Saturday, December 5, 2015

ကန်တော်ကြီး၊ မြကျွန်းသာနှင့် ပြည်သူ့ဥယျာဉ် မြေငှားရမ်းခများကို ကာလပေါက်ဈေးဖြင့် ပြောင်းလဲငှားရမ်းထားဟုဆို

ကန်တော်ကြီးသဘာဝ ဥယျာဉ်၊ ပြည်သူ့ဥယျာဉ်နှင့် မြ ကျွန်းသာဥယျာဉ်တို့အား ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြေငှားရမ်းခစာ ချုပ် ချုပ်ဆိုမှုများကို ခေတ်ကာလပေါက်ဈေးနှင့် ညီညွတ်စေရန် ပြင်ဆင်ချုပ်ဆိုမှုများပြုလုပ်ထား ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
တင်ဒါမခေါ်ဘဲ ပွင့်လင်းမြင် သာစွာ လုပ်ကိုင်မှုအားနည်းခြင်း၊ ခေတ်ကာလပေါက်ဈေးအရ မြေ ငှားရမ်းခနှုန်းထား နည်းပါးနေခြင်း၊ မည်သည့်နှုန်းထားများဖြင့် စာချုပ်ချုပ်ဆိုထားသည်ကို မသိရှိခြင်းတို့ကြောင့် ဥယျာဉ်များ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက လွှတ် တော်၌ မေးမြန်းခဲ့မှုများကို မြို့ တော်ဝန်က အချက်အလက်နှင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုခံစားရဆုံးဆယ်နိုင်ငံတွင် မြန်မာဒုတိယလိုက်

နှစ်ပေါင်းနှစ်ဆယ်အ တွင်း ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံး ဆယ်နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ်(၂)၌ ရှိကြောင်း ဂျာမန်အခြေစိုက် ရာသီဥတုပြောင်းလဲခြင်းစောင့် ကြည့်လေ့လာရေးအဖွဲ့ Ger-man Watch အဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ကွန်ဗင်းရှင်းအ လုပ်ရုံဆွေးနွေးပွဲ (UNFCCC)၌ ၎င်းတို့၏ တွေ့ရှိချက်ကို အ ထက်ပါအတိုင်း သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုဒဏ် ခံစားရဆုံးဆယ်နိုင်ငံစာရင်းတွင် ဟွန်ဒူးရပ်စ်နိုင်ငံပြီးလျှင် မြန်မာ နိုင်ငံသည် ဒုတိယလိုက်သည်။ မြန်မာနိုင်ငံနောက်တွင် ဟေတီ နိုင်ငံက အဆင့်(၃)၌ရှိသည်။

အကျင့်ပျက်ခြစားမှုဖြင့် ဘောလုံးလောကမှ တာဝန်ရှိသူ ၁၆ ဦးကို ထပ်မံစွဲချက်တင်

ဝါရှင်တန်− ကန်ဒေါ်လာသန်းပေါင်းများစွာပါဝင်သော ဖီဖာ၏ အရှုပ်တော်ပုံသည်ပိုမိုနက်ရှိုင်းလာခဲ့ပြီး အမေရိကန်တရားရေးဌာနက ဘောလုံးနှင့် ပတ်သက်သူ ၁၆ ဦးကို ထပ်မံစွဲချက်တင်လိုက်သည်။
ယမန်နေ့က ဇူးရစ်မြို့ရှိ ဖီဖာအရာရှိများ တည်းခိုရာ ဇိမ်ခံဟိုတယ်တွင် ဆွစ်ဇာလန်အာဏာပိုင်များက တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL) ဥက္ကဋ္ဌ ဟွမ်အိန်ဂျယ်နာပေါက်နှင့် မြောက်အမေရိကနှင့် ဗဟိုအမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အယ်လ်ဖရီဒိုဟာဝစ်တို့ကို ၀င်ရောက်ဖမ်းဆီးခဲ့သည်။ယင်းနောက် နာရီအနည်းငယ်အကြာမှာပင် အမေရိကန် တရားရေးဌာနက လူပေါင်း ၁၆ ဦးကို အကျင့်ပျက်ခြစားမှုစွဲချက်များ ထုတ်ပြန်ခဲ့ရာ အထက်ပါ ဖီဖာအရာရှိကြီးနှစ်ဦးလည်း ပါဝင်ခဲ့သည်။

