Monday, September 14, 2015

ပြည်မြို့ ကန်လယ်ရွှေဟင်္သာလိပ်ရေကန်တွင် အောက်ဆီဂျင်နည်း၍ ငါးကောင်ရေတစ်သောင်းကျော်သေဆုံး


 ပြည်မြို့ ကန်လယ်ရွှေ ဟင်္သာဘုရားလိပ်ရေကန်ရှိ ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုပမာဏနည်းပါးခဲ့ခြင်းကြောင့် ရေကန်အတွင်းရှိ ငါးအကောင်ရေတစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။စက်တင်ဘာ ၉ရက်မှ ၁၂ ရက်အထိ လေးရက်ဆက်တိုက် ရေကန်အတွင်းရှိ ငါးများသေဆုံး ခဲ့၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာ နမှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ရာ ရေကန်အတွင်းရှိ ရေ များတွင် အောက်ဆီဂျင်ပါဝင်မှု နည်းပါးခြင်းကြောင့် သေဆုံးရ သည်ဟု မှတ်ချက်ပေးသွားကြောင်း ကန်လယ် ရွှေဟင်္သာမှ တာဝန်ကျ ၀န်ထမ်းဦးဘိုနီက ပြောကြားသည်။

အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသော ပန်ဆောင်မြို့ခံနှစ်ဦး သီတင်းတစ်ပတ်ကျော်အထိ ပြန်မလွတ်သေး


 အိန္ဒိယစစ်တပ်က ခေါ်ဆောင်သွားသည့် ပန်ဆောင် မြို့ ဒေသခံနှစ်ဦးကို တစ်ပတ် ကျော်ကြာလာသော်လည်း ပြန် မလွှတ်ပေးသေးကြောင်း သတင်း ရရှိသည်။
ပန်ဆောင်မြို့မှ ဒေသခံနှစ် ဦးသည် နယ်စပ်အနီး တောထဲ တွင် သစ်ခုတ်သွားစဉ် အိန္ဒိယ နိုင်ငံ နယ်စပ်လုံခြုံရေးတပ် အ မှတ် (၄၂) အာသံရိုင်ဖယ်တပ်က စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။‘‘အခုချိန်ထိတော့ ပြန် မလွှတ်သေးဘူး။ မနေ့က တပ်က အရာရှိတစ်ယောက်၊ ရုံးကတစ် ယောက်နှင့် ဘာသာပြန်သွားပြီး တွေ့တယ်။ ရဲစခန်းမှာထား တယ်။ အချုပ်ခန်းထဲထားတာ တော့ မဟုတ်ဘူး။ တနင်္လာနေ့ မှာ ပြန်ပို့ပေးမယ်လို့တော့ပြော တယ်’’ ဟု ပန်ဆောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘားမန်းက ပြော သည်။

ရွေးကောက်ပွဲတွင် မီဒီယာများ သတင်းယူခွင့် မရှင်းလင်းသဖြင့် စာနယ်ဇင်း ကောင်စီက ရွေးကောက်ပွဲကော်မရှင်ထံစာပို့


ရွေးကောက်ပွဲတွင် မီဒီ ယာများသတင်းရယူခွင့်နှင့်ပတ် သက်၍ နှစ်ကြိမ်တိုင်ထုတ်ပြန်ခဲ့ သော်လည်း သတင်းယူခွင့်ပြု သည့် နယ်မြေသတ်မှတ်ချက် မရှင်းလင်း၍ စက်တင်ဘာ ၁၁ ရက်၌ စာနယ်ဇင်းကောင်စီက ရွေးကောက်ပွဲကော်မရှင်သို့ ဒုတိ ယအကြိမ်စာပေးပို့ခဲ့ရကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲနေ့ သတင်း ယူခွင့်အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က သြဂုတ် ၃ ရက်တွင် ပထမအကြိမ်ထုတ် ပြန်ခဲ့သော်လည်း ကန့်သတ်ချက် များရှိသည်ဟုဆိုကာ စာနယ်ဇင်း ကောင်စီက ညှိနှိုင်းခဲ့ခြင်းကြောင့် စက်တင်ဘာ ၄ ရက်၌ ထပ်မံ ပြင်ဆင်သည့် ထုတ်ပြန်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကထုတ် ပြန်ခဲ့သည်။ သို့သော် သတင်းယူခွင့်ပြုသည့် နယ်မြေသတ်မှတ်ချက် ရှင်းလင်းခြင်း မရှိသေး၍ စာပေးပို့ရခြင်းဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက ပြောသည်။

