Saturday, November 21, 2015

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်

ပညာရေး ၀န်ကြီးဌာနမှ တင်သွင်းထားသည့် ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးခြင်း မရှိဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော်မှ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့၊ ပထမအကြိမ်၊(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသား လွှတ်တော်မှ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းကို ဆိုင်းငံ့ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်းက သူနဲ့ဆက်နွှယ်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနဲ့ ညီညွတ်မှုမရှိလို့ ဆိုင်ငံ့ထားဖို့ တင်ပြတာပါ””ဟု အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးဝင်းမောင်က ပြောသည်။

ကချင် စစ်ဘေးရှောင်များ (၂) ရက် အတွင်း ရိက္ခာပြတ်လပ်နိုင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA/KIO) တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါက စစ်ဘေးရှောင် ပြည်သူများသည် နှစ်ရက်အတွင်း ရိက္ခာပြတ်လပ်မည် ဖြစ်ကြောင်း မိုးညှင်းမြို့နယ် ကချင်နှစ်ခြင်း အသင်းတော် (KBC) ဒုက္ခသည် စခန်းများဆိုင်ရာ တာဝန်ခံ သင်းအုပ် ဆရာတော် ဦးအောင်ဆိုင်းက ပြောသည်။

ယခုလ (၁၄) ရက်နေ့ စတင်၍ KIA နှင့် တပ်မတော်တို့ မိုးညှင်းမြို့နယ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူများ ပါရှိကြောင်းနှင့် နေ့လယ်ပိုင်း အထိ တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း KBC မှ သိရသည်။

''အခုဟာက အသင်းတော်မှာရှိတဲ့ ငွေကြေးနဲ့ ရိက္ခာတွေကို စစ်ဘေးရှောင်တွေကို ကျွေးထားရတယ်။ တချို့နေရာမှာ စစ်ဘေးရှောင်နေတဲ့ သူတွေကတော့ အခြေအနေကြည့်ပြီး နေ့လယ်ပိုင်းမှာ ကိုယ်အိမ် ကိုယ်ပြန်ပြီး ချက်ပြုတ် စားသောက်ကြတယ်။ ညပိုင်းကျတော့ စခန်းကို ပြန်လာကြတယ်။ နောက်နှစ်ရက်ဆိုင်ရင် ရိက္ခာကပြတ်ပြီ'' ဟု ၎င်းကဆက်ပြောသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အလုပ်မဖြစ်ကြောင်း ဝေဖန်

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် အလုပ်မဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ယမန်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ဝေဖန် ပြောကြားလိုက်သည်။

(၁၃) ကြိမ်မြောက် ပြည်သူ့ လွှတ်တော် အစည်းအဝေး (၅) ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာ တင်သွင်းထားမှုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးရာ၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ၀င်ရောက် ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကော်မတီရဲ့ အစီအရင်ခံစာ အဆုံးပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုင်စာပေါင်းနဲ့ ပတ်သက်ပြီး ကော်မတီ အနေနဲ့ တစ်စောင် တစ်လေကိုမျှ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပဲ။ ဆိုင်ရာ ကော်မတီ၊ ကော်မရှင်တွေကိုပဲ လွှဲပြောင်းပေးခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကော်မတီဟာ အလုပ်မဖြစ်ဘူး ဆိုတာ သိသာနိုင်ပါတယ်'' ဟု ၎င်းက ဝေဖန်ပြောကြားခဲ့သည်။

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း ဆိုင်းငံ့ရန် အစီရင်ခံစာတင်

ရေနံ လက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် အညီ ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသောကြောင့် လက်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြဌာန်းခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ယမန်နေ့တွင် အမျိုးသား လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်းသည် ပြင်ဆင်ရန် အချက်များစွာ ရှိနေပြီး ဥပဒေကြမ်းကို ဦးဆောင် ရေးဆွဲခဲ့သည့် စွမ်းအင် ၀န်ကြီးဌာနကလည်း ပြန်လည် ပြုစုပေးရန် သဘော တူညီခဲ့သောကြောင့် ပြီးပြည့်စုံသည့် ဥပဒေ တစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် ဆိုင်းငံ့ထားရန် သင့်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ပြောသည်။

''ဒီဥပဒေကြမ်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်း မကိုက်ညီတာ သွားတွေ့ရတယ်။ အဲဒါကြောင့် ဒီဥပဒေကြမ်းကို လတ်တလော မပြဌာန်းဘဲ ဆိုင်းငံ့ထားဖို့ လွှတ်တော် တင်သွင်းတာ'' ဟု ၎င်းကပြောသည်။

ဆီးရီးယားတွင် အိုင်အက်စ်တို့အပေါ် ရုရှား၏ စစ်ဆင်ရေးများ အရှိန်မြှင့်တင်လာ

ရုရှားက ဆီးရီးယားရှိ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကို ပိုမိုအရှိန်မြှင့်တင်သွားမည်ဟု ကြေညာခဲ့သည်။

