Wednesday, March 5, 2014

ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသ၌ သစ်များ အလုံးအရင်း ခိုးထုတ်ဟုဆို

ထိုင်း-မြန်မာ နယ်စပ်ရှိ တနင်္သာရီတိုင်း ဒေသကြီး အတွင်း မောတောင်ဒေသတွင် ထိုင်းနိုင်ငံသို့ တရားမဝင်သစ်များ အလုံးအရင်း ခိုးထုတ်နေသည်ဟု မောတောင်ဒေသမှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငွေခုနစ်သိန်းပါ စုဘူးကို အိမ်နီးချင်းက ခိုးယူ

လှိုင်သာယာမြို့နယ်တွင် ငွေကျပ်ခုနစ်သိန်းပါ ပိုက်ဆံစုဘူး ခိုးယူခံရမှုကို မတ် ၃ ရက်တွင် အမှုဖွင့်ဖော် ထုတ်လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မန်ချက်စတာယူနိုက်တက်၏ ပရီးမီးယားလိဂ်ဖလား ရန်ကုန်ရောက်၊ ပြည်သူများကြည့်ရှုခွင့် ကန့်သတ်

အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆုဖလားအကြိမ် ၂၀ ရယူထားနိုင်သည့် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ဘာကလေ ပရီးမီးယားလိဂ် ဖလားကို DHL ကုမ္ပဏီ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သော်လည်း ပြည်သူအများစု ကြည့်ရှုခွင့်ကို ကန့်သတ်ထားခဲ့သည်။

တိုင်းရင်းသား မီဒီယာညီလာခံ တောင်ကြီးမြို့မှာ စတင်ကျင်းပ

Photo: တိုင်းရင်းသား မီဒီယာညီလာခံ တောင်ကြီးမြို့မှာ စတင်ကျင်းပ
Wednesday, March 5, 2014

တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်းမီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

၃ ရက်ကြာကျင်းပမယ့် ညီလာခံကနေ တိုင်းရင်းသားဒေသတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ တိုင်းရင်းသား သတင်းမီဒီယာကွန်ရက်ကို ဖွဲ့စည်းသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကရင်သတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းဖောဂေက ပြောပါတယ်။

"မီဒီယာအခန်းကဏ္ဍမှာဆိုလို့ရှိရင် တိုင်းရင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့က ဒီညီလာခံကို လုပ်ခဲ့တာပေါ့နော်၊ တိုင်းရင်းမီဒီယာကွန်ရက်ပေါ့နော်၊ ဒီကွန်ရက်လေး ဖြစ်လာဖို့အတွက် ကျမတို့ ဘယ်လိုပုံစံမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းထားမလဲ၊ ဘယ်လိုမျိုး ဗျူဟာမျိုးရေးဆွဲပြီးတော့ အကောင်အထည်ဖော်သွားမလဲဆိုတာမျိုးကို ရည်ရွယ်ပါတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်နေတဲ့ ဒေသတွေဟာလည်း တိုင်းရင်းသားဒေသတွေပဲ အများစုဖြစ်နေတဲ့အခါကျတော့ ဒီကာလမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဝင်လာစရာတွေ အများကြီးရှိတယ်ဆိုတော့ အဲဒီအခြေအနေတွေကိုလည်း ကျမတို့က တတ်နိုင်သလောက် ရေးသားဖော်ထုတ်သွားမည့် အပိုင်းလေးတွေကိုလည်း လုပ်ဆောင်နေတာရှိပါတယ်"

အဲ့ဒီညီလာခံကို Burma News International (BNI) ၊ သျှမ်းသံတော်ဆင့်နဲ့ ရိုးမအလင်းလူမှုကွန်ရက် (တောင်ကြီး)တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့နှစ် ဧပြီလက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်သမတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား သတင်းမီဒီယာတွေကို ပြည်တွင်းမှာ ရပ်တည်ခွင့်ပြုလိုက်ပြီးကတည်းက တိုင်းရင်းသား မီဒီယာတွေဟာ သက်ဆိုင်ရာ ချင်း၊ မွန်၊ ကယား စတဲ့ ဘာသာစကားတွေနဲ့ ဂျာနယ်တွေ ထုတ်ဝေနေပါတယ်။

RFA Burmese
တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်း မီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

မြန်မာ့လေကြောင်း၏ ခရီးစဉ်လက်မှတ်များ မတ်လဆန်းမှ စ၍ ရန်ကုန်လေဆိပ်တွင် ရောင်းချမည်

Photo: မြန်မာ့လေကြောင်း၏ ခရီးစဉ်လက်မှတ်များ မတ်လဆန်းမှ စ၍ ရန်ကုန်လေဆိပ်တွင် ရောင်းချမည်
Wednesday, March 5, 2014

ပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်း၏ ပြည်တွင်းခရီးစဉ် လက်မှတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လဆန်းပိုင်းမှ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့လေကြောင်းလိုင်း (ရုံးချုပ်) တွင်သာမက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပါ ရောင်းချပေးခြင်းသည် ခရီးသွားများ အဆင်ပြေစွာ ခရီး သွားလာနိုင်ရန်နှင့် ပြည်တွင်းခရီးစဉ် ဆက်လက် သွားမည့် ပြည်ပ ခရီးသွားများ ရန်ကုန်ရုံးချုပ်သို့ လာရောက်ရန် မလိုဘဲ လေဆိပ်တွင်ပင် ကြိုတင်လက်မှတ် ဝယ်ယူနိုင်ရန် အတွက်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန သတင်းတာဝန်ခံ ဦးတင်မောင်က ပြောကြားသည်။
“တစ်ရက်ကြိုရော နှစ်ရက်ကြိုရော ဝယ်လို့ရတယ်။ လူကိုယ်တိုင်ရော ဖုန်းဆက် ပြီးတော့ပါ ဝယ်လို့ရတယ်” ဟု ၄င်းက ဆိုသည်။

မြန်မာ့ လေကြောင်းသည် Fokker Friendship F-28 တစ်စင်း၊ ATR-42 တစ်စင်း၊ ATR-72 သုံးစင်း၊ MA-60 တစ်စင်း၊ Embraer 190 AR နှစ်စင်း၊ Cessna Caravan EX နှစ်စင်းနှင့် Beech 1900 Dီ နှစ်စင်းတို့ဖြင့် ပြည်တွင်းခရီးစဉ် ၂၆ ခုကို ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့ လေကြောင်းလိုင်း၏ တရားဝင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

The Voice Weekly
ပို့ဆောင်ရေး ဝန်ကြီးဌာနပိုင် ပြည်တွင်းခရီးစဉ်များ ပြေးဆွဲနေသော မြန်မာ့လေကြောင်းလိုင်း၏ ပြည်တွင်း ခရီးစဉ် လက်မှတ်များကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတ်လဆန်းပိုင်းမှ စတင် ရောင်း ချပေးမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောကြားသည်။

ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်

Photo: ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်
Wednesday, March 5, 2014

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ လူမှောင်ခိုမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ရိုးလုပ်စဉ် သဘောမျိုး ကျူးလွန်နေပြီး ဥပဒေအရ အကာအကွယ် ပေးမှုတွေမှာလည်း အားနည်းနေတဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Environmental Justice Foundation အဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ ငါးဖမ်းလုပ်ငန်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် အပြင်းအထန် ကြိုးစားနေတဲ့အကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ လူမှောင်ခိုကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို တနင်္လာနေ့ကပဲ ထိုင်းအာဏာပိုင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်း ကယ်တင်ခဲ့ရတဲ့အကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၅ နှစ်နဲ့အထက် အမျိုးသား ၆ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း Kantang ခရိုင်က ဆိပ်ကမ်းမှာ ရပ်ထားတဲ့ စက်လှေပေါ်မှာ တနင်္လာနေ့ညပိုင်းကပဲ ကယ်တင်ခဲ့ကြတာပါ။ Environmental Justice Foundation ရဲ့ အစီရင်ခံစာမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများဆုံး ၈ လလောက်အထိ လုပ်ခလစာမရဘဲ အလုပ်ခိုင်းစေခံရလေ့ရှိတယ်လို့ ဖော်ပြပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းကို အရေးယူတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အစီအစဉ်တွေ ချမှတ်သင့်တယ်လို့လည်း အစီရင်ခံစာ ထုတ်ပြန်သူတွေက တိုက်တွန်းခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။

တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင်

Photo: တိုးတောင်းမယ့် ကန်အသုံးစရိတ်ထဲ မြန်မာကို ကူဖို့ပါဝင်
Wednesday, March 5, 2014

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းမယ့် ၂၀၁၅ ခုနှစ်အတွက် အစိုးရအဖွဲ့ ဘဏ္ဍာငွေ အသုံးစရိတ် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုပြု လျာထားချက်လည်း ပါဝင်ပါတယ်။

အစိုးရအဖွဲ့တခုလုံး အသုံးစရိတ်ထဲ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID တို့အတွက် အဆိုပြုအသုံးစရိတ်ကို လက်ရှိ ဘဏ္ဍာနှစ်ကထက် ၈% တိုးပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁,၄၀၀ ခွင့်ပြုဖို့ တင်ပြထားပါတယ်။

အခုလို တိုးပြီးတင်ပြထားတဲ့ အသုံးစရိတ်ထဲက တစိတ်တပိုင်းဟာ မြန်မာနိုင်ငံက အစိုးရအဖွဲ့သစ်ကို ကူညီထောက်ပံ့ဖို့ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတဦးက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုခေါင်းစဉ်တွေနဲ့ ကူညီမယ်ဆိုတာနဲ့ ရန်ပုံငွေပမာဏ ဘယ်လောက် အကူအညီ ပေးမယ်ဆိုတာကိုတော့ အတိအကျ ပြောမသွားပါဘူး။

၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်ဖြစ်ပြီး ရွေးကောက်ပွဲတွေပြီးတဲ့နောက် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာဖွယ် ရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ကွန်ဂရက်လွှတ်တော်ဆီ တင်သွင်းမယ့် ၂၀၁၅ ခုနှစ်အတွက် အစိုးရအဖွဲ့ ဘဏ္ဍာငွေ အသုံးစရိတ် အဆိုပြုချက်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆိုပြု လျာထားချက်လည်း ပါဝင်ပါတယ်။

NNER ကို ဖိတ်ကြားချက် ပညာရေးဝန်ကြီးဌာန ပြန်ရုတ်သိမ်း

Photo: NNER ကို ဖိတ်ကြားချက် ပညာရေးဝန်ကြီးဌာန ပြန်ရုတ်သိမ်း
Wednesday, March 5, 2014

ပညာရေးဝန်ကြီးဌာက နေပြည်တော်မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆွေးနွေးပွဲ” ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားထားခဲ့ပြီးမှ အဲဒီဖိတ်ကြားမှုကို မနေ့က ပယ်ဖျက်လိုက်ပါတယ်။

အဲဒီလို ဖိတ်ကြားပြီးမှ ပယ်ဖျက်လိုက်တာဟာ တိုင်းရင်းသားဒေသက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေကိစ္စ အဲ့ဒီဆွေးနွေးပွဲမှာ ဆွေးနွေးမှာစိုးရိမ်တာကြောင့်သာ ဖြစ်တယ်လို့ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အာသောကဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

"အစိုးရဘက်က ပြုပြင်ပြောင်းလဲမှုဆိုတာ ဗဟိုချုပ်ကိုင်မှုအောက်မှာပဲ တစ်စစီ ဟိုနည်းနည်း ဒီနည်းနည်း ပြင်ဖို့လောက်ပဲ စိတ်ကူးရှိတယ်၊ အစိုးရသွားချင်တဲ့လမ်းက သူတို့ ဗဟိုချုပ်ကိုင်မှုကို မလျော့ဘူး၊ တိုင်းရင်းသားတွေရဲ့ လွတ်လပ်ခွင့်၊ ဆရာတွေရဲ့ လွတ်လပ်ခွင့်၊ ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်တွေကို သူတို့ခွင့်ပြုမထားဘူး၊ ကျနော်တို့ အဲဒီအချက်တွေ ဝေဖန်ထောက်ပြတယ်၊ အစိုးရက ကျနော်တို့ကို ငြင်းပယ်တာလည်း အဲဒီအချက်ဖြစ်မယ်ထင်တယ်၊ လက်ရှိအစိုးရအဖွဲ့ လုပ်နေတာတော့ ယုံကြည်စရာကို မရှိတော့ဘူး၊ သူတို့ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်ရွက်ပုံ၊ သူတို့ရဲ့အတွေးအခေါ်က ယုံကြည်စရာမရှိဘူး၊ ဒီအစိုးရသက်တမ်းမှာတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုတာကို မမျှော်လင့်ဘူး"

လာမယ့် မတ်လ ၅ ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးက NNER အဖွဲ့ တက်ရောက်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက တယ်လီဖုန်းနဲ့ ဖိတ်ကြားခဲ့တာဖြစ်ပေမယ့် မနေ့က အဲဒီညွှန်ကြားရေးမှူးက သူ့အနေနဲ့ ဖိတ်ကြားခွင့်မရှိကြောင်းနဲ့ NNER ဘက်မှ နားလည်မှုလွဲကြောင်း ပြောဆိုပြီး ဖိတ်ကြားမှုကို ဖျက်သိမ်းလိုက်တယ်လို့ NNER ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

သမ္မတဦးသိန်းစိန် တက်ရောက်မယ့် နေပြည်တော် အမျိုးသားအဆင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို တစ်နိုင်ငံလုံးမှာရှိတဲ့ NNER အဖွဲ့ဝင် ၁၅၀ ကျော်တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး တချို့အဖွဲ့ဝင်တွေ နေပြည်တော်ကို ရောက်ရှိနေပြီလို့လည်း NNER အဖွဲ့ကပြောပါတယ်။

RFA Burmese
ပညာရေးဝန်ကြီးဌာက နေပြည်တော်မှာ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင် ပြောင်းလဲမှုဆွေးနွေးပွဲ” ကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားထားခဲ့ပြီးမှ အဲဒီဖိတ်ကြားမှုကို မနေ့က ပယ်ဖျက်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ

Photo: မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ ၁ ဒသမ ၄ သန်းကျော်ရှိ
Wednesday, March 5, 2014

ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ Facebook Account ဖွင့်ထားတဲ့သူ အရေအတွက်က လက်ရှိမှာ ၁ ဒသမ ၄ သန်းကျော်အထိ ရှိနေပါပြီ။ အဲဒီထဲကမှ ၁ ဒသမ ၁ သန်းက မိုဘိုင်းလ် ဖုန်းတွေကနေတစ်ဆင့် သုံးစွဲကြတာပါ” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာမီ ပိုမိုကောင်းမွန်သော အင်တာနက် ဝန်ဆောင်မှုများ သုံးစွဲနိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း Facebook သုံးစွဲသူ အရေအတွက် ပိုမို တိုးပွားလာရန်လည်း Facebook APAC က မျှော်မှန်းထားသည်။

အင်တာနက်နှင့် မိုဘိုင်းလ်ဖုန်း သုံးစွဲသူများသည့် မြို့ကြီးများတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပြီး အားလုံးနီးပါး Facebook သုံးစွဲကြကာ ရေရှည်တွင် မိုဘိုင်းလ်ဖုန်း SIM Card နှင့် Handset ဈေးနှုန်းများ ပိုမိုသက်သာလာပါက Facebook သုံးစွဲသူ အရေအတွက် ပိုမိုလာမည်ဟု ပြည်တွင်းရှိ နည်းပညာဆိုင်ရာ ပညာရှင်များက ခန့်မှန်းထားသည်။

