော်ရှားလိမ့်မည်ဟု ထင်သည်။ ထီးကမှ မိုးရာသီကာလ ကြာရှည်တတ်သော ကျွန်တော်တို့လို နိုင်ငံမျိုးတွင် ကျန်သည့်အချိန်များတွင် မေ့ထားတတ်သလောက် မိုးဦးပေါက်ပြီဆိုတာနှင့် အသုံးပြုရန် ဖြစ်နိုင်သေးသည့် ထီးဟောင်းများအား ထီးပြင်သူထံ သွားပို့ဖို့ မိတ်ဆွေ စဉ်းစားမိကောင်း စဉ်းစားမိဦးမည်။

ဖိနပ်ကိုတော့ အမြဲတမ်း စီးနေရသော်လည်း ဖိနပ်ပြတ်သွား၊ ဒေါက်ကျိုးသွားလို့ ဖိနပ်ချုပ်သူထံသွားရေးထက် ဖိနပ်ဆိုင်တစ်ခုကို ၀င်လိုက်ပေလိမ့်မည်။ မိတ်ဆွေရော နောက်ဆုံးတစ်ဆုံးတစ်ခေါက်အဖြစ် ဖိနပ်ချုပ်သူထံ ဘယ်တုန်းက ရောက်သေးပါသလဲ။
ကျွန်တော့်ရုံးခန်းနှင့် သိပ်မဝေးသည့် လူစည်းကားရာ လမ်းထောင့်မှာ ဖိနပ်ချုပ်သူ ၅ ဦးခန့် ရှိသည်။ နေ့လည် ၁၂ နာရီခန့်မှ ညနေဈေးမစမီ ၄ နာရီလောက်ထိ သူတို့ပုံမှန် ဆိုင်ထွက်သည်။ ပူပြင်းသည့် နေရောင်အောက်မှာ ထီးကလေးများကို ဖွင့်လျက်၊ ပြင်လက်စနှင့် ပြင်ပြီးသား ဖိနပ်များတင်ထားသည့်

ထင်းရှူးသား သေတ္တာပုံးနောက် ခွေးခြေခုံငယ်လေးတစ်ခုပေါ်တွင် အေးဆေးစွာ သူတို့ ထိုင်နေတတ်ကြသည်။ တခြားဈေးသည်တွေလို အလုအယက် ဖိနပ်ချုပ်မည့်သူကို ခေါ်ငင်စရာလည်း မလို။ ဖိနပ်တွေ များများပြတ်ပါစေလို့ သူတို့ဆုတောင်းနေမည်လို့တော့ ကျွန်တော်မထင်။ ဒါပေမယ့် သူတို့ဆီကို တစ်ယောက်ယောက် ဖိနပ်ချုပ်ခိုင်းဖို့ ရောက်လာလိမ့်မည်ဟု တိတ်တခိုး မျှော်လင့်နေလိမ့်မည်။ ဖိနပ်ချုပ်မည့်သူတွေကလည်း သူတို့ဆီကို အားကိုးတကြီး ရောက်လာလိမ့်မည်။ သူတို့ထဲက တစ်ဦးဦး၏ နံဘေးမှာ ချထားသော ခွေးခြေခုံပုလေးမှာ ၀င်ထိုင်လိမ့်မည်။

