Monday, July 13, 2015

အီရတ်တွင် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်၍ လူ ၂၈ ဦး သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွား၍ လူပေါင်း အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း တာဝန်ရှိ သူများက ပြောသည်။ရှာအက်ဘ်ခရိုင်အတွင်း ကားဗုံးတစ်လုံးပေါက်ကွဲရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး အနီးရှိဈေးတစ်ဈေးတွင်လည်း အသေခံဗုံး ခွဲသမားတစ်ဦး ဖောက်ခွဲ၍ လူများစွာ သေဆုံးခဲ့သည်။
ဘန်နော့ခရိုင်အတွင်းလည်း အခြားကားဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူကိုးဦးအနည်းဆုံးသေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူပေါင်းလည်း များစွာရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရန် ရှနိုက်ဒါလင် ဆေးစစ်မှုခံယူပြီးစီး


ရှနိုက်ဒါလင်သည် ဆောက်သမ်တန်မှ မန်ယူသို့ပေါင် ၂၄ သန်းဖြင့်ပြောင်းရွှေ့ရန်အတွက် ဆေးစစ်မှုခံယူပြီးစီးသွားပြီဟု ဗြိတိန်ထုတ် မယ်ရာ သတင်းစာက ဖော်ပြသည်။ ဒေးလီးမေးလ်သတင်းစာကမူ ရှနိုက်ဒါလင်၏ပြောင်းရွှေ့ကြေးကို ပေါင် ၂၅ သန်းဟု ဖော်ပြထားသည်။ယင်းကွင်းလယ်ကစားသမားသည် တစ်နှစ်သက်တမ်းထပ်မံတိုးခွင့်ရှိသည့် လေးနှစ်စာချုပ်ချုပ်ရန်အတွက် မန်ယူလေ့ကျင့်ရေးစင်တာတွင် ဦးစွာဆေးစစ်မှုခံယူခဲ့ခြင်းဖြစ်သည်။
ဒီပေး၊ ဒါမီယန်နှင့် ရှဝိန်းစတိုင်ဂါတို့ကိုခေါ်ယူထားသည့် မန်ယူအသင်းအနေဖြင့် ရှနိုက်ဒါလင်ကိုထပ်မံခေါ်ယူခြင်းအားဖြင့် အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၈၀ နားကပ်လာခဲ့ပြီး နောက်ထပ်အားဖြည့်မှုများလည်း ပြုလုပ်ဦးမည်ဖြစ်သည်။

ပြိုင်ဖက်ဂိုးသမား အမှားက အသင်းအတွက် ကံကြမ္မာဖေးမမှုဖြစ်ခဲ့ဟု ဟံသာဝတီနည်းပြ ဆို


၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလား ဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့်တွင် ကမ္ဘောဇအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ အမှားမှာ မိမိတို့အသင်းအတွက် ကံကြမ္မာ မေးမမှု တစ်ခုဖြစ်ခဲ့ဟု ဟံသာဝတီအသင်းနည်းပြ ဦးငွေထွန်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ဟံသာဝတီအသင်းနှင့် ကမ္ဘောဇအသင်းတို့သည် ပွဲချိန် မိနစ် ၆၀ ကျော်အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေသော်လည်း ပွဲချိန် ၆၈ မိနစ်၌ ကမ္ဘောဇဂိုးသမား မျိုးမင်းလတ်၏ လူပေးမှားမှုမှတစ်ဆင့် ဟံသာဝတီအသင်းက ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ဘန်ဘာက သွင်းယူပေးခဲ့ပြီး တတိယအနိုင်ဂိုး ကို ပွဲချိန် ၈၂ မိနစ်တွင် တိုက်စစ်မှူး အောင်မျိုးသူရက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်း ချန်ပီယံဆုကို ဂျိုကိုဗစ်ဆွတ်ခူး


ဝင်ဘယ်ဒန် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်တစ် တင်းနစ်သမား ဂျိုကိုဗစ်သည် ဆွစ်ဇာလန်တင်းနစ်သမား ရော်ဂျာဖက်ဒါးရားကို ၇-၆(၇-၁)၊ ၆-၇(၁၀-၁၂)၊ ၆-၄၊ ၆-၃ တို့ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။ပြိုင်ပွဲမှာ အလွန်အကြိတ်အနယ်ရှိခဲ့ပြီး ပထမပွဲကြီး နှစ်ပွဲတွင် tie-break ရိုက်ခဲ့ရပြီး တစ်ပွဲစီအနိုင်ရရှိခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ အသက် ၃၃ နှစ်အရွယ်ရှိ ဖက်ဒါးရားမှာ ကစားအားကျသွားခဲ့ပြီး ဂျိုကိုဗစ်က ကျန်နှစ်ပွဲကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိသွားခဲ့သည်။အသက် ၂၈ နှစ်အရွယ်ရျိ ဂျိုကိုဗစ်သည် ယခုနှစ်တွင် ဒုတိယမြောက် ဂရင်းစလင်းချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုးခုမြောက် ဂရင်းစလင်းချန်ပီယံဆုလည်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ်ဝက်ကျော်ကာလ အတွင်းသေဆုံးသူပေါင်း ၆၀ ရှိ

မြန်မာနိုင်ငံအတွင်း ဇန်နဝါရီလအတွင်းက စတင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြောင့် ဇူလိုင် ၁၀ ရက်အထိသေဆုံး သူပေါင်း ၆၀ ရှိသွားပြီဖြစ်ကြောင်း zeenews ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြထားသည်။
ယခုနှစ် တုပ်ကွေးရာသီတွင် မြန်မာနိုင်ငံ၌ တုပ်ကွေးဖြစ်ပွားသူပေါင်း ၁၀၀၀၀ ရှိပြီး ယမန်နှစ် နှုန်းထက် နှစ်ဆမြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။
သေဆုံးမှုများတွင် ရန်ကုန်က အမြင့်ဆုံးဖြစ်ပြီး နိုင်ငံတစ်ဝန်း တုပ်ကွေးကူးစက်ဖြစ်ပွားမှုပေါင်း နေ့စဉ် ၂၀၀ မှ ၂၅၀ ကြားခန့် ရှိသည်။

ဝန်ကြီးချုပ်အား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှုကို မလေးရှားရဲ စုံစမ်းစစ်ဆေးနေ


၁၉၅၇ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် ညွှန့်ပေါင်းအစိုးရကို အမြစ်မှကိုင်လှုပ်လိုက်သည့် ဖွင့်ချမှုတစ်ခုဖြစ်သော ဝန်ကြီးချုပ် နာဂျစ်ရာဇက်၏ ငွေစာရင်းထဲသို့ ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်သွားခဲ့သည်ဟု စွပ်စွဲထား သည့် လျှို့ဝှက်စာရွက်စာတန်းများ ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေသည်ဟု မလေးရှားရဲက ဇူလိုင်လ ၁၃ရက်က ပြောကြား ခဲ့သည်။နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့ 1MDBကို အစိုးရ၏ စုံစမ်းစစ်ဆေးမှုဟု ယူဆရသည့် စာရွက်စာတန်း များပေါက်ကြားမှု မှာ နိုင်ငံတော်ကို ဆန့်ကျင်သည့် စီးပွားရေးအရ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်နိုင်သကဲ့သို့၊ နာဂျစ်ကို ဖြုတ်ချရန် လျှို့ဝှက်ကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံတော်ရဲချုပ် ခါလစ် အဘူ ဘာခါက ပြောကြားခဲ့သည်။

နှစ်သက်တမ်း ၁၂၀၀ ရှိသည့် ဗုဒ္ဓဥယျာဉ်ကို တရုတ်အနောက်တောင်ပိုင်းတွင် တူးဖော်တွေ့ရှိ


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ချန်ဒူမြို့အတွင်း နှစ်သက်တမ်း ၁၂၀၀ ကျော်ရှိသည့် ရှေးဟောင်း ဗုဒ္ဓဥယျာဉ်တော်တစ်ခုကို တူးဖော်တွေ့ရှိကြောင်း ဒေသတူးဖော်ရေးအဖွဲ့က ပြောသည်။

ယခုတွေ့ရှိသည့် ဗုဒ္ဓဥယျာဉ်တော်သည့် တရုတ် တန်မင်းဆက် (အေဒီ ၆၁၈ မှ အေဒီ ၉၀၇) ခေတ်က ဖြစ်ပြီး ချန်ဒူမြို့ တွင်ဆောက်လုပ်ရေး လုပ်ကွက်တစ်ခု အနီးတွင် ယခုလအစောပိုင်းက တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဥယျာဉ်မှာ စတုရန်းမီတာ ၂၅၀၀ ရှိပြီး အရှည် မီတာ ၉၀ ရှိ တူးမြောင်းတစ်ခုနှင့် ရေကန်တစ်ကန်တို့လည်း ပါဝင်သည်။