Facebook က မြန်မာပြည်မှာ အသုံးအများဆုံး Social Network ပါပဲ။ အများစုက လူငယ်တွေပါ။ င်္ Facebook ကိုယ်တိုင်က Facebook For Business လို့ဆိုထားတော့ ဒီက လူငယ်တွေလည်း ဒီ Social Network ပေါ်ကနေ အခွင့်အလမ်းတွေ ရှာသင့်တယ်။ အခုနောက်ပိုင်းတော့ Online Shopping Page လိုဟာလေးတွေတော့ တွေ့လာနေရပါပြီ” ဟု ကွန်ပျူတာ ပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

လူဦးရေသန်း ၆၀ ဝန်းကျင်ရှိသော မြန်မာနိုင်ငံအတွင်း လက်ရှိ Internet Penetration (စုစုပေါင်း အင်တာနက် သုံးစွဲသူအချိုး) မှာမူ တစ်ရာခိုင်နှုန်းနှင့် တယ်လီဖုန်း သုံးစွဲသူပမာဏမှာ ဆယ့်တစ် ရာခိုင်နှုန်း ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရှိရသည်။

တစ်ကမ္ဘာလုံးရှိ လူဦးရေ ၇ ဒသမ ၈ ဘီလီယံ၏ သုံးပုံတစ်ပုံမှာ အင်တာနက် သုံးစွဲကြပြီး Facebook သုံးစွဲသူ အရေအတွက်မှာမူ ၁ ဒသမ ၂၂၈ ဘီလီယံအထိ ရှိနေကာ အာရှ၊ ပစိဖိတ် ဒေသအတွင်း သုံးစွဲသူ ၃၅၁ သန်းအထိ ရှိကြောင်း Facebook Inc က ထုတ်ပြန်ထားသည်။

The Voice Weekly
ကမ္ဘာတွင် အောင်မြင်နေပြီး မြန်မာနိုင်ငံတွင်လည်း လူသုံးအများဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ကို ပြည်တွင်းသုံးစွဲသူ ၁ ဒသမ ၄ သန်းကျော် ရှိနေကြောင်း Facebook APAC မှ နည်းပညာဌာန အကြီးအကဲဖြစ်သူ Mr. Paul Webster က ပြောကြားသည်။

တောင်ငူတက္ကသိုလ် တတိယနှစ်ဥပဒေအထူးပြုကျောင်းသူတစ်ဦး ယာဉ်တိုက်ခံရ၍သေဆုံး

Photo
တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာ ထီးလှိုင်ကွန်ကရစ်လမ်းနှင့် ကျုံးပတ်လမ်းဆုံ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ တောင်ငူ တက္ကသိုလ်တွင် တက်ရောက်နေသော တတိယနှစ် ဥပဒေအထူးပြု ကျောင်းသူ တစ်ဦး သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ရေအရင်းအမြစ်များ ပျက်စီးပြီး ရေပိုမိုခက်ခဲလာ

Photo: ဖားကန့်ဒေသတွင် ရေအရင်းအမြစ်များ ပျက်စီးပြီး ရေပိုမိုခက်ခဲလာ
Wednesday, March 5, 2014

ဖားကန့်မြို့တွင် ရေထွက်သည့် တောင်များအား တူးဖောက်လိုက်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ရေအရင်းအမြစ် ရှားပါးလာပြီး ယခုအချိန်တွင် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

 ‘‘ရေအရမ်းခက်တယ်။ တစ်ပုံးရဖို့ အကြာကြီးစောင့်ရတယ်။ ပိုက်ဆံရှိတဲ့သူတွေတော့ ၀ယ်သုံးကြတယ်။ တစ်ပီပါကို ၃၀၀၀ ပေးပြီး ၀ယ်ရတယ်။ ဖားကန့်မြို့ဆို အပြင်ထွက်တာနဲ့ ဖုံတွေချည်းပဲ။ အိမ်ပြန်လာပြီး ရေချိုးမယ်လုပ်လည်း ရေမရှိဘူး။ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်’’ဟု ဖားကန့်မြို့ဒေသခံ ကိုဆိုင်းအောင်က ဆိုသည်။
         
ဖားကန့်ဒေသခံများသည် သောက်ရေအဖြစ် ရေသန့်ဝယ်ယူသုံးစွဲကာ သုံးရေများကို တစ်ပီပါလျှင် ကျပ် ၃၀၀၀ ပေး၍ ၀ယ်ယူသုံးစွဲနေကြရသည်။
         
ယခုကဲ့သို့ ဖားကန့်မြို့ ရေရှားပါးလာသည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဖားကန့်မြို့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတစ်ဦးကဆိုသည်။ ယခင်က တောင်ကျရေများကျသည့် တောင်များကို အကုန် တူးလိုက်သည့်အတွက် ယခုကဲ့သို့ ရေရှားပါးလာခြင်းဖြစ်ကြောင်း သင်းအုပ်ဆရာက ဆက်လက်ပြောကြားသည်။
         
ဖားကန့်မြို့နယ်ရှိ ဒေသခံများသည် ယခင်က ဥရုချောင်းရေကို အသုံးပြုလျက်ရှိသော်လည်း ယခုအချိန်တွင် ထိုချောင်းရေမှာ ညစ်ပတ်နေသည့်အတွက် အသုံးပြု၍မရတော့ဘဲရှိသည်။
         
ဖားကန့်မြို့တွင် ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံအနှံ့မှ ကျောက်တူးသမားများ လူဦးရေ စုစုပေါင်း (၂) သိန်းခန့် နေထိုင်လျက်ရှိသည်။

Author: အောင်ခိုင် / မရန်
7day Daily
ဖားကန့်မြို့တွင် ရေထွက်သည့် တောင်များအား တူးဖောက်လိုက်သည့်အတွက် တစ်နှစ်ထက် တစ်နှစ် ရေအရင်းအမြစ် ရှားပါးလာပြီး ယခုအချိန်တွင် သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

မုံရွာမြို့နယ်တွင် ဆိုင်ကယ်စီးလာသူ လူတစ်ဦး ဓားဖြင့် ၂၁ ချက်ခုတ်ခံရသဖြင့် သေဆုံး (ထိတ်လန့် တက်သူများ နှလုံးရောအခံရှိသူများ သတင်းအပြည့်စုံနှင့် ဓါတ်ပုံ မကြည့်ရန် သတိပေးအပ်ပါသည်။ )

ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့ ပါဝင်သော တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း ထုတ်ပြန်

Photo: ဆင်းရဲမွဲတေမှု လျှော့ချရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့ ပါဝင်သော တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်း ထုတ်ပြန်
Wednesday, March 5, 2014

တတိယအကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို မတ် ၄ ရက်က နေပြည်တော်ရှိ  MICC ခန်းမ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် ဘင်းမ်စတက် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာစာတမ်းထုတ်ပြန်သည့် အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ သီရိလင်္ကာနိုင်ငံမှ သမ္မတ မစ္စတာမဟိန္ဒာရာဂျပက်ဆာ၊ နီပေါနိုင်ငံမှ ၀န်ကြီးချုပ် မစ္စတာဆူရှီးကွိုင်ရာလာ၊ ဘူတန်နိုင်ငံမှဝန်ကြီးချုပ် တီရှားရင်းတော့ဂေး၊ ထိုင်းနိုင်ငံမှ အမြဲတမ်းအတွင်းဝန် Mr.SihasakPhuangketkeow နှင့် မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်တို့ တက်ရောက်ခဲ့ပြီး စာတမ်းအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အဆိုပါကြေညာစာတမ်းအရ ၁၉၉၇ ခုနှစ် Bangkok Declaration တွင် ချမှတ်ခဲ့သည့် ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ရန် ထပ်လောင်းအတည်ပြုလိုက်ခြင်း၊ ၂၀၀၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက်၌ ကျင်းပခဲ့သော ပထမဦးဆုံးအကြိမ် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲ ထုတ်ပြန်ချက်များနှင့် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ၌ ထုတ်ပြန်ခဲ့သော ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲများ၏ အာဂျင်ဒါများအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပထ၀ီအနေအထားအရ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးစပ်သည့်နိုင်ငံများအချင်းချင်း၊ ယဉ်ကျေးမှုအရ ကူးလူးဖလှယ်ရေးတို့အား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများ၏ လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များအား အသုံးပြု၍ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအပြင် ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအား အသိအမှတ်ပြုရန်၊ ရာသီဥတုကြောင့် လူတို့၏ ဘ၀နှင့်အသက်မွေးဝမ်းကျောင်းမှုအပေါ် သက်ရောက်လာနိုင်သော ခြိမ်းခြောက်မှုများကို အရေးယူဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးအား ဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကျရောက်လာနိုင်သော အကြမ်းဖက်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆောင်ရွက်ရန်၊ ဘင်းမ်စတက်နိုင်ငံများအတွင်း ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများအား အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအား အသိအမှတ်ပြုရန်၊ ဘင်းမ်စတက်နိုင်ငံများအချင်းချင်း စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်မှုများ အချိန်တိုတိုနှင့် တိုးတက်လာရေးအတွက် နိုင်ငံအချင်းချင်း သဟဇာတ မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ ပါရှိကြောင်း သိရသည်။

