Monday, August 6, 2012

စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြန်မာ့နိုင်ငံရေး (ICG စာတမ်း)

from - မောက္ခမဂ္ဂဇင်း

၁။ နိဒါန်း
၂၀၀၁ မတ်လ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ ဆီမီးအရပ်သား အစိုးရသစ် တက်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အထီးကျန်ဖြစ်မှု အဆုံးသတ်ရေးနဲ့ မြန်မာ့စီးပွားရေး ဂလိုဘယ်စနစ်ထဲ ပူးပေါင်းနိုင်ရေးတို့အတွက် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှုများကို ရည်မှန်း ချက် အစီအစဉ်တွေချပြီး စတင်လုပ်ဆောင်လာပါတယ်။

အစိုးရသစ် အမွေဆက်ခံရရှိထားတာက ဆယ်စုနှစ်များစွာ အလွဲစီမံခန့်ခွဲခဲ့မှုတွေနဲ့ အနောက် စီးပွားရေးပိတ်ဆို့ခံရမှုတို့ကြောင့် ချည့်နဲ့ ယိုယွင်းနေတဲ့ စီးပွားရေး ဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ မြန်မာ့စီးပွားရေး ပေါ်လစီတွေက အခွင့်အလမ်းများစွာ လွဲချော်မှုတွေ ဖြစ်စေခဲ့ပါ တယ်။ မြန်မာကို ကမ္ဘာ့စီးပွားရေးကနေ လုံးလုံးလျားလျား အဆက်ဖြတ်ခဲ့ပြီး၊ နိုင်ငံအရွယ်အစားတူဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နိုင်ငံခြား ပို့ကုန် ၂၅ ဒေါ်လာဖိုး ရှိတိုင်းမှာ  မြန်မာ့ပို့ကုန်က ၁ ဒေါ်လာပဲ ရှိပါတယ်။
ပို့ကုန် မညီမျှမှုရဲ့ မူလအစဟာ ၁၉၄၈ ခုနှစ် တိုင်းပြည်လွတ်လပ်ရေး ရကတည်းဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ် အပျက်အစီးဒဏ်ရယ်၊ ကွန်မြူနစ်နဲ့ လူမျိုးစု ပုန်ကန်ထကြွမှုတွေရယ်ကြောင့် လွတ်လပ်ရေးရပြီးကာလ မြန်မာပြည်ဟာ ဖရိုဖရဲ တရွတ်ဆွဲနေခဲ့ပါတယ်။ အဓိက ပင်မစီးပွားရေးနှစ်ခုဖြစ်တဲ့ သဘာဝရင်းမြစ် ထုတ်ဖော်ခြင်းနဲ့ ဆန်စပါးထုတ်လုတ်ခြင်းဟာ ဆိုးဆိုးရွားရွားကျဆင်းခဲ့ပါတယ်။ ဗြိတိသျှ ကိုလိုနီလက်အောက် အိန္ဒိယရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ချိန် မြန်မာနိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်း ကို ဖွံဖြိုးအောင် မလုပ်နိုင်ခဲ့သလို၊ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဏာရခဲ့တဲ့ လူငယ်နိုင်ငံရေးသမားတွေကလည်း အင်စတီကျူး ရှင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ မရှိကြပါဘူး။  ဒါကြောင့် တိုင်းပြည်ဟာ ဘယ်တော့မှ နာလန်မထူနိုင်တဲ့ စီးပွားရေး နိုင်ငံရေး အကျပ်အတည်းအောက်မှာ လုံးချာလိုက်ခဲ့ရပါတယ်။