မသန်စွမ်းများ မဲပေးပြီးနောက် ကြုံတွေ့ရသည့် အခြေအနေများကို ရွေးကောက်ပွဲနေ့တွင် စစ်တမ်းကောက်မည်


၂၀၁၅ အထွေထွေရွေးကောက်ပွဲနေ့တွင် မဲပေးပြီး မဲရုံကထွက်ရှိလာသည့် မသန်စွမ်းများအား မဲပေးရာ တွင် ကြုံတွေ့ရသည့် အခြေအနေများ ကိုမေးမြန်း၍စစ်တမ်းကောက်ယူသွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်း သူများရှေ့ဆောင် အဖွဲ့ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကိုပြောသည်။

ယင်းအစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ မဲရုံများတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး မဲပေးရာတွင် ကြုံတွေ့ ရသည့် အခြေအနေများ၊ အခက်အခဲများကို မေးမြန်းသွားမည်ဖြစ်သည်။

ခြစားမှု စုံစမ်းစစ်ဆေးစဉ်အတွင်း ရိုမေးနီးယားဝန်ကြီးချုပ် ပါတီခေါင်းဆောင်အဖြစ်မှ ဆင်းပေး

အစိုးရခေါင်းဆောင်အဖြစ်မှ ဆင်းပေးရန် တောင်းဆိုမှုများကို ဖြစ်ပေါ်လာစေခဲ့သည့် အဂတိလိုက် စားမှုစွဲချက်များကို ရင်ဆိုင်နေရသောကြောင့် ရိုမေးနီးယားဝန်ကြီးချုပ် ဗစ်တာပွန်တာမှာ ဇူလိုင်လ ၁၂ရက်နေ့က ဆိုရှယ်ဒီမိုက ရတ်ပါတီ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။

ပွန်တာမှာ ငွေကြေးခ၀ါချမှု၊ အခွန်ရှောင်မှုများဖြင့် ယမန်လကတည်းက စုံစမ်းစစ်ဆေးမှု ခံနေရသော်လည်း သူ၏ ၀န်ကြီးချုပ် တာဝန်မှာ ရိုမေးနီးယန်းပြည်သူ သန်းပေါင်းများစွာနှင့် သက်ဆိုင်သည်ဟု ဆိုကာ ၀န်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ရန် ကိုမူငြင်းဆို ခဲ့သည်။

အကျဉ်းဦးစီးဌာန စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းမှ အကျဉ်းသားလေးဦး ထွက်ပြေးလွတ်မြောက်

အကျဉ်းဦးစီးဌာန၏ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်အမှတ် (၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား လေးဦး တပြိုင်တည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။
အကျဉ်းသား လေးဦးမှာ ဇူလိုင် ၁၀ရက်က ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် အရေးယူပေးနိုင်ရန် ရာဇဂြိုလ်စခန်းမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာကို ဇူလိုင် ၁၂ရက် ရက်စွဲဖြင့် ပေးပို့ထားသည်။
ရာဇဂြိုလ် အမှတ်(၂) စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် ဇူလိုင် ၁၀ရက် နံနက် ၁၀နာရီခန့်က စခန်းရှိ စပါးစိုက်ပျိုးရေး လုပ်ငန်း မဟုတ်ဘဲ စခန်းမှူး ကြီးကြပ်ရေးမှူး ထွန်းထွန်းနိုင်၏ ခိုင်းစေမှုကြောင့် အရပ်ဘက်ကျောက်ထုတ်လုပ်ငန်းသို့ သွားရောက် လုပ်ကိုင်ရသည့် အတွက် အလုပ်ပင်ပန်းလွန်း၍ အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု အကြောင်းကြားစာတွင် ပါရှိသည်။
mizzima

ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းရန် စီစဉ်

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်ကပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို စနစ်တကျဖြင့် မူဘောင်များချမှတ်ပြီး ကျေး လက်ဒေသဖွံ့ဖြိုးရေး ဥပဒေတစ် ရပ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းနိုင် ရန် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးဥပဒေကို ၎င်းတို့ဌာနက ဦးဆောင်ရေးဆွဲနေကြောင်း သတင်းရရှိ သည်။
ဥပဒေပထမ မူကြမ်းကို ဇွန် လ ၂၄ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး သြဂုတ်တွင် ဒုတိယ မူကြမ်းထွက်ရှိနိုင်ရန် ဆောင်ရွက်နေ ကြောင်း ဦးခင်ဇော်က ပြောသည်။