"ဘင်းမ်စတက်နိုင်ငံတွေအတွင်းမှာ လမ်းပန်းဆက်သွယ်မှုနဲ့ အချိန်တိုတိုနဲ့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ဘင်းမ်စတက် သယ်ယူပို့ဆောင်မှု အခြေခံအဆောက်အအုံနဲ့ ၀န်ဆောင်မှုဆိုင်ရာ လေ့လာချက်တစ်ရပ်ကို ပထမအဆင့်အနေနဲ့ ပြုလုပ်နိုင်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် စီမံချက်ကိုတော့ ဒုတိယအဆင့်အနေနဲ့ ဖော်ထုတ်လျက်ရှိပါတယ်။ ဒီလေ့လာချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီပေးဆောင်ရွက်နေပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားသည်။

Eleven Media Group

မတ် ၄ ရက်က ကျင်းပသော ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်၊

(၀ဲမှယာ) - ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာ၊ ဘူတန်ဝန်ကြီးချုပ် မစ္စတာ တီရှားရင်းတော့ဂေး၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နီပေါဝန်ကြီးချုပ် မစ္စတာ  ဆူရှီးကွိုင်ရာလာ၊ သီရိလင်္ကာသမ္မတ မစ္စတာ မဟိန္ဒာရာဂျပက်ဆာ၊ ထိုင်းဝန်ကြီးချုပ်၏ အမြဲတမ်းအတွင်းဝန် Mr.Sihasak Phuangketkeow
မတ် ၄ ရက်က ကျင်းပသော ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များကို တွေ့ရစဉ်
(၀ဲမှယာ) - ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာ၊ ဘူတန်ဝန်ကြီးချုပ် မစ္စတာ တီရှားရင်းတော့ဂေး၊ အိန္ဒိယ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နီပေါဝန်ကြီးချုပ် မစ္စတာ  ဆူရှီးကွိုင်ရာလာ၊ သီရိလင်္ကာသမ္မတ မစ္စတာ မဟိန္ဒာရာဂျပက်ဆာ၊ ထိုင်းဝန်ကြီးချုပ်၏ အမြဲတမ်းအတွင်းဝန် Mr.Sihasak Phuangketkeow

တတိယအကြိမ်မြောက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို မတ် ၄ ရက်က နေပြည်တော်ရှိ  MICC ခန်းမ၌ ကျင်းပခဲ့ပြီး တတိယအကြိမ်မြောက် ဘင်းမ်စတက် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။

ကိုယ်စားလှယ် ၂၀၀ နီးပါး ပျက်ကွက်သဖြင့် ပြည်ထောင်စုလွှတ်တော် နာယက ထပ်မံသတိပေး

အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများ ဆွေးနွေးနေသည့်ကာလ ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆုံးဖြတ်အတည်ပြုရာတွင် ပြည်သူ့ဆန္ဒများနှင့် လိုအပ်ချက်များ ရှိသွားနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သီရိလင်္ကာနိုင်ငံ သမ္မတ၊ နီပေါနိုင်ငံဝန်ကြီးချုပ်တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ မစ္စတာမဟိန္ဒာရာဂျပက်ဆာတို့သည် မတ် ၄ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ဘင်းမ်စတက်အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြား လေကြောင်း ဆက် သွယ်မှု ထူထောင်ရေး၊ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပဋိပက္ခဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြောင်း မတ် ၄ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြချက် အရ သိရသည်။

တတိယအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ ရာသီဥတု၊ ယဉ်ကျေးမှုနှင့် အတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး

တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား မတ် ၄ ရက်တွင် နေပြည်တော်ရှိ MICC ခန်းမတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။

ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်

Photo: ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်
Wednesday, March 5, 2014

ယူကရိန်းတွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကြောင့် အမေရိကန်က ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ပြဿနာကို အရှိန်လျော့ကျအောင် လုပ်ဆောင်ရန် ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။

“ယူကရိန်းမှာ အခုဖြစ်သွားတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့အကြားက စစ်ရေးအရ ထိတွေ့ဆက်ဆံမှုကို ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီက ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ရပ်ဆိုင်းမှုများတွင် စစ်ရေးလေ့ကျင့်မှုများ၊ အပြန်အလှန် တွေ့ဆုံပွဲ များ၊ စစ်သင်္ဘောများ သွားရောက်လည်ပတ်မှုနှင့် ဆွေးနွေးမှုများ စီစဉ်ပြုလုပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယူကရိန်းပြဿနာကို အနီးကပ်စောင့်ကြည့်နေပြီး ခရိုင်းမီးယားဒေသရှိ ရုရှားတပ်ဖွဲ့များသည် ပင်လယ်နက် စစ်သင်္ဘောအုပ်စု ထားရှိရေးဆိုင်ရာ သဘောတူညီချက်များအရ မိမိတို့၏ စစ်စခန်းများသို့ ပြန်သွားကြရန် တိုက်တွန်းခဲ့သည်။ ယူကရိန်းပြဿနာကြောင့် ပင်လယ်နက်နှင့် အခြားနေရာများရှိ မိမိတို့၏တပ်ဖွဲ့များ တပ်စွဲထားသည့် အနေအထားကို ပြောင်းလဲသွားမည် မဟုတ်ကြောင်း ကာဘီက ပြောကြားခဲ့သည်။

“ဥရောပ သို့မဟုတ် မြေထဲပင်လယ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို နေရာပြောင်းရွှေ့ချထားခြင်း မရှိပါဘူး” ဟု ကာဘီက ပြောကြားသည်။ အမေရိကန်ရေတပ် တပ်ဖွဲ့များသည် ဒေသတွင်း မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ ယခင်စီစဉ်ထားသည့် စစ်ဆင်ရေးများနှင့် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားသည်။

ယခုအခါ ပင်လယ်နက်တွင် အမေရိကန် ရေတပ်စစ်သင်္ဘော USS Taylor ကိုသာ တပ်စွဲထားပြီး သောင်တင်မှုဖြစ်ပွားပြီးနောက် တူရကီနိုင်ငံ ဆိပ်ကမ်းတစ်ခုတွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ ယင်းကဲ့သို့ သောင်တင်မှုကြောင့် အဆိုပါသင်္ဘောမှ တပ်မှူးသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ဆက်ဆံရေး တိုးတက်စေရန်နှင့် နားလည်မှု လွဲမှားခြင်းများ မဖြစ်စေရန် အမေရိကန်နှင့် ရုရှားတပ်ဖွဲ့များသည် နှစ်စဉ်ဒါဇင်နှင့်ချီသော ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ၊  အပြန်အလှန် စေလွှတ်မှုများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိသည်။ အမေရိကန်နှင့် ကနေဒါတပ်မှူးများက ၂၀၁၂ ခုနှစ်တွင် ပူးပေါင်းပြုလုပ်ခဲ့သည့် လေကြောင်းလိုင်းမှ ဓားစာခံများအား ကယ်တင်ရေးလေ့ကျင့်မှုများတွင် ရုရှားအရာရှိများ ပါဝင်ခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်းက အာဖဂန်နစ္စတန်သို့ စစ်လက်နက်ပစ္စည်းများအား ရုရှားနယ်မြေပိုင်နက်ကိုဖြတ်လျက် သယ်ယူပို့ဆောင်ရာတွင် အမေရိကန်စစ်တပ်သည် ရုရှားစစ်တပ်၏ အကူအညီများကို ရယူခဲ့ရကြောင်း သိရသည်။