နိုင်ငံရေးအကျပ်အတည်းက ၁၉၆၂ မှာ စစ်အာဏာသိမ်းမှုကို ဦးတည်စေခဲ့ပြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေး ကောင်စီအောက် တိုင်းပြည် ထိုးရောက်သွားပါတယ်။ လွတ်လပ်စွာရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပြီး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာမဏ္ဍိုင်သုံးခုလုံး တစ်ဦးထဲလက်ထဲ ရောက်ခဲ့ရပါတယ်။ ပြင်ပဩဇာမှ အထီးကျန်ဖြစ်စေမယ့် ဆိုရှယ်လစ် နိုင်ငံတော် ဖန်တီးဖို့ ရည်ရွယ်ချက်နဲ့ စက်မှုလုပ်ငန်းအားလုံး နိုင်ငံပိုင်သိမ်းမှု အပါအ၀င် အစွန်းရောက် စီးပွားရေး လူမှုရေး မူဝါဒများကို ချမှတ်လုပ်ဆောင်ခဲ့ပါတယ်။
စီးပွားရေးအပေါ် အဲဒီအကျိုးသက်ရောက်မှုများက ဆိုးဝါးလှပါတယ်။ ၁၉၈၇ ခုနှစ်မှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်များ (LDC) အဆင့် လျှောက်ထားခဲ့တာကို ကုလသမဂ္ဂက လက်ခံအသိအမှတ်ပြုခဲ့ပါတယ်။ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုကြောင့် နိုင်ငံရေး မငြိမ်သက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ၁၉၈၇ ခုနှစ်မှာ ကြိုတင်သတိပေးမှုလည်းမရှိ ပေးလျော်ခြင်းလည်း မလုပ်ဘဲ ငွေစက္ကူ တွေ ဖျက်သိမ်းခဲ့ပါတယ်။ တိုင်းပြည်ငွေကြေး သုံးပုံနှစ်ပုံ တန်ဖိုးမဲ့သွားစေခဲ့ပြီး သန်းချီတဲ့လူထုရဲ့ စုဆောင်းမှု ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ အာဏာယူခဲ့တဲ့ စစ်အစိုးရက ယိုယွင်းပျက်စီးနေတဲ့ ဆိုရှယ်လစ်ခရီးကြမ်းကို အဆုံးသတ်ခဲ့ပြီး၊ ဈေးကွက်စီးပွားရေး ပြောင်းလဲဖို့ ညွန်ကြားခဲ့ပါတယ်။ စစ်အစိုးရက ဆိုရှယ်လစ် စီးပွားရေးမူဝါဒ တော်တော်များများကို ပြောင်းပြန်လှန်ခဲ့ပါတယ်။ ဒါပေမဲ့ အာရှဒေသတွင်းက စီးပွားရေး တံခါးဖွင့်ကျင့်သုံးတဲ့ အခြားအာဏာရှင်နိုင်ငံတွေလို တိုးတက်မှုနှုန်း မြင့်မားအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရမှာ အမြင်လည်းမရှိ လုပ်ငန်းနည်းနာဆိုင်ရာကျွမ်းကျင်မှုလည်းမရှိ ဖြစ်ခဲ့ပါတယ်။ ပုဂလိကကဏ္ဍကို တိုးချဲ့ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအချို့ ရှိသော်ငြားလည်း၊ အစိုးရအဖွဲ့ဝင်အများစုက နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံရာမှာ တံခါးပိတ်မူဝါဒကိုပဲ ဆက်လက် ကျင့်သုံးခဲ့ပါတယ်။ သူတို့ဟာ ဦးနေ၀င်းခေတ် အတွေးအမြင်မှာ ကပ်ညိဆဲဖြစ်ပြီး ခေတ်သစ်အုပ်ချုပ်ရေး အတွေ့အကြုံ မရှိကြပါဘူး။ သူတို့ဟာ အမိန့်ပေးစီးပွားရေး အလေ့အကျင့်တွေနဲ့ အသားကျနေမှုကနေ ဖောက်ထွက်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းကြီးမြင့်မှုက ပို့ကုန် ယာယီပိတ်ပင်မှုတွေ ဖြစ်စေခဲ့တယ်။ နိုင်ငံခြားငွေလဲလှယ်မှု မှောင်ခိုဈေးကွက်  အတက်အကျ ကို ငွေကြေးလဲစားသူတွေက ထိန်းချုပ်ကစားထားတယ်။ တရားမ၀င်ဈေးနှုန်းထဲ မူမမှန်တဲ့ ၀င်ရောက်စွက်ဖက်မှုတွေ ရှိလာတဲ့အခါ မျှော်မှန်းလို့မရတဲ့ အပြောင်းအလဲတွေ မှောင်ခိုဈေးကွက်မှာ အလျင်အမြန်ဖြစ်ပါတယ်။ ထိပ်ဆုံးအုပ်ချုပ်သူရဲ့ ခေါင်းဆောင်မှုစတိုင်က ဆွေးနွေးမှုတွေကို ပိတ်ပင်ထားပြီး၊ ခိုင်မာတဲ့ မူဝါဒအကောင်အထည်ဖော်မှုကို ဟန့်တားထားပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် နိုင်ငံအများအပြားက (အများစုက အနောက်မှဖြစ်) ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့ပြီး၊ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်းဆိုင်ရာဆက်ဆံမှု နိုင်ငံစုံ ဆိုင်ရာ ထိတွေဆက်ဆံမှုတွေကို ကန့်သတ်ခဲ့ကြပါတယ်။ အတိုက်အခံ NLD ပါတီ အနိုင်ရခဲ့ပြီး ရလာဒ်မပေါ်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ စီးပွားရေးပိတ်ဆို့မှုက ပိုမြင့်မားလာပါတယ်။  မြန်မာနိုင်ငံဟာ အနောက်နဲ့ ဂလိုဘယ် စီးပွားရေးမှ ပိုမို အထီးကျန်ခဲ့ပြီး၊ ပြင်ပ စီးပွားရေး နိုင်ငံရေး ဆက်ဆံမှုက တရုတ်နဲ့ ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေဘက် ပိုခြေဦးလှည့်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် အစိုးရသစ် အာဏာရယူချိန်မှာတော့ မြန်မာနိုင်ငံဟာ စီးပွားရေး အလွန်အမင်းကျဆင်းမှု၊ စက်မှုလုပ်ငန်းပိုင်း အဆင့် နိမ့်ကျမှု၊ တရားဝင်စီးပွားရေးမှာ အလုပ်အကိုင်ခန့်ထားခြင်းနည်းပါးမှု၊ ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍ ချိနည့်ယိုယွင်းမှုနဲ့ ဘက်ပေါင်းစုံမှာ ထိထိရောက်ရောက် မစွမ်းဆောင်နိုင်တွေကို တွေ့ကြုံရင်ဆိုင်နေရပါတယ်။
 ၂။ စီးပွားရေးအမွေဆိုး
(က) စက်မှုလုပ်ငန်း အဆင့်နိမ့်ကျမှု
စိုက်ပျိုးရေးက မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး အမြဲတမ်းဖြစ်လျက်ပါပဲ။ ၁၉၃၈ ဘဏ္ဍာရေးနှစ်မှာ စိုက်ပျိုးရေးက တိုင်းပြည်ဂျီဒီပီရဲ့ ၄၈ ရာခိုင်နှုန်း အချိုးအစားရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဂျီဒီပီ ကိန်းဂဏန်းတွေကိုကြည့်တော့လည်း စိုက်ပျိုးရေးက  ၄၃ ရာခိုင်နှုန်း အချိုးအစား ရှိနေပါတယ်။ ၁၉၃၈ ဘဏ္ဍာရေးနှစ်မှာ ကုန်ပစ္စည်းလေးမျိုးက ( ဆန်၊ တွင်းထွက်ပစ္စည်း၊ သစ်နဲ့ အခြားစိုက်ပျိုးရေး ထွက်ကုန်များ)  ပို့ကုန်အားလုံးရဲ့ လေးပုံသုံးပုံ အချိုးအစားရှိပါတယ်။ ၁၉၉၀ မှ ၁၉၉၉ အထိ ဆယ်စုနှစ်ကိုကြည့်ပြန်တော့လည်း အဲဒီ ပို့ကုန်လေးမျိုးက ဂျီဒီပီတန်ဖိုးအားဖြင့် ၇၀ ရာခိုင်နှုန်း အချိုးအစား (နယ်စပ်ကုန်သွယ်ရေး အပါအ၀င်) ရှိနေပါတယ်။
