လွန်ခဲ့သည့်သုံးနှစ်ကျော်က အစိုးရသစ်၏ ကားတင်သွင်းခွင့်မူဝါဒသစ်
ထုတ်ပြန်ပြီးနောက် မြန်မာ ပရိသတ်အကြိုက် ဂျပန်ကားအများစုကို
တင်သွင်းလာကြပြီး ပြည်တွင်းဈေးကွက်တွင် အစားထိုးနေရာ ယူထားကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင်လူဦးရေ တစ်သိန်းလျှင် ကားသုံးစီးဝယ်စီးနိုင်သည့် အခြေအနေမှ ယခု လူဦးရေတစ်သိန်းလျှင် ကား ၁၀ စီး ၀ယ်စီးနိုင်သည့် ခေတ်သို့ရောက်ရှိလာပြီဖြစ်သည်။
ဂျပန်တစ်ပတ်ရစ်လေလံဈေးကွက်မှ အလုံးအရင်းဖြင့် တင်သွင်းလာချိန်တွင် အများစုက ဈေးသက်သာသည့် သက်တမ်းလွန်ကားများထဲမှ အပြစ်အနာအဆာ အများဆုံးကားများ ဖြစ်လာသည်။ မူလက မောင်းနှင် ထားသည့် ကီလိုများကိုပင်လျှော့၍ မြန်မာနိုင်ငံ ကားဈေးကွက်သို့ အလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းကို အစိုးရက လျစ်လျူရှုထားကြောင်း ပြည်တွင်းကားအရောင်းပြခန်းပိုင်ရှင်များက ဝေဖန်လိုက်သည်။
‘‘မြန်မာနိုင်ငံက ဂျပန်ကားအမှိုက်ပုံလိုဖြစ်နေပြီ’’ဟု ရောင်နီဦးကားအရောင်းပြခန်းပိုင်ရှင် ဦးအောင်ဝင်းက ဆိုသည်။