Friday, November 27, 2015

ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်း (၆၆) ကျောင်း ပြန်တည် ဆောက်ရန် ကျန်ရှိ

ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ပျက်စီးသွားသော ကျောင်းများအနက် (၆၆) ကျောင်းကို ပြန်ဆောက်ရန် ကျန်ရှိနေ သေးကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

““ကျောင်းသူ ကျောင်းသားလေးတွေ ပုံမှန်အတိုင်း ပြန်တက် နေကြပါပြီ၊ ပြင်နေတဲ့ ကျောင်းတွေ တချို့အဆောင်တွေ ပြီးပြီ၊ မိုးရာသီမှာက ရေတွေနဲ့ ဆောက်လို့မပြီးလို့ အခုကျန်တာကို ပွင့်လင်းရာသီမှာ ဆက်ဆောက် နေပါပြီ””ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးလှစိန်ထွန်းက The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် မတ်လ ရေကြီးရေလျှံမှုများကြောင့် ကျောင်းပေါင်း(၂၉၂) ကျောင်း ပျက်စီးခဲ့ရာတွင် အများစုအား ပြန် လည် ပြုပြင် တည်ဆောက်ပြီးစီးခဲ့ပြီး (၆၆) ကျောင်း ကျန်ရှိနေခြင်း ဖြစ်သည်။ ယင်းကျောင်းများသည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ လုံးဝ ကျောင်းပျက်စီး သွားသော နေရာများတွင် ယာယီ စာသင်ဆောင် (၆၁) ဆောင် ကိုလည်း ဆောက်လုပ်ပေးပြီ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ရေဘေးကြောင့် ကျောင်းသားကျောင်းသူပေါင်း (၇၀၀၀) ကျော် ရေဘေးသင့်ခဲ့သည်။

မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ တတ်နိုင်သလောက် ဖြေရှင်းမည်

ဧရာဝတီတိုင်း ဒေသကြီးမှ မြေယာ ပြဿနာများကို အစိုးရသက်တမ်း မကုန်မီ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ဖြစ်နိုင်တဲ့ကိစ္စ၊ ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကိုတော့ အပြီး ဖြေရှင်းပေးသွားမှာပါဟု ၎င်းကပြောသည်။၂၀၁၀ မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ဧပြီလ (၁) ရက်နေ့တွင် အစိုးရသက်တမ်း ကုန်မည် ဖြစ်သည်။''ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အထက်ကနေအောက်၊ အောက်ကနေ အထက် အပြန်အလှန် စိစစ်ရမယ်။ ဖြစ်စဉ်ရဲ့ သဘော သဘာဝတွေကိုလည်း သေသေချာချာ လေ့လာသုံးသပ်ပြီးမှ အဖြေရှာလို့ရမှာ။ လေးလအတွင်း အဖြေထွက် ပြီးရောဆိုပြီး အလျင်အမြန်ဆုံး ဖြတ်ဆောင်ရွက် ပေးခဲ့ရင် အလွယ်အမှားတွေလည်း ဖြစ်နိုင်တယ်'' ဟု လယ်ယောမြေအရေး လှုပ်ရှားသည့် ကိုထွန်းထွန်းဦးက ပြောသည်။

အစိုးရ ဖွဲ့နိုင်သော်လည်း ပူးပေါင်း လုပ်ဆောင်မည်ဟု ဒေါ်စုဆို

 NLD ပါတီသည် ပါတီတစ်ခုတည်းနှင့် အစိုးရ ဖွဲ့နိုင်သော အခြေအနေတွင် ရှိသော်လည်း အားလုံး ယူမည်ပုံစံနှင့် လုပ်ဆောင်မည် မဟုတ်ပဲ ပူးပေါင်း လုပ်ဆောင်မည် ဆိုသော စိတ်နှင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်း RFA သတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ““အစိုးရထဲမှာ NLD ပါတီဝင်မဟုတ်တဲ့ တိုင်းရင်းသား တွေလည်း ပါမယ်။ တခြားနိုင်ငံကို အကျိုးပြုနိုင်တဲ့ လူတွေလည်း ပါနိုင် လိမ့်မယ့်လို့ အစ်မတို့ မျှော်လင်တယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