၁၉၉၉ ခုနှစ်နောက်ပိုင်း အထည်ချုပ်လုပ်ငန်းက အဓိက ထိပ်ဆုံးပို့ကုန်ပစ္စည်း (၃၀ ရာခိုင်နှုန်း) ဖြစ်လာပြီး၊ ၂၀၀၃ ခုနှစ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုက အထည်ချုပ်လုပ်ငန်းကို အဓိက ကျဆင်းမှု ဖြစ်စေခဲ့ပါတယ်။ နောက် ထူးခြားတဲ့ အပြောင်းအလဲကတော့ သဘာဝ ဓာတ်ငွေ့ပါ။ ၂၀၀၁ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့က ထိပ်ဆုံးပို့ကုန်ဖြစ်လာပြီး မကြာမီနှစ်တွေအထိ ပို့ကုန်ရဲ့ ၄၀ ရာခိုင်နှုန်း အချိုးအစား ရှိနေပါတယ်။ ဒါတွေကိုကြည့်ရင် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုက အလွန်နိမ့်ကျနေပါတယ်။ တိုင်းပြည်ရဲ့ ပေါကြွယ်ဝတဲ့ သဘာဝ ရင်းမြစ်တွေထဲ မည်သည့်ထပ်ဆင့်တန်ဖိုးမှ ပေါင်းထည့်နိုင်မှုမရှိသလို၊ အလုပ်အကိုင် ဖန်တီးမှုမှာလည်း အကန့်အသတ် ဖြစ်နေပါတယ်။
 (ခ) အားနည်းလွန်းလှတဲ့ ဘဏ္ဍာရေးကဏ္ဍ
၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးအကျပ်အတည်းကြီးတစ်ခုကို ကြုံတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က ပွင့်လင်းမြင်သာမှု အားနည်း ခြင်းကြောင့် ဘဏ္ဍာရေးမှာ ဘာတွေဘယ်လို စဖြစ်ခဲ့သလဲဆိုတာက မှုန်ဝါးဝါးပါပဲ။ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပုံရတာက ကုန်သွယ်ရေး လုပ်တဲ့ ကုမဏီအရေအတွက်တော်တော်များများ ပြိုလဲခြင်းကြောင့်ပါ။ အဲဒီကုမတွေက လူထုထံက အပ်ငွေယူထားပြီး (အမျိုးသားဥပဒေကို ချိုးဖောက်လျက်) အတိုးနှုန်း မြင့်မြင့်တွေ ပြန်ပေးနေတဲ့ အလွတ်သဘောဆောင်တဲ့ ငွေကြေး အကျိုးဆောင် လုပ်ငန်းတွေ လုပ်ပြကြပါတယ်။
အဲဒီကုမဏီတွေ စပြိုလဲတဲ့အခါမှာတော့၊ ဒီတုန်းက ပြည်တွင်းပုဂလိကဘဏ် အနည်းငယ်နဲ့ လက်တစ်ဆုပ်စာလောက်ရှိတဲ့ အစိုးရ ဘဏ်တွေ လက်ဝါးကြီးအုပ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကိုပါ ပြိုလဲမှုက အလျင်အမြန် ကူးဆက်သွားပါတယ်။ ဗဟိုဘဏ်က အချိန်မီ ထိထိရောက်ရောက် ၀င်ရောက်ဆောင်ရွက်မှုမရှိတာကြောင့် အကျိုးဆောင်ကုမဏီတွေ ထွက်ပြေးမှုတွေ ဖြစ်ခဲ့ပါတယ်။ အစိုးရကလည်း နောက်ကျပြီးမှ အပ်ငွေပြန်ထုတ်တာ၊ ချေးငွေနဲ့ အပေါင်စာချုပ်တွေ ပြန်ယူတာတွေကို ကန့်သတ်တားဆီးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