Eleven Media Group

မတ် ၃ ရက်တွင် လီနင်ဂရက်ဒေသရှိ ကီရီလိုစကီ သေနတ်ပစ်ကွင်း၌ စစ်ရေးလေ့ကျင်မှုကို ကြည့်ရှုရန် ရောက်လာသော ရုရှားသမ္မတပူတင် (Photo:AFP)
မတ် ၃ ရက်တွင် လီနင်ဂရက်ဒေသရှိ ကီရီလိုစကီ သေနတ်ပစ်ကွင်း၌ စစ်ရေးလေ့ကျင်မှုကို ကြည့်ရှုရန် ရောက်လာသော ရုရှား သမ္မတပူတင် (Photo:AFP)

ယူကရိန်းတွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကြောင့် အမေရိကန်က ရုရှားနှင့် စစ်ရေးအရ ပူးပေါင်းဆောင် ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က မတ် ၃ ရက်တွင် ထုတ်ပြန်လိုက်ပြီး ပြဿနာကို အရှိန်လျော့ကျအောင် လုပ်ဆောင်ရန် ရုရှားအစိုးရကို တိုက်တွန်းခဲ့သည်။

ကားဈေးနှုန်းနှင့် ၀န်ဆောင်မှုစရိတ် ကြီးမြင့်မှုတို့ကြောင့် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် စင်ကာပူက ထိပ်ဆုံး၌ရပ်တည်

Photo: ကားဈေးနှုန်းနှင့် ၀န်ဆောင်မှုစရိတ် ကြီးမြင့်မှုတို့ကြောင့် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် စင်ကာပူက ထိပ်ဆုံး၌ရပ်တည်
Wednesday, March 5, 2014

ကားဈေးနှုန်း အလွန်အမင်းကြီးမြင့်မှုနှင့် အထွေထွေဝန်ဆောင်မှုစရိတ် ကြီးမြင့်မှု အပါအ၀င် ငွေကြေးတန်ဖိုး ခိုင်မာခြင်းတို့ကြောင့် စင်ကာပူသည် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် တိုကျိုကိုကျော်လွန်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း မတ် ၄ ရက်တွင် ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြခဲ့သည်။

ယန်းငွေတန်ဖိုး အားနည်းခြင်းကြောင့် တိုကျိုသည် စင်ကာပူ၏ ယခင်အဆင့်ဖြစ်သော အဆင့်ခြောက်သို့ ကျဆင်းခဲ့ကြောင်း သုတေသနလုပ်ငန်း Economist Intelligence Unit (EIU) ၏ ၂၀၁၄ ခုနှစ် ကမ္ဘာတစ်ဝန်း လူနေမှုစရိတ် အမြင့်မားဆုံး မြို့ကြီးများစစ်တမ်းအရ သိရသည်။ ကုမ္ပဏီများက ၎င်းတို့၏ အမှုဆောင်များကို ပြည်ပခရီးစဉ်များ စေလွှတ်ပါက ကျခံပေးရမည့် ကုန်ကျစရိတ်များကို တွက်ချက်ရာတွင် အကူအညီရရန်အတွက် EIU က ကမ္ဘာတစ်ဝန်းရှိ မြို့ ၁၄၀ မှ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု ၁၆၀ တို့၏ ဈေးနှုန်းများကို စစ်တမ်းကောက်ယူပြီး တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခဲ့သော ယင်းစစ်တမ်းတွင် လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုခန့်က အဆင့် ၁၈ ၌သာ ရပ်တည်ခဲ့သော်လည်း “ဈေးနှုန်းဖောင်းပွမှု တည်ငြိမ်ခြင်း” နှင့်အတူ စင်ကာပူဒေါ်လာတန်ဖိုးသည် ရာခိုင်နှုန်း ၄၀ မြင့်တက်ခဲ့သောကြောင့် ယခုကဲ့သို့ ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ စင်ကာပူတွင် ကားဝယ်ယူခွင့်ကို ကန့်သတ်ခြင်း၊ အခွန်ကြီးမြင့်ခြင်း အပါအ၀င် ကားပိုင်ဆိုင်မှုကို အလွန်အမင်း တင်းကျပ်ထားသဖြင့် ကားဈေးနှုန်းမှာ အခြားနေရာများထက် အလွန်အမင်း မြင့်မားနေခြင်းဖြစ်သည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ စင်ကာပူတွင် Toyota Corolla Altis ကားသစ်တစ်စီး၏ ဈေးနှုန်းသည် ဒေါ်လာ ၁၁၀၀၀၀ ရှိသော်လည်း အိမ်နီးချင်း မလေးရှားတွင် ဒေါ်လာ ၃၅၀၀၀ ၀န်းကျင်သာ ရှိသည်။ စင်ကာပူတွင် ပို့ဆောင်မှု အထွေထွေကုန်ကျစရိတ်မှာ နယူးယောက်တွင် ကုန်ကျမှုစရိတ်ထက် သုံးဆနီးပါး ပိုကုန်ကျကြောင်းလည်း ယင်းစစ်တမ်းတွင် ဖော်ပြခဲ့သည်။ သယံဇာတရင်းမြစ် အလွန်အမင်း နည်းပါးသော မြို့ပြသာသာရှိသည့် စင်ကာပူသည် စွမ်းအင်နှင့်ရေအတွက် အခြားနိုင်ငံများကိုသာ မှီခိုနေရသဖြင့် ရေ၊ လျှပ်စစ်မီး စသည့်အထွေထွေဝန်ဆောင်မှု စရိတ်တွင်လည်း တတိယမြောက် ကုန်ကျစရိတ် အမြင့်မားဆုံး မြို့ဖြစ်ကြောင်းလည်း EIU က ဖော်ပြထားသည်။

ဥရောပတွင် ပါရီသည် အဆင့်ခြောက်ဆင့် မြင့်တက်ပြီး ယင်းစာရင်း၏ ဒုတိယနေရာသို့ ရောက်ရှိခဲ့ရာ ဥရောပနိုင်ငံများတွင် ဈေးနှုန်းများနှင့် ငွေကြေးများ ပြန်လည်နာလန်ထမှုကို ဖော်ပြမှုဖြစ်ကြောင်း EIU က ထုတ်ပြန်ခဲ့သည်။ ယင်းစစ်တမ်းအရ အပန်းဖြေမှုနှင့် ဖျော်ဖြေမှုကဏ္ဍတို့တွင် ဈေးနှုန်းကြီးမြင့်ဆုံးစာရင်း၌ ဥရောပနိုင်ငံများ ပါဝင်ခဲ့သည်။ ယင်းစစ်တမ်းအတွက် အခြေပြုမြို့ဖြစ်သော နယူးယောက်မှာ အဆင့် ၂၆ ၌ ရပ်တည်ခဲ့သည်။ သြစတြေးလျ ဒေါ်လာတန်ဖိုး ခိုင်မာခြင်းကြောင့် ဆစ်ဒနီနှင့် မဲလ်ဘုန်းတို့မှာ အဆင့်ငါးနှင့် ခြောက်တို့တွင် အသီးသီး ရပ်တည်ခဲ့သည်။ အဆင့်ခြောက်တွင် ကရာကက်၊ ဂျီနီဗာနှင့် တိုကျိုတို့ ပူးတွဲရပ်တည်ခဲ့သည်။ အိန္ဒိယဘဏ္ဍာရေး အချက်အချာ မွမ်ဘိုင်းမှာ ယင်းစာရင်း၏ အောက်ဆုံးတွင် ရပ်တည်ခဲ့ပြီး ကရာချိ၊ နယူးဒေလီနှင့် ခတ္တမန္ဒူတို့မှာလည်း အောက်ဆုံးနား၌ ရပ်တည်ခဲ့သည်။