စာသင်၊ စာချ သံဃာတော်များကို အင်တာနက် အသုံးမပြုရန် တားမြစ်


မိုဘိုင်းဖုန်းများဖြင့် အင်တာနက် အသုံးမပြုရန် စာချ၊ စာသင် သံဃာတော်များကို ပုသိမ်မြို့ ပစ္ဆိမာရုံ ကျောင်းတိုက်က တားမြစ်ထားကြောင်း သိရသည်။ မြတ်စွာဘုရားက အစွန်အဖျား ကျတဲ့နေရာ လူသူဝေးတဲ့ နေရာမှာ သီတင်းသုံး နေထိုင်ရမယ်လို့ မူလကတည်းက ဟောထားတယ်။ ဘာလို့ ဒီလို ဟောထားလဲ စိတ်ဓာတ် ပူလောင်မှုတွေ ငြိမ်းအေးအောင် လူနဲ့ပတ်သတ်တဲ့ ပြဿနာ အရှုပ်အထွေးတွေ ကင်းအောင် နေခိုင်းတာ ဒီတော့ အင်တာနက် ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ထား တာဆိုရင် တစ်ကမ္ဘာလုံးနဲ့ ပတ်သက်တာတွေ အရှုပ်ထုတ်တွေ ၀ိနည်းနဲ့ တားမြစ် ထားတဲ့ အရာတွေ မမြင်နိုင်ဘူးလား။ ဒါ ကြောင့် တားမြစ်ရတာ ဟု ပစ္ဆိမာရုံ တိုက်ကြပ် ဆရာတော် အရှင် ဉဏိဿရဘိဝံသက မိန့်သည်။ အင်တာနက်တွင် သံသရာမှ လွတ်မြောက်ကြောင်း တရားနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများ မပါဝင်ဘဲမြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူလသံဃာတော်များ လုပ်ဆောင်ရမည့် ပရိယတ်၊ ပဋိပတ်လုပ်ငန်းများ ကျဆင်းသွားရခြင်း၏ မူလတရားခံသည် အင်တာနက်ကြောင့် ဖြစ်သည်ဟု ဆရာတော်က ဆက်မိန့်သည်။

တောင်ကြီး မီးပုံးပျံပွဲ ဧည့်လာ ရောက်မှု ယခင်နှစ်များထက် နည်းပါး

တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲသို့ ဧည့်သည် လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့ ဒေသခံများထံက သိရသည်။နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသော တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီးသို့ ရပ်ဝေးရပ်နီး ဧည်သည်များ လာရောက်မှုမှာ ယခင်နှစ်များထက် နည်းပါးကြောင်း တောင်ကြီးမြို့တွင် လူမှုကူညီရေး လုပ်ငန်း များအား လုပ်ဆောင်နေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနေမျိုးက ပြောသည်။

မဲပေးသူများ စာရင်း အလျင်မြန်ဆုံး ထုတ်ပြန်မည်ဟုဆို

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးခဲ့သူများ စာရင်းအား အလျင်မြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အထွေထွေ ရွေးကောက်ပွဲအား ကျင်းပပြီးစီး၍ အနိုင်ရပါတီ အနေဖြင့် အစိုးရသစ် ဖွဲ့စည်းရန် စောင့်ဆိုင်းနေသည့် ကြားကာလ ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ကန့်ကွက်လွှာ လက်ခံခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်ပြမှုအား လက်ခံခြင်းနှင့် မဲပေးသူများ စာရင်းအား ပြုစုခြင်းများကို လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနိုင်ရရန် လုံလောက်သည့်အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ကြောင်း ဗန်ဂါးလ်ဖွင့်ဟ


ပီအက်စ်ဗွီကို ဂိုးမရှိ သရေကျခဲ့ပြီးနောက် ဝေဖန်မှုများ နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းနည်း ပြဗန်ဂါးလ်က မိမိတို့အနေဖြင့် အနိုင်ရရန်လုံလောက်သည့် အခွင့်အရေးများဖန်တီး နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် အနိုင်ရ ပါက နောက်တစ်ဆင့်သို့ တက်ရောက် နိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် နောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ မန်ယူအသင်း၏ ခြေစွမ်းသည်စိတ်ပျက်စရာဖြစ်ခဲ့သောကြောင့် ကစားသမားဟောင်းများဖြစ်သော ရွိုင်ကိန်းနှင့် ပေါလ်စခိုးတို့က ပြင်းထန်စွာဝေဖန်ခဲ့သည်။ သို့သော် ဗန်ဂါးလ်က မန်ယူအသင်းသည် ပီအက်စ်ဗွီကိုအနိုင်ရရန် အခွင့်အရေးများစွာ ဖန်တီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။