လက်တွေ့စီးပွားရေးအပေါ် ထင်ရှားတဲ့ အကျိုးသက်ရောက်မှုကတော့ ပုဂလိကဘဏ်တွေ ချိနည့်ကျန်ခဲ့ခြင်းပါပဲ။ ဘဏ်စနစ်အပေါ် လူထုရဲ့ယုံကြည်မှု ဆုံးရှုံးသွားခဲ့ပြီး အခုထိ အပြည့်အ၀ယုံကြည်မှု ပြန်မရနိုင်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား ပြီးရင် ကမ္ဘာမှာ ဘဏ်စာရင်းထားတဲ့ ခရက်ဒစ်စနစ် အသုံးပြုမှု ဒုတိယအနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ ခရက်ဒစ်စနစ်မသုံးခြင်းက စီးပွားရေး လုပ်ငန်း စတင်ဖို့နဲ့ ကြီးထွားဖို့ ခက်ခဲသလို၊ လယ်သမားတွေအတွက် သွင်းအားစုမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ စက်ယန္တယားပိုင်း တိုးတက်မှုရှိဖို့ ခက်ခဲစေပါတယ်။
ဘဏ်တွေဟာ သူတို့ဖောက်သည်တွေကို ၀န်ဆောင်မှုပေးဖို့ထက် ဘဏ်ပိုင်ရှင်အတွက် အကျိုးအမြတ်ထုတ်ယူဖို့ ကျဉ်းမြောင်းစွာ လုပ်ဆောင်ကြတာမို့၊ ဘဏ်လုပ်ငန်းက ဖောက်သည်ဆီက အမြတ်နှိုက်ယူ ညှစ်ယူတဲ့ အေးဓားပြလုပ်ငန်း ဖြစ်နေပါတယ်။ ဒါကြောင့် ငွေကြေးနဲ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာ အလျင်အမြန်လုပ်ဆောင်ရမယ့် အမျိုးသားရေး ဦးစားပေးလုပ်ငန်း ဖြစ်နေပါတယ်။
(ဂ) ယိုယွင်းပုံပျက်မှုနှင့် စွမ်းဆောင်ရည်ညံ့ဖျင်းမှု
မြန်မာစီးပွားရေး အဓိက ယိုယွင်းပုံပျက်မှုတွေထဲက တစ်ခုက မျိုးစုံဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းစနစ် ဖြစ်ပါတယ်။ အခုတော့ အဲဒါကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ကျပ်ငွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ SDR ငွေကြေးစနစ် (special drawing rights) နဲ့ ချိတ်ဆက်ထားပြီး၊ အမေရိကန်တစ်ဒေါ်လာကို တရားဝင်နှုန်း ၅ ကျပ်နဲ့ ၆ ကျပ် ရှိပါတယ်။ မကြာခင်နှစ်တွေမှာတော့ ဈေးကွက် ပေါက်ဈေး အဆ ၁၅၀ လောက် ရှိပြီး တစ်ဒေါ်လာကို ကျပ် ၈၀၀ နဲ့ ၁၀၀ ကြား ရှိပါတယ်။  
အစိုးရလုပ်ငန်း ပို့ကုန်တွေမှာ နိုင်ငံခြားငွေ ရောင်းလိုအား ကန့်သတ်မှုရှိနေတာရယ်၊ အလွန်အကျွံတန်ဖိုးသတ်မှတ်ထားတဲ့ တရားဝင် ငွေနှုန်းထားမှာ သွင်းကုန်အတွက် နိုင်ငံခြားငွေ ၀ယ်လိုအား မတင်းတိမ်နိုင်တာရယ်ကြောင့်၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုအောက်မှာ သွင်းကုန်တွေကို ခွဲတမ်းချစနစ်နဲ့ ကျင့်သုံးခဲ့ပါတယ်။ (Since the supply of foreign currency from public-sector exports was limited and demand for imports at the massively overvalued official rate was insatiable, public imports were rationed under a foreign exchange budget managed by the finance and revenue ministry.)
