
နေပြည်တော် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီး ဌာနသည် မူလတင်ပြ တောင်းခံထားသော ဘတ်ဂျက် ငွေများအပြင် စစ်ရေးလေ့ကျင့်မှုနှင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် အခြားသောပစ္စည်းများ ဝယ်ယူရခြင်း တို့ကြောင့် ထပ်တိုးငွေ တောင်းခံရခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က “ဘာကြောင့် တိုးမြှင့်တောင်းသလဲ ဆိုတဲ့နေရာမှာ သာမန်အသုံးစရိတ် အပိုင်း မှာတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီ ၀ယ်ယူဖို့၊ အလားတူပဲ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းတိုးမြှင့်တဲ့အတွက် မူလ BE မှာ မပါဝင်ခဲ့ တဲ့ လျှပ်စစ် ဓာတ်အားခ ပေးချေဖို့ အတွက် စုစုပေါင်း ၃၁ ဘီလီယံ သုံးစွဲရပါတယ်” ဟု ဆိုသည်။