သူတို့နားက ကျွန်တော်ဖြတ်သွားတိုင်း သူတို့ကို ကျွန်တော် မဖြစ်မနေကြည့်မိသည်။ တစ်ခါတရံ သူတို့နားမှာ စလင်းဘက်အိတ်တစ်လုံးကို လွယ်ထားသော ခပ်လှလှ မိန်းကလေးတစ်ယောက်၊ သို့မဟုတ် ဈေးခြင်းကြီးနှင့် အရွယ်ကြီးကြီး အဒေါ်ကြီးတစ်ဦး၊ ဒါမှမဟုတ် ဖိနပ်ချုပ်ရန်မဟုတ်ဘဲ စကားပြောဖော်တစ်ဦးဦး ထိုင်နေသည်ကို တွေ့ရသည်။ သူတို့၏ ဖိနပ်ပြင်ဆင်ချုပ်လုပ်သည့် ဆူး၊ တူ၊ အပ် စသည့် ကိရိယာများကိုထုတ်ကာ တစ်ဦးတည်း လေချွန်လျက် လာအပ်ထားသည့် ဖိနပ်တစ်ခုကို ပြင်နေသည့်အခါလည်း ရှိသည်။
မှုခင်းသတင်း ဂျာနယ်တစ်စောင်ထဲမှာ ခေါင်းစိုက်နေသည့်အခါလည်း ရှိသည်။
ငိုက်မြည်းသည့်အခါလည်း ရှိသည်။ တစ်ရက်တော့ ကျွန်တော် တွေးမထားဘူးသည့် အခြေအနေတစ်ခုကို တွေ့ခဲ့ရသည်။
ထိုနေ့က အနည်းငယ် နေပူသည်။ နေ့လည် ၂ နာရီခန့်မို့ ထမင်းစားပြီးသူများ ငိုက်မြည်းချင်စရာ အကောင်းဆုံးအချိန်တစ်ခု ဖြစ်နေသည်။ အရပ်မြင့်မြင့် အသားဖြူဖြူ၊ စတိုင်ပင်ဘောင်းဘီနှင့် လူတစ်ဦးက ခရီးဆောင်အိတ်ပျော့တစ်လုံးကို ခေါက်လျက် ကြိုးနှင့်ချည်ပြီး ယူလာသည်။ ဖိနပ်ချုပ်သူတစ်ဦး၏ ရှေ့မှာ ရပ်လိုက်သည်။ အိတ်က ပေါက်နေသည်တဲ့။ ထိုအိတ်ကို ဖိနပ်ချုပ်သူက သူ့ဆီမှာအသင့်ရှိပြီး ကိရိယာတွေထဲက အပ်နှင့် အပ်ချည်ကိုယူကာ ချုပ်ပေးလိုက်မည်။ ပြုပြင်ခ ဈေးနှုန်းတစ်ခုကို တောင်းဆိုလိမ့်မည်။ ဒီလိုပဲ ကျွန်တော်ထင်သည်။

ဒါပေမယ့် ထိုဖိနပ်ချုပ်သူက ငြင်းသည်။ ဟို လူကြီးလူကောင်းဟန်နှင့်လူက တောင်းဆိုသည်။ ခင်ဗျားမှာ အပ်လည်းရှိတယ်၊ အပ်ချည်လည်းရှိတယ်၊ အပန်းကြီးတာမှ မဟုတ်တာဗျာ။ ချုပ်ပေးလိုက်ပါဟု နှစ်ခါသုံးခါ ထပ်ပြောသည်ကို ကျွန်တော် ကြားလိုက်သည်။ ဖိနပ်ချုပ်သူကလည်း ဘာကြောင့်မှန်းမသိ ငြင်းနေသည်။ သူ့မှာ တခြားဖိနပ်တစ်ခုကို ချုပ်နေတာလည်း မရှိ။ မအားတာကြောင့်လည်း မဟုတ်။ နောက်ဆုံး သူ ယတိပြတ်ငြင်းလိုက်သည့်စကားကြောင့် ကျွန်တော့်မှာ အတော် တုန်လှုပ်သွားမိသည်။ "ကျွန်တော် ဖိနပ်ပဲ ချုပ်ပါတယ်။ အိတ်မချုပ်ပါဘူး"တဲ့။
ကျွန်တော်နေထိုင်သည့် ရပ်ကွက်ထဲမှာ ဟောပြောပွဲတွေ မကြာခဏလုပ်သည်။ တရားပွဲဖြစ်စေ၊ စာပေဟောပြောပွဲဖြစ်စေပေါ့။ ကျွန်တော်သည် စာပေဟောပြောပွဲများကို ပို၍ စိတ်ဝင်စားသည်။ အချို့ စာရေးဆရာ မိတ်ဆွေများ ဟောပြောပွဲသွားသည့်အခါတွင် ဧည့်မြောင်အဖြစ် လည်းကောင်း၊ စာပေဟောပြောပွဲ စီစဉ်သူများက ခင်မင်စွာ သီးသန့် ဖိတ်ခေါ်သောသောကြောင့်လည်းကောင်း နယ်စာပေဟောပြောပွဲအချို့သို့ ရောက်ဖူးသည်။ ကိုယ်တိုင်လည်း စာပေဟောပြောပွဲအချို့ကို ပါဝင်စီစဉ်ဖူးသည်။ စာပေဟောပြောပွဲတွေမှာ အချို့စာရေးဆရာတွေက စာပေအကြောင်း သာမက ကျွန်တော်တို့၏ လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးကို ရည်မျှော်သတိပေး ဟောပြောကြသည်ကို တွေ့ရသည်။