Eleven Media Group

မတ် ၄ ရက်တွင် စင်ကာပူရှိ ပုဂ္ဂလိက ကလပ်တစ်ခု၌ မြက်ခင်းပေါ်တွင် မြက်ရိတ်စက် မောင်းနှင်နေသူတစ်ဦး (Photo:AFP)
မတ် ၄ ရက်တွင် စင်ကာပူရှိ ပုဂ္ဂလိက ကလပ်တစ်ခု၌ မြက်ခင်းပေါ်တွင် မြက်ရိတ်စက် မောင်းနှင်နေသူတစ်ဦး (Photo:AFP)

ကားဈေးနှုန်း အလွန်အမင်းကြီးမြင့်မှုနှင့် အထွေထွေဝန်ဆောင်မှုစရိတ် ကြီးမြင့်မှု အပါအ၀င် ငွေကြေးတန်ဖိုး ခိုင်မာခြင်းတို့ကြောင့် စင်ကာပူသည် ကမ္ဘာ့လူနေမှုစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် တိုကျိုကိုကျော် လွန်ပြီး ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း မတ် ၄ ရက်တွင် ထုတ်ပြန်သော စစ်တမ်း၌ ဖော်ပြခဲ့သည်။

မိုက်ခရိုဆော့ဖ်ကို ပူးတွဲထူထောင်သူ ဘီလ်ဂိတ် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ပြန်ဖြစ်လာ

Photo: မိုက်ခရိုဆော့ဖ်ကို ပူးတွဲထူထောင်သူ ဘီလ်ဂိတ် ကမ္ဘာ့အချမ်းသာဆုံးသူဌေး ပြန်ဖြစ်လာ
Wednesday, March 5, 2014

မိုက်ခရိုဆော့ဖ်၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ဘီလ်ဂိတ်သည် Forbes မှထုတ်ပြန်သော ကမ္ဘာ့ဘီလျံနာစာရင်းတွင် ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ဘီလ်ဂိတ်သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၆ ဘီလျံဖြင့် ပိုင်ဆိုင်မှု ၇၂ ဘီလျံရှိသော မက္ကဆီကိုသူဌေး ကားလို့စ်စလင်းကိုကျော်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

Forbes သည် မတ် ၃ ရက်တွင် နှစ်စဉ်ထုတ်ပြန်နေကျ ဘီလျံနာစာရင်းကို ဖော်ပြခဲ့ရာ၌ အမျိုးသမီးနှင့် အမျိုးသားဘီလျံနာပေါင်း ၁၆၄၅ ဦး ပါဝင်ခဲ့သည်။ ဘီလျံနာများ၏ ပျမ်းမျှချမ်းသာကြွယ်ဝမှုသည် ၄ ဒသမ ၅ ဘီလျံရှိပြီး ဘီလျံနာအားလုံး၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှုသည် ၆ ဒသမ ၄ ထရီလျံရှိရာ လွန်ခဲ့သည့်နှစ်ကထက် ဒေါ်လာတစ်ထရီလျံ မြင့်တက်လာခဲ့သည်။

အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ ဘီလ်ဂိတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အချမ်းသာဆုံးနေရာကို ၁၅ ကြိမ်တိုင်တိုင် ရရှိခဲ့သူဖြစ်သည်။ ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံချက်များအတွက် ငွေကြေးမြောက်မြားစွာ လှူဒါန်းခဲ့သော်လည်း ကမ္ဘာ့အချမ်းသာဆုံးနေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီ၏ ရှယ်ယာ ၄ ဒသမ ၄ ရာခိုင်နှုန်းခန့်ကိုသာ ပိုင်ဆိုင်ပြီး ယင်းသည် သူ၏စုစုပေါင်း ချမ်းသာကြွယ်ဝမှု၏ ရာခိုင်နှုန်း ၂၀ ခန့်ပင် မရှိပေ။ သို့သော် ကုမ္ပဏီရှယ်ယာဈေးနှုန်းသည် လွန်ခဲ့သည့်နှစ်အတွင်း ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သူ၏အခြားဝင်ငွေများလည်း မြင့်တက်ခဲ့သောကြောင့် ဘီလ်ဂိတ်သည် လွန်ခဲ့သည့်နှစ်ကထက် ပိုင်ဆိုင်မှု ဒေါ်လာခုနစ်ဘီလျံ တက်လာခဲ့သည်။

သို့သော် အမေရိကဒေသတွင် ဆက်သွယ်ရေးလုပ်ငန်းမှသည် သတ္တုတွင်း လုပ်ငန်းအထိ၊ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းမှသည် အရောင်းအ၀ယ်နှင့် အိမ်ခြံမြေလုပ်ငန်းအထိ အရာရာကို လုပ်ကိုင်နေသူ လွန်ခဲ့သည့်နှစ်က အချမ်းသာဆုံးသူဌေး ကားလို့စ်စလင်းသည် တောင်အမေရိကတွင် ဈေးကွက်များ ကျဆင်းခြင်းနှင့်အတူ ပိုင်ဆိုင်မှု တစ်ဘီလျံ လျော့ကျသွားခဲ့သည်။

Eleven Media Group
မိုက်ခရိုဆော့ဖ်၏ ရှယ်ယာဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ဘီလ်ဂိတ်သည် Forbes မှထုတ်ပြန်သော ကမ္ဘာ့ဘီလျံနာစာရင်းတွင် ထိပ်ဆုံးနေရာသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ဘီလ်ဂိတ်သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၆ ဘီလျံဖြင့် ပိုင်ဆိုင်မှု ၇၂ ဘီလျံရှိသော မက္ကဆီကိုသူဌေး ကားလို့စ် စလင်းကိုကျော်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ဝန်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို

Photo: ၀န်ကြီး ဦးခင်ရီ တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ်ဟု ဆို
Wednesday, March 5, 2014

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ၀န်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ နေပြည်တော်၌ မတ်လ ၂၆ ရက်က တွေ့ဆုံမှုအပေါ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေက သူတို့ သဘောထားတွေကို တင်ပြ ကြတယ်၊ ဒါပေမယ့် တင်ပြတဲ့ အချိန်မှာ သူတို့ဘက်က ပြင်ဆင် ပိုင်ခွင့် မရှိဘူး၊ ပြင်ဆင်ပေးဖို့ အစီအစဉ် မရှိဘူး၊ ကောက်ခံပြီးမှ ပြင်ဆင် ပေးမယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေး ရာ ၀န်ကြီးနဲ့ပဲ သက်ဆိုင်တယ် ဆိုပြီး ပြောတယ်၊ အဲဒီအပေါ် တိုင်းရင်းသားတွေက သဘောတူ နေတာ မဟုတ်ဘူး၊ ဒါနဲ့ ပတ် သက်ပြီး မီဒီယာတွေကို သူက တိုင်းရင်းသားတွေနဲ့ အဆင်ပြေပြီး အားလုံးက သဘောတူပြီ ဆိုပြီး ပြောတယ်၊ အဲဒါကို ကြည့် ရင် တိုင်းရင်းသားတွေ အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်တာ ပေါ်လွင် နေပါတယ်”ဟု ပလောင် (တအာင်း)အမျိုးသမီး အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှု အပေါ် ပလောင် လူမျိုးများက အချက် ၄ ချက် ပါဝင်သော သဘောထား ထုတ်ပြန်ချက်ကို မတ် ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို ပလောင်(တအာင်း) လူမျိုး ပါတီ၊ အဖွဲ့အစည်း စုစုပေါင်း ၉ ခုက စုပေါင်း ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ၀န်ကြီး ဦးခင်ရီ၏ သန်းခေါင်စာရင်း ကောက်ခံပြီးမှ ပြင်ဆင် ညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက် ပေးမည့် ကိစ္စကို လုံးဝ သဘောမတူကြောင်းလည်း ဖော်ပြ ထားသည်။

