ရန်ကုန် (မဇ္ဈိမ)။ ။ ၂၂ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေး
ဖိုရမ်ကို နေပြည်တော်တွင် ဇွန်လဆန်း အတွင်း လက်ခံကျင်းပမည် ဖြစ်ပြီး
ဖိုရမ်၏ ခေါင်းစဉ်မှာ “ပူးပေါင်းမှုနှင့် ပါဝင်မှုအတွက် ရဲဝံ့စွာ
ပြောင်းလဲခြင်း” ဟူ၍ ဖြစ်သည်။
ဖိုရမ်တွင်
တက်ရောက်မည့် မီဒီယာများအား စတင် လက်ခံ စာရင်းကောက်ခြင်း အထိမ်းအမှတ်
အဖြစ် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်တွင် ကွန်ဖရန့် တခု ကျင်းပခဲ့ရာ
ထိုကွန်ဖရန့်၌ ကမ္ဘာ့စီးပွါးရေး ဖိုရမ် အာရှဆိုင်ရာ အကြီးအကဲ Sushent
Palakurthi Rao က မြန်မာနိုင်ငံ အနေဖြင့် ထိုစီးပွါးရေး ဖိုရမ် ကျင်းပခွင့်
ရရှိခြင်းသည် မြန်မာနိုင်ငံအား အာဆီယံ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံအနေဖြင့်
သာမက အနာဂတ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် နိုင်ငံတခု အနေဖြင့်
အခြားနိုင်ငံများနှင့် ပေါင်းစပ်သွားစေလိမ့်မည်ဟု ဆိုခဲ့သည်။
ကမ္ဘာ့ စီးပွါးရေး နယ်ပယ်မှ ထိပ်သီး စီးပွါးရေး ခေါင်းဆောင်များ၊ ပညာရှင်များနှင့် လူမှုရေး မူဝါဒ ချမှတ်သူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁,၀၀၀ ခန့်သည် မြန်မာနိုင်ငံသို့ လာရောက်၍ အရှေ့အာရှ ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို တက်ရောက်ကြမည် ဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်း၊ လူမှုအခွင့်အလမ်း များနှင့် ဒေသတွင်းတွင် စီးပွါးရေးဆိုင်ရာ စွန့်ဦးတီထွင်ခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးကြလိမ့် မည်ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ လူမျိုးစု ပဋိပက္ခများ ဆက်လက် ဖြစ်ပွါးနေသဖြင့် ထိုစီးပွါးရေးဖိုရမ်အား ဇွန်လတွင် ကျင်းပမည် ဆိုခြင်းသည် အချိန်ကာလာအားဖြင့် သင့်လျော်မှု ရှိမရှိ မဇ္ဈိမက မေးမြန်းခဲ့ရာ Palakurthi Rao က “ကျနော်တို့ အနေနဲ့ အဲဒီလို ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစား ကိုင်တွယ်မှာပါ” ဟု ဖြေကြားခဲ့သည်။
လူမျိုးစု ပဋိပက္ခများ အကြောင်း အပါအဝင် ခေါင်းစဉ် အမျိုးမျိုးကို ဖိုရမ်တွင် ဆွေးနွေးရန် အတွက်လည်း အကြံပေးအဖွဲ့ပေါင်း ၁၅ ခုကျော် ပါဝင်လိမ့်မည်ဟု ၎င်းက ဆိုသည်။
ထိုစီးပွါးရေး ဖိုရမ်အား ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ ထို့ပြင် ဇွန်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကမ္ဘာ့ လူငယ် ခေါင်းဆောင်များ နှစ်ပတ်လည် ထိပ်သီးညီလာခံ ကိုလည်း ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ရာ ကမ္ဘာ့ နိုင်ငံပေါင်း ၆၀ ကျော်မှ လူငယ်ခေါင်းဆောင် ၃၀၀ တက်ရောက် ဆွေးနွေးကြမည်
ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပရာ မြန်မာ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးအပေါ် အမြင်၊ ရင်းနှီးမြှုပ်နှံသူများ အပေါ် သတိပေးစကား၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၏ အရေးကြီးပုံနှင့် တိုင်းပြည်တွင်း ခြစားလာဘ်စားမှု တိုက်ဖျက်ရေး အထူး လိုအပ်နေခြင်း စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့ သည်။

mizzima
No comments:
Post a Comment