မေလ ၂၃ ရက်က ရွာသွန်းခဲ့သော မိုးကြောင့် ရန်ကုန်မြို့တွင် ရေလျှံနေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
လက်ရှိအနေအထားအရ မိုးသည်းထန်လာလျှင် ရန်ကုန်မြို့ရှိလမ်းမများ ရေနစ်မြုပ်မှုမဖြစ်စေရန် လုပ် ဆောင်နိုင်ဦးမည်မဟုတ်ဘဲ လမ်းမပေါ်ရှိရေများ အမြန်ဆုံးပြန်ကျသွားနိုင်ရန်သာ လုပ်ဆောင် နိုင်သေး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိ သည်။
ရန်ကုန်မြို့ရှိလမ်းများ ရေ မြုပ်ခြင်း လုံးဝမဖြစ်စေရန်မှာ ဘတ်ဂျက်ငွေများစွာ သုံးရမည်ဖြစ်ပြီး မြစ်ရေ တက်ချိန်တွင် မဆင်းနိုင်သော ရေများကို သိုလှောင်ရန် ရေလှောင်ကန်များ တည်ဆောက်ရန် လိုအပ် မည်ဟု မြို့တော်စည်ပင် ရေကြီးရေလျှံ ပပျောက်ရေးကော်မတီ အကြီး တန်း အရာရှိတစ်ဦးက ပြောသည်။
‘‘ရန်ကုန်မှာ မိုးရွာတဲ့အချိန် ဘယ်လောက်မှမရှိပါဘူး။ သုံးမယ့် ငွေနဲ့ချိန်ဖို့လိုတယ်။ မိုးက အမြဲလိုရွာ ရင်တော့ ငွေကုန်ခံပြီး လုပ်ရမှာပေါ့။ မိုးတွင်းအချိန်ခဏပဲ ရေတက်တာပါ။ အခုလည်း ရေကျတာမြန် ပါတယ်’’ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင်း လမ်းမပေါ် မှ ရေများကျဆင်းရန်မှာ ရန်ကုန် မြစ်၊ ပဲခူးမြစ်အတွင်းသို့သာ ရေ ဆင်းနိုင်ပြီး အဆိုပါ မြစ်များ ရေ တက်နေချိန်နှင့် ကြုံပါက မြို့တွင်းလမ်းများ၌ ရေများ ပြန်ကျမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (အင်ဂျင်နီယာလမ်းတံတားဌာန) ဒုတိယဌာနမှူးက ပြောသည်။
‘‘လက်ရှိသုံးထားတဲ့ ရေကြီးရေလျှံပပျောက်ရေး စီမံချက်တွေကြောင့် အရင်တုန်းကလိုတော့ အကြာကြီး ရေတွေ တင်မနေတော့ပါဘူး။ ပြန်ကျတာမြန်ပါတယ်’’ဟု ၎င်းကပြောသည်။
မေလ ၂၃ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရန်ကုန် မြို့တွင်း လမ်းအများစု ရေကြီး ရေလျှံဖြစ် ပေါ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာများတွင်လည်း လမ်းမများရေနစ်မြုပ်နေသည့်ပုံကို ဓာတ်ပုံနှင့်တကွ ဖော်ပြလာကြသည်။
မြို့တွင်းလမ်းများ ရေနစ်မြုပ်မှုကြောင့်လည်း ရေကြီးရေလျှံစီမံချက်လုပ်ဆောင်နေသည့် မြို့ တော်စည် ပင်သာယာကို ဝေဖန်ခဲ့ ကြသည်။
ယခုနှစ်အတွက် ကျပ်ဘီလီ ယံတစ်ရာကျော်ဖြင့် ရေကြီးရေလျှံပပျောက်ရေး စီမံကိန်းများကို ဆောင်ရွက် နေဆဲဖြစ်ပြီး ဇန်န၀ါရီလကလည်း ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဗိုလ် တထောင်၊ ပန်းဘဲတန်း၊ ပုဇွန်တောင်မြို့နယ်များတွင် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် မြောင်းဖုံးခင်းခြင်း များအတွက် ကျပ် ၃ ဒသမ ၇ ဘီလီယံ သုံးစွဲခဲ့သည်။
‘‘အခုလုပ်တဲ့ စီမံကိန်းတွေကြောင့်လည်း ရေဆင်းတာ အရင်ကထက် မြန်တာပါ။ နေ့တောင်မကူးဘဲ ရေ တက်ပြီး ခဏအကြာရေပြန်ဆင်းသွားပါတယ်။ အရင်နှစ်တွေက ဒီလိုမဟုတ်ဘူးလေ’’ ဟု မြို့တော်စည်ပင် (အင်ဂျင်နီယာလမ်းတံတားဌာန) ဒုတိယဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။
ရေအမြန်ဆုံး ပြန်ကျသည်မှာ မှန်သော်လည်း ရေမမြုပ်စေရန် မလုပ်နိုင်ဆိုသည်ကို အံ့သြမိကြောင်း ကျောက်တံတားမြို့နယ်ရှိ ၀င်းလိုက်ထမင်းဆိုင်မှ ဒေါ်အေးဆွေညွန့်က ပြောသည်။
‘‘ရေခဏပဲတက်တက် သုံးမိနစ်ပဲတက်တက် တက်လာရင် ဒူးခေါင်းထိရောက်တယ်။ ရေမမြုပ်နိုင်အောင် မလုပ်နိုင်သေးဘူးဆိုတော့ ရေပြန်ကျသွားအောင် ထိုင်စောင့်ရမှာလား’’ဟု ၎င်းက ပြောသည်။
7Day DAILY
No comments:
Post a Comment