Saturday, January 11, 2014

နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်

Photo: နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
Saturday, January 11, 2014

ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ် ကျောင်းတိုက်ကြီးများမှ ဆရာတော် (၂၇) ပါး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက ဆပ်ကော်မတီ (၁၁) ခုခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆရာတော်ကြီး ဈာပနကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက် အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက် ခေါင်းမူး နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း၊ ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးခေမိန္ဒနိကာယကျောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်အထိ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ် ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်ရန် တာဝန် ယူထားကြောင်း မစိုးရိမ် တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။

“မစိုးရိမ် တိုက်ဟောင်း တိုက်သစ် အကြီးအမှူး ဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်းမိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့ ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။

ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံဗိုလ်ကျေးရွာတွင် ခမည်းတော် ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်တော် (၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန် အတွဲပေါင်း (၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း ဇာတ်ထိကာ ပေမူကို လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အခမဲ့ အလယ်တန်းပညာရေးစနစ် လာမည့်နှစ် စတင်မည်

အစိုးရသစ် လက်ထက်တွင် ပညာရေး အသုံးစရိတ်များ ဆက်တိုက် တိုးမြှင့်ထားသည့် အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို စတင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။