နိုင်ငံတကာရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု မြင့်တက်လာတာနဲ့ပတ်သက်ရင် စတော့ခ် ဟုမ်း ညီလာခံဟာကြီးကျယ်လှတဲ့ သမိုင်းမှတ်တိုင်ကြီး
ဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာတွေနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်း စောင့်ရှောက်မှုတွေ ကို နိုင်ငံတကာ အစိုးရအချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တော်မှန်သင့်မြတ်တဲ့ အရေးတယူ လုပ်ဆောင်မှုတွေ ကို အမှန်တကယ်
ဆောင်ရွက်လာအောင် ဖြစ်စေခဲ့တဲ့ ပထမဦးဆုံး ညီလာခံ တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။
ဂျွန်မက်ကော်မစ်ခ်ရဲ့ Reclaiming Paradise စာအုပ်မှ ကောက်နုတ်ဖော်ပြချက်
ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပထမဦးဆုံး ကုလသမဂ္ဂ ညီလာခံ တစ်ရပ်ကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပ ခဲ့ကြပါတယ်။ ဒါကြောင့် နှစ်စဉ် ဇွန်လ ၅ ရက်နေ့ တိုင်းကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် UNEP (United Nations Environment Programme) က ဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် ကျင်းပကြတာပါ။ ပထမဦးဆုံး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှာ စတင်ကျင်းပ နိုင်ခဲ့ ပါတယ်။
ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ FAO (Food and Agriculture Organization) ရဲ့ စစ်တမ်း ကောက်ယူမှု များအရ အစားအစာ မက်ထရစ် တန်ပေါင်း ၁ ဒသမ ၃ ဘီလီယံအထိ နှစ်စဉ် အလဟဿ ဖြစ်လျက်ရှိနေပါတယ်။ ဒီပမာဏဟာ အာဖရိကရဲ့ ဆာဟာရန် ပြည်နယ်တစ်ခုလုံး ကို လောက်ငစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူခုနစ်ယောက်မှာ တစ်ယောက်နှုန်းနဲ့ ငတ်မွတ် ဆာလောင်စွာ အိပ်ယာဝင်နေ ကြရပါတယ်။ ငါးနှစ်အောက် ကလေးငယ် ၂၀,၀၀၀ ကျော်ဟာ ဆာလောင်မှုကြောင့် နေ့စဉ် သေဆုံးနေကြရပါတယ်။ ဒီအချက်တွေကို အခြေခံ ပြီးတော့ ၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဦးတည်ဆောင်ပုဒ်ကို ‘တွေးပါ၊ စားပါ၊ ခြွေတာပါ’ လို့ ရွေးချယ် သတ်မှတ် ခဲ့ကြပါတယ်။ ဒီဦးတည် ဆောင်ပုဒ်က အစားအစာ ဖြုန်းတီးမှုကို ဆန့်ကျင်ပြီး လိုအပ်သမျှသာ ယူငင် သုံးစွဲဖို့ တိုက်တွန်း လိုက်တာပါ။ စားသုံးသူတွေ ရွေးချယ်တဲ့ အစားအစာတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အတွက် ဘယ်လို အဟန့်အတား ဖြစ်စေတယ် ဆိုတာကိုပါ သတိပြုစေတာပါ။
အခုလက်ရှိအချိန်မှာ ကမ္ဘာကြီးက လူပေါင်း ခုနစ်ဘီလီယံကို သူ့ရဲ့သယံဇာတ ရင်းမြစ်တွေ နဲ့ ကျွေးမွေး နေ ပါသေးတယ်။ (၂၀၅၀ ပြည့်နှစ်မှာ ကိုးဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်း ထားကြပါတယ်။) တစ်ကမ္ဘာလုံး အစားအစာ ထုတ်လုပ်မှုရဲ့ သုံးပုံ တစ်ပုံဟာလည်း အလဟဿ ဖြစ်နေဆဲလို့ FAO က ဆိုထားပါတယ်။ အစားအစာကို ဖြုန်းတီးတာဟာ အဲဒီအစားအစာကို စားပြီးရရှိလာမယ့် အားအင်နဲ့ ကမ္ဘာ့လုပ်အားကို ဖြုန်း တီးတာနဲ့ တူပါတယ်။
တစ်ကမ္ဘာလုံး အစားအစာ ထုတ်လုပ်မှုအတွက် ကုန်းမြေမှ ၂၅ ရာခိုင်နှုန်း၊ ရေချိုသုံးစွဲမှု ၇၀ ရာခိုင်နှုန်း၊ သစ်တောတွေမှ ၈၀ ရာခိုင်နှုန်းနဲ့ Greenhouse ဓာတ်ငွေ့ထုတ်လွှတ်မှု မှ ၃၀ ရာခိုင်နှုန်းအထိ ရယူသုံးစွဲလျက် ရှိပါတယ်။ ဒီကိစ္စဟာ သတ္တဝါများ မျိုးစိတ်ကွဲပြားမှုကို ဆုံးရှုံးစေခြင်းနဲ့ ကုန်းမြေအသုံးပြုမှု အတွက် တစ်ခုတည်းသော အကြီးမားဆုံး ထိန်းကျောင်းချက် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ‘မစားခင် စဉ်းစား တွေးခေါ်ပြီး ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ချွေတာဖို့ ကူညီ ပေးကြပါ’ ခင်ဗျာ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို အဓိကစိန်ခေါ်နေတဲ့ အချက်တွေက ရာသီဥတု ပြောင်း လဲမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခတွေ၊ အန္တရာယ်ရှိ အရာဝတ္ထုပစ္စည်းတွေ ၊ ဂေဟ စနစ် စီမံခန့်ခွဲမှုနဲ့ သယံဇာတ ရင်းမြစ်စွမ်းရည် ပြည့်ဝမှုတို့ပဲ ဖြစ်ပါတယ်။
ဒီလိုနေ့မှာ UNEP က Champions of the Earth ဆု၊ UNEP Sasakawa နဲ့ The Seeds Award ဆုတွေကို နှစ်စဉ်ချီးမြှင့် ပေးပါတယ်။
(လူသာမန်)
The Voice Weekly

No comments:
Post a Comment