ရုရှား ကမ္ဘာလှည့်ခရီးသွားများကို တိုက်ခိုက်ရန် ထိုင်းနိုင်ငံထဲသို့ အိုင်အက်စ်များ ရောက်ရှိနေဟုဆို

ထိုင်းလေဆိပ်တစ်ခုတွင် တွေ့ရသည့် ရုရှားကမ္ဘာလှည့် ခရီးသည်များ။
ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအကြမ်းဖက်သမား ၁၀ ဦးခန့် ထိုင်းနိုင်ငံထဲရောက်နေကြောင်း ရုရှားက ထိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်သတိပေးထားကြောင်း သိရသည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် အိုင်အက်စ်တို့သည် ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် ကွန်မန်ဒိုဆန်ဆန် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြီးကို အဓိကကြိုးကိုင်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် လူပေါင်း ၁၃၀ မျှ သေဆုံးခဲ့သည်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကို အကြမ်းဖက်မှု အနေဖြင့် FBI သတ်မှတ်စုံစမ်းနေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေးစင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ FBI ထောက်လှမ်းရေး ဌာနက အကြမ်းဖက်မှုတစ်ခုအဖြစ် သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်ရပ်တွင် ဆန်ဘာနာဒီနိုမြို့ရှိ လူမှုစောင့်ရှောက်ရေးစင်တာ၌ ပါတီပွဲတစ်ခု ကျင်းပနေချိန်တွင် လင်မယားနှစ်ဦးက ချေမှုန်းရေးရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားများက ထွက်ပြေးရန် ကြိုးစားသော်လည်း ၎င်းတို့၏ အနက်ရောင် SUV မော်တော်ကားကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးပြီး တရားခံနှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်။

အစိုးရအပြောင်းအလဲ အောင်မြင်ချောမွေ့စေရန် သမ္မတက ညွှန်ကြားထားပြီးဖြစ်သည်

အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် လိုအပ်သည့် ညွှန်ကြားချက်များ ပေးထားပြီး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
အစိုးရအဖွဲ့အစည်းအားလုံးနှင့် ဝန်ထမ်းအားလုံးကို ညွှန်ကြားချက်များ ပေးထားခြင်းဖြစ်ပြီး ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဟု သမ္မတက နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်သည့် ဒီဇင်ဘာ ၅ ရက် သဝဏ်လွှာအတွင်း ထည့်သွင်းပြောကြားသည်။

ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယခြေလှမ်းလျှောက်လှမ်းရန် လိုအပ်သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်၍ အပြန် အလှန်လေးစား၊ အပြန်အလှန် အထောက် အကူပြု ဆောင်ရွက် သွားကြရမည်