စာပေနှင့် လူ့အဖွဲ့အစည်း၏ အသိဥာဏ်ပိုင်း၊ အမူအကျင့်ပိုင်း တိုးတက်မှုတို့သည် အညမညပစ္စယောဖြစ်နေသည့်အတွက်ပင် ဖြစ်သည်။ သည်လို ဟောပြောသည့်အခါ အချို့ဟောကွက်များရောက်လျင် နားထောင်သူ စာပေပရိသတ်များ၏ နှစ်သက်စွာ လက်ခုပ်သြဘာ ပေးကြသည်။ အထူးသဖြင့် နိုင်ငံရေးနှင့် စပ်လျဉ်းနေသည်ကို သတိပြုမိသည်။ စာပေဟောပြောပွဲ ပြီးစီးလို့ နောက်တစ်နေ့မနက်ဆိုလျှင် လက်ဖက်ရည်ဆိုင်တွေမှာ ဘယ်ဆရာ ဆရာမကတော့ ဘယ်လိုပြောလိုက်တာ ဆိုတာတွေကို ပြန်လည်ဝေငှပြောဆိုကြသည်။ ဟောပြောပွဲစီစဉ်သူတို့ မျက်နှာပွင့်ရလေသည်။ ဘယ်ဆရာ ဆရာမကတော့ အဟောကောင်း အပြောကောင်းပဲ။ နောင်နှစ်ကျရင်လည်း ပါအောင်ဖိတ်နော်ဟု တိုက်တွန်းကြသည်။ စာပေဟောပြောပွဲဟု ဆိုသည့်တိုင် အုပ်ချုပ်မှုနှင့် နိုင်ငံရေး ခေတ်ကာလအပြောင်းအလဲတစ်ခုတွင် စာပေထက် နိုင်ငံအကြောင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြောမှုများက စီဒီခွေ၊ ဗီစီဒီခွေ၊ ဒီဗွီဒီခွေများအသွင်ဖြင့်ပင် ပြန့်နှံ့နေသည်။ ပရိသတ်ဆိုသည်က မိမိတို့နှုတ်ဖျားမှာ ဆွံ့အနေတတ်သည့် အကြောင်းအရာများကို ချက်ကျလက်ကျ ဟောပြောထောက်ပြသူများကို အားပေးရမည်ဟုပင် ရိုးရှင်းစွာ တွေးသည်။

ယခုနှစ်ပိုင်းမှာတော့ စာပေဟောပြောပွဲများထဲမှာ နိုင်ငံရေးအရ သြဇာရှိသူအချို့လည်း ပါဝင်လာခဲ့သည်ကို တွေ့ရသည်။ သူတို့ကလည်း ယနေ့ခေတ်၏ အပြောင်းအလဲများနှင့် လူ့အဖွဲ့အစည်းမှ ပြောင်းလဲရန်လိုအပ်နေသည့် အချက်များကို ထောက်ပြဟောပြောကြသည်။ သို့သော် စာပေနှင့် တိုက်ရိုက်ပတ်သက်သည့် ဟောပြောမှုများ မဟုတ်ဟု ကျွန်တော်ထင်သည်။ နားထောင်သူ ပရိသတ်အတွက်တော့ အကျိုးရှိမည်သာ ဖြစ်သည်။ သို့ပေမယ့် ကျွန်တော့်စိတ်ထဲတွင် ဒွိဟ ဖြစ်နေသည်။ စာပေဟောပြောပွဲ ကျင်းပတာ မဟုတ်ဘူးလား။ ထိုသို့ ပါဝင်ဟောပြောကြသူတွေ၏ လူ့အဖွဲ့အစည်းအပေါ် ထားရှိသော စိတ်စေတနာကို ကျွန်တော် စိုးစဉ်းမျှပင် သံသယမရှိ။ သူတို့၏ အသိဥာဏ်သည်လည်း ယုံကြည်မှုကို ရရှိရန်အတွက် ကိုးစားထိုက်သည်ဟု ကျွန်တော်နားလည်သည်။ သူတို့ မဟောမီ မပြောမီမှာရော ဟောပြီးပြောပြီးချိန်မှာပါ လူတွေက သူတို့အပေါ်မှာ အားကိုးကြသည်။ တန်ဖိုးထားကြသည်။ စာပေဟောပြောပွဲမှာ ၀င်ဟောလို့ အားနာနာနှင့် နားထောင်ရသည်လည်း မဟုတ်။ သီးသန့်ပွဲများ စီစဉ်ဟောပြောကလည်း လူများက နားထောင်ကြမည်သာ ဖြစ်သည်။