ပုဂလိကကဏ္ဍကုမဏီတွေအဖို့ သွင်းကုန်အတွက် နိုင်ငံခြားငွေရနိုင်မယ့် တစ်ခုထဲသော တရားဝင်နည်းလမ်းက သူတို့ကိုယ်ပိုင် ပို့ကုန် လုပ်ငန်း လုပ်ကိုင်ဖို့ ဖြစ်လာပါတယ်။ အဲဒါက ပို့ကုန်လုပ်ငန်းမရှိတဲ့ ကုမဏီတွေအဖို့ ပဲမျိုးစုံလို ဒေသထွက်ကုန်တွေ ၀ယ်ယူရတဲ့ အခြေအနေ ဖြစ်လာပြီး၊ သွင်းကုန်အတွက် နိုင်ငံခြားငွေရဖို့ ပဲတွေကို နိုင်ငံခြားပို့ရပါတယ်။ ကိစ္စတော်တော်များမှာ သွင်းကုန် ပို့ကုန် အကြား နိုင်ငံခြားငွေ ရောင်းလိုအား ၀ယ်လိုအား မျှစေဖို့ တရားမ၀င်ဈေးကွက်တွေကို အသုံးပြုခဲ့ကြရပါတယ်။
အဲဒီပုံပန်းပျက်နေတဲ့စနစ်က တိုင်းပြည်စီးပွားရေးကို အထိနာစေပါတယ်။ တရားဝင်နှုန်းထားနဲ့ ဈေးကွက်နှုန်းထားကြား ကြီးမားစွာ ကွာခြားခြင်း၊ ကူးသန်းရောင်းဝယ်ရေးမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းတို့က အဂတိလိုက်စားမှုနဲ့ ဘနဖူးသိုက်တူးတဲ့ အခွင့်အလမ်း သမားတွေအတွက် လမ်းဖွင့်ပေးနေပါတယ်။ ပုံပျက်နေတဲ့ ငွေကြေးလဲလှယ်မှုနှုန်းထားရဲ့ အကျိုးရလဒ်အဖြစ် အစိုးရကဏ္ဍ သွင်းကုန်တွေ အပေါ် ကြီးမားတဲ့အမတော်ကြေးတွေက လူထုအတွက် ထုတ်ကုန်ပစ္စည်း ဈေးမြင့်မှု ဖြစ်လာစေပါတယ်။
ပုံပျက်နေတဲ့ ငွေကြေးနှုန်းထားက နိုင်ငံပိုင်လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုနဲ့ ဖြုန်းတီးမှုတို့ကို ဖြစ်ပေါ်စပြီး စရိတ်စက မြင့်မားစေ ပါတယ်။ အဲဒီစနစ်ဟာ အမျိုးသားစီးပွားရေးကို တရွတ်ဆွဲနေစေပြီး၊ ကုန်သွယ်ရေး အကန့်အသတ်ဖြစ်မှုနဲ့ ဂျီဒီပီ တိုးတက်မှုကို ဆွဲချထား ပါတယ်။ မှန်းဆရခက် အငွေ့ပျံလွယ်တဲ့ ဈေးကွက်ငွေကြေးဖလှယ်မှုနှုန်းထားက ယုံကြည်မှုတွေ အားနည်းသွားစေပြီး၊ စီးပွားရေး လုပ်ငန်းလုပ်ရာမှာ ကုန်ကျစရိတ်တွေ နောက်ထပ်မြင့်မားစေပါတယ်။
မြန်မာဟာ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းစတင်ဖို့ ဈေးအကြီးဆုံးနေရာလို့ နာမည်ကြီးပါတယ်။ အဲဒီနောက်ကွယ်အကြောင်းတရားက အစိုးရ ထိန်းချုပ်မှုနဲ့ ကြိုးနီစနစ်အလွန်အကျွံရှိနေပြီး၊ စီးပွားရေးတိုးတက်မှုကို နောက်ပြန်ဆွဲချမယ့် ပုံပန်းပျက်မှုတွေ၊ ထိထိရောက်ရောက် မစွမ်းဆောင်မှုတွေကို ဖြစ်စေပါတယ်။ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက မရှင်းလင်းဘဲ ရှုပ်ထွေးပြီး၊ ပွင့်လင်းမြင်သာမှုမရှိသော ရှေ့နောက်မညီသော နည်းလမ်းတွေနဲ့သာ အသုံးပြုနိုင်ပါတယ်။ ပို့ကုန် သွင်းကုန် အများစုအတွက် လိုအပ်တဲ့ ခွင့်ပြုချက်ပါမစ်တွေက ရရှိနိုင်ဖို့ ခက်ခဲပြီး ကုန်ကျစရိတ် များပါတယ်။ အဲဒီအဟန့်အတားတွေကို ခရိုနီတွေအတွက် အခွင့်အလမ်းပေါ်ထွက်စေပါတယ်။