တိုင်းပြည်ကို အေးချမ်းသာယာပြီး တိုးတက်စေလိုသောစိတ်ရှိ သည့် နိုင်ငံသား တစ်ဦးအနေဖြင့် စည်းကမ်းရှိခြင်း၊ တရားမျှတခြင်း၊ ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်း၊ ညီညွတ်မျှတသော ပူးပေါင်း ဆောင်ရွက် မှုရှိခြင်း၊ နိုင်ငံကြီးသား ပီသခြင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းခြင်း၊ မိမိစွမ်းရည် သတ္တိထက်မြက်အောင် ဆောင်ရွက်အသုံးချခြင်း၊ အကြီးအကဲ ဂုဏ်ရည်ပြည့်ဝအောင် ကျင့်ကြံ ဆောင်ရွက်ခြင်း၊ အတွေးအခေါ်များ အမြဲရှင်သန်အောင် ဆောင်ရွက်ခြင်း စသည့် လူတစ်ဦးချင်း ဆိုင်ရာ ကျင့်ကြံအားထုတ်မှုတို့ကို အမိစစ်တက္ကသိုလ်က လေ့ကျင့် ပျိုးထောင်ပေး မှုများ နှင့် ပေါင်းစပ် ပြီး မိမိဘ၀တိုးတက်မှုကို ထာဝရ ရှင်သန်အောင် နေထိုင်ကြိုးစားကြရ မည်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်က ယနေ့နံနက် ၇ နာရီခွဲ တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၅၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစိုးရအသစ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ခိုင်မာစေရန် အလျင်အမြန် ဆောင်ရွက်သင့်

၂၀၁၆ တွင်တက်လာမည့် အစိုးရအသစ်အနေဖြင့် လွတ်လပ်၍ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မရှိမဖြစ် အခြေခံဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခိုင်မာစေရန် အလျင်အမြန် အရေးယူ ဆောင်ရွက်မှုများ လိုအပ်မည်ဟု PEN American Center အဖွဲ့ကြီးက ထုတ်ပြန်လိုက်သည်။

PEN American Center အဖွဲ့ကြီး၏ ဒီဇင်ဘာ ၄ ရက်ထုတ် "မပြီးပြည့်စုံသေးသော လွတ်လပ် ခြင်း-မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုင်ရာ အလားအလာများနှင့် သုံးသပ်တင်ပြချက် များ" အမည်ရှိ အစီရင်ခံစာအတွင်း ထည့်သွင်း အကြံပြုထားခြင်း ဖြစ်သည်။

တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေး ရှမ်းပြည်တိုးတက်ရေးပါတီနှင့် UPWC တို့ ထပ်မံဆွေးနွေးဦးမည်

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းရေးအတွက် လာမည့် ဒီဇင်ဘာလ ၇ ရက် နေပြည်တော်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်၊ ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့မှုကို ရပ်ဆိုင်းရေး၊ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ရေသော စစ်ပြေးဒုက္ခသည်များ မိမိတို့ မူရင်း နေရပ်သို့ ပြန်၍ ပြန်လည် နေရာချထားရေးနှင့် မိုင်းရှူး၊ မိုင်းနောင် မြို့နယ်အတွင်း ပိတ်ထားရသော စာသင်ကြောင်းများ အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့် အချက် ၄ ချက်ကို အဓိက သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း SSPP/SSA ၏ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆု က ပြောသည်။

“နေပြည်တော်မှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ စစ်ပွဲတွေ ချုပ်ငြိမ်းရေး အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်။ UPWC ၏ ညှိနှိုင်းပေး မှုနဲ့ ဒီဒေသ အေးချမ်းနေတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ကျေးဇူးတင်စကား ပြောရမယ်။ အပြန်အလှန် ယုံကြည်မှု လုပ်ဆောင်ဖို့ ဖလှယ်ရမယ်။ စစ်ပြေးဒုက္ခသည်တွေ မူရင်း ဒေသကို ပြန်ဖို၊ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဟု သူက မဇ္စျိမကို ပြောသည်။

ပီအက်စ်ဂျီ၏ လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာသည့် အီဗရာဟီမိုဗစ်ခ်ျ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို အဝေးကွင်းတွင် ၀-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုး နှစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျသည် ပီအက်စ်ဂျီအသင်း၏သမိုင်းတွင် လိဂ်ပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် ကာဗာနီက စတင်သွင်းယူပေးခဲ့ပြီး မိုဗစ်ခ်ျက ၄၄ မိနစ်တွင် ပင်နယ်တီမှ ဒုတိယဂိုး၊ ၆၁ မိနစ်တွင် တတိယဂိုးသွင်းယူပေးခဲ့သည်။