Friday, September 25, 2015

စစ်ကိုင်းရှိ ရေကြီးနစ်မြုပ် ဒေသများတွင် အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်


စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သတင်းရရှိသည်။

‘‘ရေကြီးနစ်မြုပ်တဲ့ဒေသမှာ အသက်မွေးဝမ်းကျောင်း ပညာ ရပ်အဖြစ် အခြေခံငါးမွေးမြူရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပါ တယ်။ နောက်ထပ်ရေဦး၊ ကန့် ဘလူ၊ ကောလင်း၊ ကလေး စတဲ့ မြို့နယ်တွေမှာလည်း သင်တန်း တွေ ဆက်ဖွင့်ဖို့စီစဉ်ထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

အီးယူနှင့် ရေးဆွဲသော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက် ရှေ့နှစ်တွင် အပြီးသတ်နိုင်မည်


 ဥရောပရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ယုံကြည်စိတ် ချစွာ ၀င်လာစေရန် ဥရောပသမဂ္ဂ အဖွဲ့နှင့် ရေးဆွဲနေသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူညီချက်သည် လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အထွေ ထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးကပြောသည်။
လက်ရှိတွင် အီးယူရင်းနှီး မြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်၌ အခန်း ခုနစ်ခန်းပါဝင်ပြီး နှစ်ခန်းမှာ သဘောတူညီမှု ရရှိထားသည်။ ကျန်အခန်းများတွင် လေးခန်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး တစ်ခန်းမှာ ၅၀ ရာ ခိုင်နှုန်းခန့်သာ ပြီးသေးသည်ဟုဆိုသည်။
 ‘‘ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အရမ်းအရေး ကြီးတယ်။ အရည်အသွေးပြည့် တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွက် လိုအပ်နေတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဟုဆို


လာမည့်နှစ်တွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသွားမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)က အာရှ ၏ ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၅ မွမ်းမံအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏  ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရ အသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ၀န်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ၂၀၁၅ တွင် ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနိုင်ကြောင်း ယခုနှစ်စပိုင်းတွင် အေဒီပီက ထုတ်ပြန်သည်။ ထို့ကြောင့် ခန့်မှန်းချက်မှန်လျှင် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။  လာမည့် နှစ်တွင်လည်း ကြွေးမြီများပြားလာခြင်း၊ အစိုးရ အသုံးစရိတ် မြင့်တက်လာခြင်း၊ ကုန်သွယ်မှု လိုငွေ များနေခြင်းတို့က စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးဆက်များ ဖြစ်လာနိုင် ကြောင်း အေဒီဘီက အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရေနံနှင့် ဓာတ်ငွေ့ ဈေးကျခြင်းကြောင့် လုပ်ကွက်သစ် စီးပွားဖြစ်ထုတ်လုပ်ရန် မသေချာ


 ရေနံနှင့်ဓာတ်ငွေ့ဈေးကျဆင်းနေသောကြောင့် မုတ္တမ ကမ်းလွန်ရှိ မြန်မာနိုင်ငံ၏ လုပ် ကွက်သစ်ဖြစ်လာမည့် အောင် သိင်္ခရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (M-3) တွင် သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူ ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

ယင်းလုပ်ကွက်ကို ထိုင်း ရေနံကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လက်ရှိလေ့လာစမ်းသပ်မှုများအရ သဘာဝ ဓာတ်ငွေ့ ခန့်မှန်းသည်ထက် လျော့နည်း နေသောကြောင့် ရေနံဈေးကျ ဆင်းချိန်တွင် ထုတ်ယူရန် နှောင့် နှေးနေရခြင်းဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

‘‘ကုမ္ပဏီဘက်က စီးပွားဖြစ် ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ နှစ်ဖက်ပြန်ညှိပေးရမယ်။ အချိန် လည်း ပိုပေးရမယ် ထင်တယ်။ အခု လေ့လာဆန်းစစ်မှုလုပ်နေတဲ့ အချိန်ကျန်သေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဆင်မကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်တွင် ပင်လယ်မှ မျောပါလာသည့် လူသုံးပစ္စည်းများ တွေ့ရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကျေးရွာ၊ ဆင်မကျွန်းအနောက်ဘက်ကမ်း ခြေတွင် စက်တင်ဘာ ၂၂ ရက် ညနေမှစ၍ လူအသုံးအဆောင်ပစ္စည်းများ၊ သင်္ဘောအပျက်အစီးအပိုင်းအစများဟု ယူဆရသည့် သစ်စများ မျောပါလာကြောင်း ဒေသခံများက ပြောသည်။

ပင်လယ်ကမ်းစပ်သို့ မျောပါလာသည့် လူသုံးကုန်ပစ္စည်းများ တွင် ဒီဇယ်ပီပါများ၊ အချိုရည် ဘူးများ၊ ဇီးထုပ်များ၊ ခေါက်ဆွဲ ခြောက်များနှင့် တစ်လီတာဆံ့ ဆီ ဘူးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

‘‘ပစ္စည်းတွေ မျောလာတာ ဟုတ်ပါတယ်။ မျောလာတဲ့အထဲ မှာ အစားအသောက်တွေက များ တယ်။ ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းတွေလို့ သုံးသပ်ကြတယ်။ ဒီပစ္စည်းတွေ ရရှိထားတဲ့သူတွေ ကိုလည်း လာပြီးအပ်ဖို့ ကျေးရွာကို ပြောထားတယ်’’ဟု ဆင်မကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

တရုတ်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် စက်တင်ဘာ ၂၄ ရက် ညနေက ကျင်းပသည့် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်း အနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းမည့်အကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု  နိုင်ငံပိုင်သတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။