မျက်နှာသာပေးထားတဲ့ ကုမဏီတွေကိုပဲ လိုင်စင်တွေ ပါမစ်တွေ ဖြန့်ဝေပေးတဲ့ အစိုးရဟောင်းရဲ့ အလေ့အကျင့်တွေက လုပ်ငန်းကဏ္ဍ အများစုမှာ  တရားမျှတစွာ ပြိုင်ဆိုင်မှုမှာ ကန့်သတ်မှုဖြစ်စေပြီး။ တစ်ဖက်သတ်အကျိုးအမြတ်ရတဲ့ မိုနိုပိုလီတွေကို ထူထောင်ပေးမှု ဖြစ်စေပါတယ်။ စီးပွားရေးကဏ္ဍ တော်တော်များများမှာ ခရိုနီလုပ်ငန်းများ လွှမ်းမိုးလာပြီး၊ စားသုံးသူနဲ့ လုပ်ငန်းတွေ အတွက် ကုန်ကျ စရိတ်မြင့်မားမှုတွေ ဖြစ်လာပါတယ်။
မကြာခင်က ကားဈေးနဲ့ မိုဘိုင်းတယ်လီဖုန်း ဈေးတွေ အဆမတန်ဖောင်းပွခဲ့ပြီး၊ စုတ်ပြတ်နေတဲ့ ကားအိုကားဟောင်းတွေတောင် ဈေးကွက်မှာ ဒေါ်လာ သောင်းသိန်းချီတန်ကြေးပေါက်ခဲ့ပါတယ်။ မိုလ်ဘိုင်းဖုန်း SIM ကဒ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ တန်ကြေး ဘယ်လောက်မှ မရှိပေမဲ့၊ မြန်မာပြည်မှာ ဒေါ်လာ ထောင်ကျော် ရှိပါတယ်။
အခြားအချက်အလက်တွေကလည်း စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကောင်း မဖြစ်အောင် ဟန့်တားထားပါတယ်။ အဲဒီအထဲမှာ စာချုပ် စာတမ်းချုပ်တွေ အသက်ဝင်စေဖို့ ခက်ခဲတဲ့ ချိနည့်တဲ့ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု ပြန့်နှံ့ခြင်း၊ ကုန်ထုတ်လုပ်မှုမှာ လိုအပ်နေ တဲ့ ပစ္စည်းကရိယာသစ်တွေ တင်သွင်းဖို့ ဈေးနှုန်းမြင့်မားခြင်း၊ လမ်းတံတားနဲ့ အရန်အဆောက်အအုံ ညံ့ဖျင်းမှုကြောင့် ကုန်ကျစရိတ် မတန်တဆများခြင်း၊ လမ်းတံတားဖြတ်သန်းခ မြင့်မားခြင်း၊ ယဉ်အိုယဉ်ဟောင်းတွေကိုသာ အသုံးပြုနေရခြင်းနဲ့ အခြေခံ အကျဆုံးဖြစ်တဲ့ လျှပ်စစ်မီး အလုံအလောက်မရခြင်း တို့တွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အခွန်ကောက်ယူနိုင်စွမ်း အားနည်းတဲ့  အင်မတန်ကို ရှုပ်ထွေးပြီး ခေတ်နောက်ကျနေတဲ့ အခွန်စနစ် ရှိပါတယ်။
(ဆက်လက်ဖော်ပြပါမယ်)
international crisis group - ICG စာတမ်း

No comments:

Post a Comment