သန်းခေါင်စာရင်း မကောက်ခံမီ ပလောင် လူမျိုးများ အတွက် သီးသန့် ကုတ်(Code) နံပါတ် ထုတ်ပေးရန်လည်း တောင်းဆို ထားသည်။

“ကျမတို့ မျိုးနွယ်စုက မွန်(ခမာ) ကနေ ဆင်းသက် လာတာပါ၊ ရှမ်း မျိုးနွယ်စု မဟုတ်ပါဘူး၊ ဒါကိုလည်း ပြင်ဆင်ပေးဖို့ပါ၊ နောက်ပြီး အခု ပလောင် လူမျိုး ကုတ် သတ်မှတ်ထားတာ ပလောင်က ကုတ် နံပါတ် တခု အနေနဲ့ ပါနေသလို၊ ပလေး ဆိုပြီး လူမျိုး ခွဲခြား ထားတယ်၊ ပလေး ဆိုတာ လုံးဝ မရှိပါဘူး၊ ဒါကိုလည်း ပြင်ဆင် ပေးဖို့ပါ၊ ကျမတို့ အနေနဲ့ တောင်းဆိုချက်တွေကို အဆင့်ဆင့် တောင်းဆို သွားမှာပါ”ဟု မဒီဒီပိုးကျိန်က ပြောသည်။

ယင်းအပြင် ၀န်ကြီး ဦးခင်ရီ ပြောသည့် ငြိမ်းချမ်းမှု မရှိသေးသည့် နေရာ ဒေသများတွင် လူဦးရေစာရင်း အမှန် ရရှိနိုင်ရန် ဆောင်ရွက် နေကြောင်း ပြောဆိုမှုကို လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ အချိန်ထိ ပလောင် ဒေသများနှင့် တချို့နေရာ ဒေသများတွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်နေသည့် အတွက် မငြိမ်းချမ်းသည့် နေရာများတွင် လူဦးရေ အမှန်စာရင်း ကောက်ခံရန် မဖြစ်နိုင်ကြောင်း မဒီဒီပိုးကျိန်က ဆိုသည်။

“ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေ အပေါ် ထိခိုက်မှု ရှိ၊ မရှိ ဆိုတာထက် သေချာတာ တခုက မငြိမ်းချမ်းတဲ့ နယ်မြေမှာ သန်းခေါင်စာရင်း ကောက်ခံမယ် ဆိုရင် လုံးဝ အချက်အလက် အမှန် မရမှာ သေချာတယ်၊ ဒါကြောင့် ကျမတို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီးမှ သန်းခေါင်စာရင်း ဆက်ကောက်ခံဖို့ တောင်းဆိုတာပါ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသား အဖွဲ့အစည်းများအား နေပြည်တော် တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် တိုင်းရင်းသားများက မိမိတို့၏ မျိုးနွယ်စု သဘောထားများကို အသီးသီး တင်ပြခဲ့ပြီး အများစု တင်ပြချက် မှာ လူမျိုး သတ်မှတ်သည့် ကုတ်နံပါတ် ပြင်ဆင်ရေးကို အဓိက တောင်းဆို ကြကြောင်း သိရသည်။

ဧရာဝတီ

တိုင်းရင်းသား ဘာသာစကား အလိုက် ထုတ်ဝေထားသည့် သန်းခေါင်စာရင်း လမ်းညွှန် လက်ကမ်း စာစောင်အား လေ့လာနေသော တိုင်းရင်းသား လူငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တိုင်းရင်းသား ဘာသာစကားအလိုက် ထုတ်ဝေထားသည့်သန်းခေါင်စာရင်း လမ်းညွှန် လက်ကမ်းစာစောင်အား လေ့လာနေသော တိုင်းရင်းသား လူငယ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သန်းခေါင်စာရင်း ကောက်ခံမှုကို ခုတုံးလုပ်ပြီး ၀န်ကြီး ဦးခင်ရီက တိုင်းရင်းသားများအပေါ် နိုင်ငံရေးအမြတ် ထုတ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပလောင် လူမျိုးများက စွပ်စွဲ ပြောဆိုလိုက်သည်။

ဦးလှဆွေကို NLD က တရားစွဲလျှင် ကြံ့ခိုင်ရေးကလည်း ဦးဝင်းတင်ကို တရားစွဲမည်

Photo: ဦးလှဆွေကို NLD က တရားစွဲလျှင် ကြံ့ခိုင်ရေးကလည်း ဦးဝင်းတင်ကို တရားစွဲမည်
Wednesday, March 5, 2014

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုမည် ဟု ပါတီ CEC ဦးဝင်းထိန်က ထုတ်ဖော်ပြောကြားပြီးနောက် တုံ့ပြန်မှုအနေဖြင့် NLD ပါတီ ဗဟိုနာယက ဦးဝင်းတင်ကို ပြန်လည်တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။

"ဦးဝင်းတင်ဆိုရင် ဒီလှိုင်းဂျာနယ်မှာ ရေးတာတွေရော၊ ဂျာနယ်တွေမှာ အင်တာဗျူးလုပ်တာတွေရော ကျွန်တော်တို့ ပါတီကို တိုက်ခိုက် အပုပ်ချ တာတွေ အများကြီး ရှိတယ်။ ဦးလှဆွေ ပြောသွားတာက ဘာမှားတာ ပါသလဲ။ စကားလုံး နည်းနည်းကြမ်းတာကလွဲလို့ အားလုံး အမှန်တွေချည်းပဲ။ သူတို့က တရားစွဲရင် ကျွန်တော်တို့ကလည်း ပြန်စွဲမှာပါ" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ CEC တစ်ဦးက ပြောသည်။

ဦးဝင်းတင်သည် ဟောပြောပွဲများရော ဆောင်းပါးများတွင်ပါ ကြံ့ခိုင်ရေးပါတီကို အပုပ်ချသည်များ အများအပြား ပြောထားကြောင်း၊ သို့သော် ပါတီအနေဖြင့် အဝေဖန်ခံနိုင်ရမည် ဟူသော မူကို လက်ကိုင်ထား ကြောင်း၊ ယခုအခါ NLD ပါတီက တရားစွဲမည် ဆိုသည်မှာ အဝေဖန် မခံနိုင်သည်ကို ဖော်ပြနေကြောင်း၊ NLD ပါတီသည် ဆတ်ဆတ်ထိ မခံသည့် မိန်းမတစ်ယောက်နှင့်တူကြောင်း၊ မိန်းမ ဆန်သော ပါတီဟုပင် ပြော၍ ရနိုင်ကြောင်း၊ တစ်ခုခု ဆိုလျှင် နှုတ်သီးကောင်းလျှာပါး တုံ့ပြန်တတ်ကြောင်း၊ ထို့ကြောင့်လည်း လေးပွင့်ဆိုင်တောင်းဆိုမှု မအောင်မြင်ခြင်း ဖြစ်ကြောင်း၊ တွေ့ဆုံလိုသူက တွေ့လိုသည့်သူ မကောင်း ကြောင်း စောင်းမြောင်းနေမှတော့ တစ်ဘက်မှ အတွေ့ခံချင်စိတ် ရှိမည် မဟုတ်ကြောင်း ၄င်းက ပြောသည်။

"ဒါကြောင့်လည်း ကျွန်တော်တို့ ပါတီဥက္ကဌကြီးက ပြောတာ။ NLD က သူတွေက မိန်းမဆန်တယ်၊ စကား အတင်အစီးမခံဘူး၊ ဒေါ်အောင်ဆန်း စုကြည်ကအစလေ။ အခုလည်း သူတို့ပါတီက လွှတ်တော်ကိုယ်စားလှယ် ကိုမင်းသူ ဆိုရင် သံဃာတော်တွေကို စော်ကားထားတာပဲ။ သံဃာတွေက ဘာပြောသလဲ။ ကြိုက်တာ မကြိုက်တာတော့ ရှိမှာပေါ့။ သူတို့ကျတော့ သူများကို ပြောချင်ရာပြော၊ သူတို့ကို ဝေဖန်တော့ မခံနိုင် ဖြစ်။ မဟုတ်ရင် မနာနဲ့ပေါ့။ ဟုတ်ရင်တော့ နာမနေနဲ့လေ။ ဟုတ်တာ ပြောတာပဲ မဟုတ်လား" ဟု ပုဂ္ဂလိက နေ့စဉ်သတင်းစာတစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြောဆိုသည်။