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေ ရာနှင့်ချီ ဆုံးရှုံး


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီးများ လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းနေပြီး နေအိမ်နှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ကယ်လီဖိုးနီးယား မြောက်ပိုင်း မစ်ဒယ်လ်တောင်း ကျေးရွာတွင် အိမ်ခြေအဆောက်အအုံ ရာနှင့်ချီ မီးလောင်ကျွမ်းခံရပြီး ပတ်ဝန်းကျင် ဒေသများကိုပါ ခြိမ်းခြောက်နေကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။

အီဂျစ်တပ်ဖွဲ့များ၏ မှားယွင်းတိုက်ခိုက်မှုကြောင့် ကမ္ဘာလှည့် ခရီးသည် ၁၂ ဦးသေဆုံး


ကမ္ဘာလှည့် ခရီးသွား အဖွဲ့တစ်ခုကို စစ်သွေးကြွများနှင့် မှားယွင်းပြီး အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ လူ ၁၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံ အနောက်ပိုင်း သဲကန္တာရအတွင်းရှိ ကန့်သတ်ဇုန် တစ်ခုထဲသို့ ကမ္ဘာလှည့် ခရီးသည်ယာဉ်တန်း ဝင်ရောက်သွားစဉ် လုံခြုံရေး တပ်ဖွဲ့က မှားယွင်း တိုက်ခိုက်မိခဲ့ခြင်းဟု သိရသည်။ ဖြစ်ရပ်တွင် မက္ကဆီကို နိုင်ငံသား ၂ ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အီဂျစ် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းထားသည့် တပ်ဖွဲ့တစ်ခုသည် ကျယ်ပြန့်သည့် သဲကန္တာရ ဧရိယာအတွင်း လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ခွဲ တစ်ခုကို ခြေရာခံ ရှာဖွေနေခြင်း ဖြစ်ပြီး ကားလေးစီး ရှေ့ဆင့်နောက်ဆင့် မောင်းနှင်နေသည့် ယာဉ်တန်းကို မှားယွင်း တိုက်ခိုက်မိခြင်း ဖြစ်သည်။

ဘန်ကောက် ဗုံးကွဲမှုနှင့် ဆက်နွှယ်သည့် မသင်္ကာသူ သုံးဦးကို မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသည့် မသင်္ကာသူ သုံးဦးကို ဖမ်းဆီးထားကြောင်း မလေးရှား ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ဩဂုတ် ၁၇ ရက်က ဘန်ကောက်ရှိ လူအများ စည်ကားနေရာ နတ်ကွန်း ဧရိယာတွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀ အသက်ဆုံးရှုံးခဲ့သည်။ မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲက မိမိတို့သည် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်မှု ရှိနေသည်ဟု ယုံကြည်ရသူ သုံးဦးကို ထိန်းသိမ်းထားကြောင်း စက်တင်ဘာ ၁၄ ရက်တွင် မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ်ဒ် အဘူဘေကာက သတင်းထုတ်ပြန်ခဲ့သည်။

တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် တစ်သီးပုဂ္ဂလအမတ်အချို့တုံ့ပြန်


တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် မပြောသင့်သည့် စကားကို ပြောကြားခဲ့သဖြင့် စိတ် မကောင်းဖြစ်ရကြောင်း တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအ ချို့က ပြောကြားသည်။
‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြ ပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။ တစ်သီး ပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့မရ တာကြောင့်မို့ တစ်သီးပုဂ္ဂလတွေ အတွက် မဲပေးမယ့်အစား အစိုးရ ဖွဲ့လို့ရမယ့် ပါတီတွေကိုပဲ မဲပေးစေချင်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင် လုပ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရှားတောမြို့တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးရေးဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။