အကြမ်းဖက် အဖွဲ့အစည်း၏ပစ်မှတ်များကို ချေမှုန်းရန် ဆီးရီးယားစစ်မြေပြင်၌ လေယာဉ်အရေအတွက် ၆၉ စီးထိ တိုးမြှင့်အသုံးပြုသွားမည်ဟု ရုရှားအစိုးရက ကြေညာသည်။ သို့သော်လည်း ထိုမျှပမာဏသည် အိုင်အက်စ်တို့ကို အမြစ်ဖြတ်ချေမှုန်းရန် လုံလောက်မှု မရှိသေးကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးခဲ့သည်။

အီဂျစ်ရှိ ဆီနိုင်းဒေသတွင် ရုရှားခရီးသည်တင် လေယာဉ်တစ်စီး အိုင်အက်စ်တို့၏ ဗုံးခွဲမှုကြောင့် ပျက်ကျသွားသည့်နောက် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ ပိုမိုအရှိန်မြင့်လာသည်။

ကက်စ်ပီယန် ပင်လယ်ထဲတွင် နေရာယူထားသည့် ရုရှားတိုက်သင်္ဘောများကလည်း တာဝေးပစ်ဒုံးကျည်များဖြင့် အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်အချို့သည် မဟာဗျူဟာအရ အိုင်အက်စ်တို့အတွက် အလွန်အရေးပါသည့် ပစ်မှတ်များကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်းလည်း ရုရှားရေတပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အပ်ငွေ၏ ၅ ရာခိုင်နှုန်း ဗဟိုဘဏ်တွင် သီးသန့်ထားရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များတောင်းဆို

ဘဏ်များတွင် လာ ရောက်အပ်နှံသည့်ငွေများ၏ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၌ သီး သန့်ငွေအဖြစ် ထားရှိနေရခြင်းကို ဖြေလျှော့ပေးရန် ဘဏ်များက ဗဟိုဘဏ်သို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အဆိုပါ ၅ ရာခိုင်နှုန်းအ တွက် လာရောက်အပ်နှံသူများအား အတိုးများပေးနေရသော်လည်း ဗဟိုဘဏ်တွင် သီးသန့်ငွေအဖြစ် ပြန်လည်ထားရှိရသည့်အခါ အ ကျိုးအမြတ်မရရှိ၍ ဘဏ်များက ကြားထဲမှ အတိုးစိုက်ထုတ်ပေးနေ ရသည်။ ထို့ကြောင့် ဖြေလျှော့ပေး ရန် နိုဝင်ဘာ ၁၆ ရက်က ဗဟို ဘဏ်တာဝန်ရှိသူများနှင့်တွေ့ဆုံ စဉ် တောင်းဆိုကြကြောင်း ယူနိုက်တက်အမရဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေက ပြောသည်။

‘‘တချို့အပ်နှံငွေအများကြီး ရတဲ့ ဘဏ်ကြီးတွေဆိုရင် အဲဒီ အပ်နှံငွေတွေရဲ့ ၅ ရာခိုင်နှုန်းဆို တာ မနည်းဘူး။ ဒီငွေကို အလ ကား အတိုးထိုင်ပေးနေရရင် ဘဏ်တွေလည်း မလွယ်ဘူးလေ။ အဲဒီတော့ ဘဏ်တွေရဲ့ငွေတွေကို ဗဟိုဘဏ်က အတိုးပြန်ပေးနိုင်မ လား၊ ဒါမှမဟုတ် ထားရတဲ့ရာခိုင် နှုန်းကို လျှော့ချပေးနိုင်မလားလို့ ဘဏ်တွေက တင်ပြကြတာပါ’’ ဟု ဦးသန်းဝင်းဆွေကပြောကြား သည်။

ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်များ အပြီးသတ်ကြေညာ၊ ပြည်ထောင်စုလွှတ်တော်တွင် ဒီချုပ်က ၃၉၀ ဦး၊ ပြည်ခိုင်ဖြိုးက ၄၂ ဦးရရှိ

ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်များအပြီးသတ်ကြေ ညာချက်အဖြစ် ကချင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နှစ်ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် တစ်ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် လေးခုနှင့် တိုင်းရင်း သားလူမျိုးလွှတ်တော်ကိုယ်စား လှယ် လေးနေရာတို့ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က နိုဝင်ဘာ ၂၀ ရက်က ကြေညာခဲ့သည်။

နောင်မွန်းပြည်သူ့လွှတ် တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး၊ ခေါင်လန်ဖူး၌ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)က အနိုင်ရခဲ့သည်။

ကချင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးဂျေယောဝူ ရွေးချယ်ခံရ၍ ပြည်ထောင်စုလွှတ်တော်တွင် တစညက ထိုင်ခုံတစ်နေရာရရှိခဲ့သည်။

နောင်မွန်းရှိ ပြည်နယ်လွှတ် တော်မဲဆန္ဒနယ်နှစ်ခုစလုံးတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့သည်။ ခေါင်လန်ဖူး(၁)တွင် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)က အနိုင်ရပြီး ခေါင်လန်ဖူး (၂)တွင်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည်။