"NLD အနေနဲ့ အဝေဖန် မခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့။ အာဏာ မရသေးဘူး ခုကတည်းက ပါဝါပြချင်နေပြီ။ သူတို့ ပါတီဝင်တွေ ရဟန်းသံဃာတွေကို စော်ကားတာ ရစရာမရှိဘူး။ အင်တာနက်မှာ ပြင်ပမှာ သံဃာတော်တွေကို အပုပ်ချနေတာ NLD ပါတီက။ သူတို့က ဘင်္ဂလီနဲ့ ရောကြိတ်ပြီး ဘင်္ဂလီ လိုလို ဘာလိုလို ချနေကြတာ။ ပါတီတွင်းမှာလည်း ညွှန်ကြားထားတယ် ပြောတယ်။ NLD က ဒီလို လုပ်နေတာ သိလို့ သီတဂူဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်မယ် ဆိုပြီး လုပ်နေတာ။ ဆရာတော်ကြီးက NLD အာဏာရရင် မြန်မာနိုင်ငံ ဘာသာကွယ်ပြီ ဆိုပြီးတောင် ပြောသေးတယ်" ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဘိုအောင်က ပြောကြားသည်။

နိုင်ငံရေးပါတီများ အနေဖြင့် အရေထူရန် လိုအပ်ကြောင်း၊ အဝေဖန်ခံနိုင်ရန် အရေးကြီးကြောင်း၊ အဝေဖန် မခံနိုင်သော နိုင်ငံရေးသမားများ ရေရှည်တွင် အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ NLD ဤသို့သာ တစ်ခုခုဆို ပက်ကနဲ ပြန်ပက်သည့်အကျင့်ဆိုး မဖျောက်နိုင်လျှင် ဘေးတွေ့နိုင်ကြောင်း စာရေးဆရာတစ်ဦးက ပြောသည်။

"NLD လုပ်နောတွေက ဒေါ်စု ပုံစံတစ်ထပ်တည်း ဖြစ်နေတယ်။ ဒေါ်စုလည်း ဒီလိုပဲ သူ့ကို ဝေဖန်ရင် မကြိုက်ဘူး။ သူ့ကိုပြောရင် မကျေနပ်ဘူး။ ဒီမိုကရေစီမှာတော့ ပြည်သူလူထုက ဝေဖန်ပိုင်ခွင့် ရှိရမှာပဲ။ ဝေဖန်ကြမှာပဲ။ NLD လို ဒီမိုကရေစီပါတီကြီးကတောင် လက်မခံရင် ဘယ်သူမှာ လက်မခံဘူုး ဆို့ ထင်ထားပုံရပါတယ်။ NLD ခေါင်းဆောင်တွေ အတော်ကြီးကို တာဝန်မဲ့ပြီး ပြည်သူလူထုကို လျှော့တွက်လွန်းရာ ရောက်နေတယ်" ဟု ၄င်းက ပြောဆိုသည်။

ပြည်သူ့ အာဏာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးလှဆွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရားစွဲဆိုမည်ဟု ပါတီ CEC ဦးဝင်းထိန်က ထုတ်ဖော်ပြောကြားပြီးနောက် တုံ့ပြန်မှု အနေဖြင့် NLD ပါတီ ဗဟိုနာယက ဦးဝင်းတင်ကို ပြန်လည်တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။

ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များကို ဆန္ဒပြသဖြင့် တရားစွဲခံရသူ ဒေသခံသုံးဦးအား မတ် ၆ ရက်တွင် စီရင်ချက်ချမည်

ခင်ဦးမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များကို ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့သော ဒေသခံသုံးဦးအား မတ် ၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံး၌ အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အူရီဒူးက မြန်မာပြည်တွင်း မိုဘိုင်းကွန်ရက် ချိတ်ဆက်မှု နည်းပညာကို အောင်မြင်စွာ စမ်းသပ်ပြီးစီး

Photo: အူရီဒူးက မြန်မာပြည်တွင်း မိုဘိုင်းကွန်ရက် ချိတ်ဆက်မှု နည်းပညာကို အောင်မြင်စွာ စမ်းသပ်ပြီးစီး
Wednesday. March 5, 2014

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်သည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက ၎င်းတို့၏မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အူရီဒူးကုမ္ပဏီက ၎င်းတို့ရုံးချုပ်တည်ရှိရာ MICT Park အနီးတွင် ပထမဆုံး ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာပိုင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကွန်ရက်က အချက်အလက်များ ပေးပို့နိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်း၊ အသံလှိုင်းများ စမ်းသပ်ခြင်းတို့ကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

စမ်းသပ်လိုက်သော ကွန်ရက်သည် အသံလိုင်းကြည်လင်ပြီး စာတိုပို့ရာတွင် မြန်ဆန်ကြောင်း၊ အင်တာနက်စာမျက်နှာများသို့လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကွန်ရက်ဖြန့်ကြက်ရာမှာ ဒီနေ့အခုလို အောင်အောင်မြင်မြင် ကွန်ရက်ရရှိသွားတာ အူရီဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခု တင်လိုက်နိုင်တာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်က ပြောကြားသည်။

၎င်းတို့အနေနှင့် လိုင်စင်ပါ သဘောတူညီချက်များကို အချိန်မီပြည့်မီရန် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု သိရသည်။

“အချိန်တိုတိုအတွင်း သတ်မှတ်ချက်တွေ ပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတယ်။ တာဝါတိုင်တွေ ဆောက်လုပ်ရေးမှာ ဆောက်လုပ်ခွင့်ကျဖို့ ထင်ထားတာထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အချိန်မီ ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အူရီဒူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာမည့်ဇူလိုင်လခန့်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က စတင်အသက်ဝင်သည့် လိုင်စင်ကို ပေးအပ်ခဲ့သည်။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးက လိုင်စင်ရရှိအပြီး ခြောက်လမှ ရှစ်လ၀န်းကျင်ခန့်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အူရီဒူးကုမ္ပဏီ၏ မိုဘိုင်းကွန်ရက်နည်းပညာ စတင်စမ်းသပ်နေစဉ်
(ဓာတ်ပုံ-အူရီဒူး)
အူရီဒူးကုမ္ပဏီ၏ မိုဘိုင်းကွန်ရက်နည်းပညာ စတင်စမ်းသပ်နေစဉ် (ဓာတ်ပုံ-အူရီဒူး)

မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်သည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက ၎င်းတို့၏မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲ၌ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးနှင့် သက်ဆိုင်သည်များကိုသာ ဖြေကြားမည်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက် (ယနေ့)တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးနှင့် သက်ဆိုင်သည်များ ကိုသာ အကန့်အသတ်အနေဖြင့် ဖြေကြားမည်ဖြစ်ကြောင်း သိရသည်။

မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင် တိုင်းတရားရုံးကို စွဲချက်တင်အမိန့် ပြင်ဆင်တင်သွင်းခဲ့သည့် ကျူးလွန်သူများထဲမှ ရှစ်ဦးအား တိုင်းတရားရုံးက တရားရှင်လွှတ်ပေး

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်တွင်  တိုင်းတရားလွှတ်တော်ရုံးသို့ စွဲချက်တင်အမိန့်ကို ပြင်ဆင်တင်သွင်းခဲ့သည့် ၁၆ ဦးထဲမှ ရှစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ တွဲဖက်(၅) တရားသူကြီး ဒေါ်စိုးစိုးအောင်က တရားရှင် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။