ထိုသို့ စီစဉ်မှုများ ရှိခဲ့သလို စိတ်ဝင်တစား စုဝေးနားထောင်ခဲ့ကြသည့် သာဓကများလည်း ရှိခဲ့ပြီးဖြစ်သည်။
ဒါဖြင့် ဘာကြောင့် စာပေဟောပြောပွဲမှာ ၀င်ရောက်ဟောပြောရသလဲ။ စာပေဟောပြောပွဲဆိုတာ ဘယ်လိုဟောပြောပွဲ အခမ်းအနားမျိုး ဖြစ်ခဲ့သလဲ။ ဖြစ်ရမည်ဟု သတ်မှတ်ချက်မျိုး ရှိထားခဲ့သလဲ။ ထိုသို့ သတ်မှတ်ချက်မျိုး မရှိခဲ့ဘူးလား။ ဘယ်လို ဟောပြောပွဲဖြစ်လျှင် စာပေဟောပြောပွဲများသည် တက်ရောက်နားထောင်သူ ပရိသတ်များ၏ ခံစားမှု၊ တွေးတောဆင်ခြင်မှုနှင့် စာပေဖတ်ရှုခံစားခြင်းတို့အပေါ် ကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်စေမလဲ။
ထိုမေးခွန်းများအတွက် ကျွန်တော့်မှာ အဖြေမရှိပါ။ ဖြေနိုင်လောက်စရာ အသိဥာဏ်နှင့် ရင့်ကျက်မှုလည်း မရှိပါ။ ဒါပေမယ့် ပရိုဖက်ရှင်နယ် ဆိုတာ ဘာလဲဆိုသည်ကိုတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တန်ဖိုးထားမှုတစ်ရပ်အဖြစ် ရှုမြင်နိုင်ကောင်းသည်ဟု မျှော်လင့်မိသည်။ ဒါတွေကို တွေးမိတော့ ကျွန်တော့်လို သာမန်နိုင်ငံသားတစ်ဦးအဖို့ ကိုယ့်ပရိုဖက်ရှင်နယ်က ဘာဆိုတာကို ဂုဏ်ယူဝံ့ကြွားသူဖြစ်ချင်သည်။ ကျွန်တော် ဖိနပ်ချုပ်သူ ဦးလေးကြီးကို လေးစားသည်။ ကျွန်တော်သာဆိုလျှင် ထိုအိတ်ကို ချုပ်ပါမည်ဟု လက်ခံမိလိုက်မိမှာ။ ကြိုးစားရပါဦးမှာပါပဲ။
                                                                                                                                   စိုင်းပြင်း
Messanger News Journal

2 comments:

  1. ကောင်းလိုက်တာဗျာ။ တစ်ခုလေးပါ။ တစ်ခုလောက်ပြောပါရစေ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်းထဲမှာ ကိုယ်ကဖိနပ်ချုပ်ပြီး အိတ်ရအိတ်၊ ထီးရထီး၊ ဖြစ်နိုင်ရင် အင်္ကျိပါချုပ်ချင်နေသူတွေ ကြောင့်လည်း ပါတယ်ဗျ။ အချို့စာရေးသူတွေက ကိုယ့်ရဲ့ စာရေးဆရာဆိုတဲ့ ပရော်ဖက်ရှင်နယ်ထက် နိုင်ငံရေးစပ်စပ်၊ ဘာသာရေးစပ်စပ်၊ လူတတ်ကြီးတွေလုပ်ချင်တာက စခဲ့တာပဲဗျ

    ReplyDelete
  2. အပြည့်အဝကိုထောက်ခံတယ်ဗျာ မြင်းက မြင်းအလုပ် လုပ်ပြီး လူက လူအလုပ် လုပ်တာပဲသင့်တော်ပါတယ်

    ReplyDelete