Wednesday, January 6, 2016

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် နျူကလီးယားပိုင်သည့် နိုင်ငံများတွင် ပါဝင်ပြီဆို

မြောက်ကိုရီးယား၏ အရှေ့မြောက် အဏုမြူ စမ်းသပ်မှု နယ်မြေအနီးတွင် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ပြီး နောက်ပိုင်း ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ချက်တစ်ခုကို ဇန်န၀ါရီ ၆ ရက်က အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ထုတ်ဖော် ပြောကြားခဲ့သည်။
ပြုံယမ်းသည် ဒေသစံတော်ချိန် ၁၂ နာရီ တွင် အထူး ကြေညာချက်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဗုံးစမ်းသပ်မှုသတင်းများကို အတည်ပြုသွားခဲ့ကာ ယင်း၏ နျူးကလီးယားဆိုင်ရာ တိုးတက်မှုပိုင်းတွင် အဓိက ခြေလှမ်းတစ်ရပ် လှမ်းလိုက်နိုင်ပြီဟု ပြောကြားသွားခဲ့သည်။

ကူဝိတ်က အီရန်ရှိ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူပြီ

ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို သေဒဏ်ပေးလိုက်ခြင်းနောက် မငြိမ်မသက်မှုများက ဆိုးသထက်ဆိုးလာနေပြီး ကူဝိတ်နိုင်ငံကလည်း အီရန်ရှိ သံအမတ်ကြီးအား ပြန်ခေါ်ပြီဟု ကြေညာလိုက်သည်။
ရှီယိုက်မွတ်စလင်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာနှင့် အခြားသူ ၄၆ ဦးအား သေဒဏ်ပေးခဲ့ပြီးနောက် အီရန်ရှိ ဆော်ဒီသံရုံးအား ဇန်နဝါရီ ၂ ရက်က ဒေါသထွက်နေသော လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြသည်။

သေနတ် ထိန်းချုပ်ရေးအမိန့် သမ္မတ အိုဘားမား မျက်ရည်များဖြင့် ပြဋ္ဌာန်း

အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သေနတ်ဝယ်ယူခွင့် စည်းကမ်းသတ်မှတ်ချက်သစ်များ ကြပ်မတ်ခြင်းအမိန့် ထုတ်ပြန်ချိန်တွင် သေနတ်ပစ်ခတ်မှုတစ်ရပ်အတွင်း ကလေးငယ်များ သေဆုံးခဲ့ရခြင်းအား စိတ်ထဲ ပြန်ပြောင်းသတိရရာမှ မျက်ရည်ကျကာ အမိန့်ကို ထုတ်ပြန်ခဲ့သည်။၂၀၁၂ ခုနှစ်က ဆန်ဒီဟုခ် မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် ကလေးငယ် ၂၀နှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦးသေဆုံးခဲ့ရခြင်းကို သမ္မတအိုဘားမားက ပြန်ပြောင်းပြောဆိုရာမှ မျက်ရည်ကျခြင်း ဖြစ်သည်။

အင်္ဂလန်တွင် နည်းပြရန်အတွက် ဘိုင်ယန်ကိုစွန့်ခွာခြင်းဟု ဂွာဒီယိုလာထုတ်ပြော

အင်္ဂလန်တွင်နည်းပြအဖြစ် လုပ်ကိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာခြင်းဖြစ်သည်ဟု ဂွာဒီယိုလာက ပြောသည်။ ဘာစီလိုနာနည်းပြဟောင်းသည် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းထပ်မတိုးတော့ကြောင်းကို မကြာသေးခင်က ကြေညာ ထားသူဖြစ်သည်။

အင်္ဂလန်၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ၀ိန်းရွန်နီ ရရှိ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီသည် ၂၀၁၅ ခုနှစ်အတွက် အင်္ဂလန်၏ တစ်နှစ်တာအကောင်ဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့သည်။
ရွန်နီသည် ၂၀၁၅ ခုနှစ်အတွင်း မန်ယူအသင်းတွင် ရုန်းကန်နေခဲ့ရသော်လည်း အင်္ဂလန်အသင်းတွင်မှု အမှတ်ရဖွယ်ရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

ပတ္တမြားဒေ၀ီ စောမဲကျီ ဇာတ်လမ်းကို ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ကပြ ဖျော်ဖြေမည်

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် မြသစ္စာ Entertainment မှ စီစဉ် ဆောင်ရွက်မည့် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကို ဇန်န၀ါရီ ၁၄ရက်တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ၏ နှစ် ၆၀ပြည့် အထိမ်းအမှတ် အဖြစ် ပတ္တမြား ဒေ၀ီ စောမဲကျီ ရာဇ၀င် စင်တင် ပြဇာတ်ကြီး ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဇန်န၀ါရီ ၆ရက်တွင် ရန်ကုန်မြို့ ၀ါးတန်းလမ်း ရှိ Panda Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရှက်စရာကောင်းတဲ့ လုပ်ရပ်လို့ဆို

အစိုးရတစ်ရပ် ဖွဲ့စည်းတော့မည့် NLD အစိုးရအတွက် ဝန်ကြီးနေရာတောင်းသူများ များစွာရှိနေပြီး အလွန်ရှက်စရာကောင်းသည့် လုပ်ရပ်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောလိုက်သည်။ဝန်ကြီးနေရာ တောင်းသူများတွင် ပါတီဝင်များသာမက ပါတီဝင် မဟုတ်သူများပါပါဝင်သည်ဟု လွတ်လပ်သည့် အာရှအသံ(မြန်မာပိုင်း) နှင့် တွေ့ဆုံမှုတွင် ဦးဝင်းထိန်က ပြေလိုက်ခြင်းဖြစ်သည်။