Monday, May 25, 2015

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို

အဆင့်မြင့်ပညာတက္ကသိုလ်များကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးမှ တက်ရောက်ခွင့်ပြုရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေသော်လည်း ယခု ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင်မူ အပြောင်းအလဲရှိဦးမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
မေလ ၂၃ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ပြောင်းလဲရေး နှီးနှောဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ပြင်ဆင်စရာတွေက အများကြီးပါ။ စနစ်သစ် ကျင့်သုံးမယ်ဆိုလည်း အခြေခံပညာကျောင်းတွေကို အသိပေးသွားမှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောဆိုသည်။

အကြွေးမဆပ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်မည်ဟု ရုရှားဝန်ကြီးချုပ် ပြောကြား

ရုရှားနိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် အကြွေးများကို မပေးရန် ယူကရိန်း အစိုးရက ဆုံးဖြတ်ပါက ယူကရိန်းကို တင်းတင်းမာမာ ကိုင်တွယ်သွားမည်ဟု ရုရှားဝန်ကြီးချုပ် ဒီမီထရီမတ်ဗီဒက်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ နိုင်ငံခြားကြွေးမြီများ ကို ဆိုင်းငံ့ပိုင်ခွင့် ရှိကြောင်း ဖော်ပြထားသည့် ဥပဒေသစ်တစ်ရပ်ကို ယူကရိန်းနိုင်ငံက အတည်ပြုလိုက်သဖြင့် ကီးယက်ထံမှ ဒေါ်လာသုံးဘီလီယံ ရစရာရှိသည့် ရုရှားနိုင်ငံက ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
“သူတို့က ပုဂ္ဂလိကချေးငွေကို ပြောနေတာပါ။ ဒါပေမဲ့လည်း ယာနျူကိုဗစ် (ယခင် ယူကရိန်းသမ္မတဟောင်း) လက်ထက်တုန်းက ယူထားတဲ့ ငွေတွေ ပြန်မပေးနိုင်ဘူးလို့လည်း စောင်းပါးရိပ်ခြည် ပြောနေပါတယ်” ဟု ရုရှားဝန်ကြီးချုပ် မတ်ဗီဒက်က ပြောကြားသွားသည်။

တမူးမြို့ အချုပ်ခန်းတွင် နိုင်ငံခြားသား တစ်ဦး သေဆုံး

တမူးမြို့မရဲစခန်း အချုပ်ခန်းအတွင်း ၌ ချုပ်နှောင်ထားသည့် တစ်ဖက်နိုင်ငံမှ အိန်္ဒိယ နိုင်ငံသား တစ်ဦးသည် ယခုလ (၂၂) ရက်နေ့တွင် တမူးမြို့ပြည်သူ့ဆေးရုံကြီး အတွင်း၌ အသည်းကျွမ်းသည့် ရောဂါ ဖြင့် သေဆုံးသွားခဲ့ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဌာနထံမှ သိရသည်။
တမူးမြို့ ရဲစခန်းအချုပ်ခန်း အတွင်း၌ သေဆုံးသွားခဲ့သည့် ရိုမင်လျံနာ (၇၀)နှစ်သည် ပြီးခဲ့သည့် မတ်လအတွင်း ၌ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် တမူးမြို့သို့ တရားမ၀င်လမ်းကြောင်းမှ ၀င်ရောက် လာသည့်(၁၉) ဦးအနက် တစ်ဦး အပါ အ၀င်ဖြစ်ပြီး၊ ၎င်းတို့အား တမူးမြို့ နယ် (လ၀က) မှ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (ချုပ်နှောင်ခြင်း) နည်းဥပဒေ အပိုဒ် ၂(၁) အရ တမူးမြို့မ ရဲစခန်းတွင် ယာယီ ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရသည်။

အသက် (၆၅)နှစ်အရွယ် အဘွားအို လေးမြွှာပူး မွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာ


အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဂျာမနီနိုင်ငံက အဘွားအိုတစ်ဦးဟာ လေးမြွှာပူးမွေးဖွားခဲ့တာကြောင့် ကလေး (၁၇)ဦး ပိုင်ဆိုင်သူ ဖြစ်လာကြောင်း သိရ ပါတယ်။ ဒါ့အပြင် လေးမြွှာပူးကို ကျန်းမာအသက်ရှင်စွာ မွေးနိုင် တဲ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် စံချိန်တင်သွားခဲ့ ပါတယ်။ ဒါပေမဲ့ အန်နီဂရက်ဟာ လေးမြွှာပူးကို ရက်မစေ့ဘဲ သတ်မှတ်ထားတာထက်(၁၂)ပတ်လောက် စောပြီး(၂၆) ပတ်ကိုယ်ဝန်ဆောင်ပြီး မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။လေးမြွာပူး မွေးဖွားရာမှာ ယောက်ျားလေး (၃)ဦး၊ အမျိုးသမီး (၁)ဦး ဖြစ်ကြောင်း ဂျာမနီသတင်းဌာနတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ကားများ အရှိန်လျှော့မောင်းရေး လမ်းမပေါ် အိပ်ရာ တစ်ခုချပြီး ဆန္ဒပြ


ဝေးလ်စ်နိုင်ငံ ကာဒစ်ဖ်မြို့မှ လူတစ်ဦးသည် အိပ်ရာ တစ်ခုကို အဝေးပြေး လမ်းမ၌ ကားရှုပ်ချိန်တွင် ဆွဲပြေးကာ ယာဉ်စည်းကမ်း အားနည်းမှု များကြောင့် (၁၂) နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကလေးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အဆိုပါနီနန် ပန်းခြံလမ်းတွင် ကားတစ်စီးဖြင့် တိုက်မိပြီး သေဆုံးခဲ့ရသည့် (၁၂) နှစ်အရွယ် ဟာမစ်အလီခန်း ဆိုသူ ဖြစ်သည်။ ထို့ကြောင့် ကာဒစ်ဖ်ဒေသခံ တစ်ဦး ဖြစ်သည့် လေတန်ပရိစ်က ထိုလမ်းတွင် အိပ်ရာခင်း တစ်ခုကို ဆွဲပြေးကာ ကားများ လမ်းစည်းကမ်း လိုက်နာကြရန် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။