Thursday, October 29, 2015

ရှမ်းတောင်ပိုင်းမြို့နယ်အချို့ ရွေးကောက်ပွဲမကျင်းပဟု ကြေညာပြီးနောက်တစ်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်လာ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာပြီး နောက်တစ်နေ့၌  မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ရွေးကောက်ပွဲကော်မရှင်၏ အဆိုပါကြေညာချက်ကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် ဒေသခံများကကန့်ကွက်နေကြသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းရှူး ကျေးသီးမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ဟိုပန်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် SNLD က အဆိုပါ ထုတ်ပြန်ချက်အပေါ် တရား ၀င်ကန့်ကွက်ခဲ့သည်။

နီပေါတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတဖြစ်လာ

လွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ နီပေါနိုင်ငံတွင် အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် သမ္မတ ဖြစ်လာကြောင်း သိရှိရသည်။
အသက် ၅၄ နှစ်ရှိ ဘစ်ဟ်ဟယာဒေဝီဘန်ဒါရီ သမ္မတ ဖြစ်လာခြင်းသည် နီပေါနိုင်ငံရေး သမိုင်းတွင် ကြီးကျယ်ထင်ရှားသည့် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။ ယခုလအတွင်း လွှတ်တော်က အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများအတွက် လူသစ်များ ရွေးချယ် တင်မြှောက်ရာတွင် ဘန်ဒါရီသည် ဒုတိယမြောက် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းတွင် ကေပီရှာမာအိုလီကိုလည်း နီပေါလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ

 ရွေးကောက်ပွဲကျင်းပ ရန် ၁၁ ရက်သာ လိုတော့သည့်အ ချိန်တွင် ကျရောက်သော သီတင်း ကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီသို့ လာ ရောက်ဖူးမြော်သူများထဲတွင် ရွေး ကောက်ပွဲအေးချမ်းစွာပြီးဆုံးရန် ဆုတောင်းသူများ ရှိခဲ့သည်။

ရွှေတိဂုံစေတီသို့ လာရောက်ဖူးမြော်သူ ၃၇ဦးကို ရွေးကောက်ပွဲ နှင့်ပတ်သက်၍ 7Day သတင်းစာက ကျပန်းမေးမြန်းခဲ့ရာ ၁၂ဦးကရွေးကောက်ပွဲ အေးချမ်းစွာပြီးဆုံး ရန်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်တက်လာရန် ဆုတောင်းခဲ့ပြီး ၁၀ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရန် ဆုတောင်းခဲ့ကြောင်းနှင့် ၁၅ ဦးက မိသားစုနှင့် ဆွေမျိုးများအတွက် ဆုတောင်း ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးရွှေ့ပြောင်းလုပ်သားများ ရွေးကောက်ပွဲ ဗဟုသုတအားနည်း

မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု  ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။

တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ

တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။

လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်

လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက် ထောက်ပံ့သည့် ကုမ္ပဏီသုံးခုက Google၏ Project Loon နှင့် ပူးပေါင်းပြီး စမ်းသပ်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ကြေညာပြီး မကြာမီတွင် ယခုသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ကမ္ဘာအနှံ့တွင် အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ရေး မျှော်လင့်ချက်အတွက် ယခုအစီအစဉ်သည် အခြားသော နည်းလမ်းများထက် ကောင်းကျိုးပိုများကြောင့် သုတေသီများက ဆိုသည်။

အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်

အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး  ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။