Wednesday, November 4, 2015

အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားမှု အမေရိကန် ရုတ်သိမ်း

အမေရိကန်အစိုးရက အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားအား ရုတ်သိမ်းပေးလိုက်ပြီဖြစ်ရာ အီရန်သို့ ဆေးဝါးပစ္စည်းများ တင်ပို့နိုင်ခွင့် ရပြီဖြစ်သည်။

အီရန်သို့ အခြေခံဆေးဝါးများ တင်ပို့ခြင်းကို ၂၀၁၂ ခုနှစ်တွင်းက တားမြစ်ပိတ်ဆို့ထားမှုအား အမေရိကန် နိုင်ငံခြားရေးရာပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC က ပြန်လည်သုံးသပ်ကာ ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မထုတ်ပြန်

 အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ကျွန်းဆောက်လုပ်မှုများအား ရည်ညွှန်းပြောဆိုမှုမပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ စည်းရုံးခဲ့သည့်နောက် အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတစ်ခုက ပူးတွဲကြေညာချက်ပြုလုပ်မည့် အစီအစဉ်များကို ဖျက်သိမ်းလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၄ တွင်ပြောကြားခဲ့သည်။

"ကျွန်တော်တို့ နားလည်ထားတာကတော့ ပူးတွဲကြေညာချက် ထုတ်ပြန်မှာမဟုတ်ပါဘူး"ဟု အမည်မဖော်သော ၄င်းအရာရှိက ပြောသည်။ အာဆီယံ ၁၀နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့် ယင်း၏ ဒေသတွင်း မိတ်ဖက်များသည် ကွာလာလမ်ပူတွင် နှစ်ပတ်လည်စည်းဝေးပွဲများ ပြုလုပ်လျက်ရှိသည်။

ပါတီမှထုတ်ပယ်သည့် သတင်းသူရဦးရွှေမန်းမသိရသေးဟု ကိုယ်ရေးအရာရှိပြော

 သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်သည်ဆိုသည့် သတင်းကို ၎င်းတို့ကိုယ်တိုင်ပင် မသိသေးကြောင်း သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဝင်းသိန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့အဲဒီလိုသတင်းကော၊ ပြည်ခိုင်ဖြိုးနဲ့ ပက်သက်တဲ့သတင်းဘာမှမကြားပါဘူး။ တွေ့ကိုမတွေ့သေးဘူးလို့" ဟု ၎င်းကတုန့်ပြန်ပြောဆိုသည်။

သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိအပြင် ၎င်းအနီးတွင်အတူရှိနေကြသည့် အောင်နိုင်ရေးအဖွဲ့ဝင်အချို့ကလည်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်သည်ဆိုသည့်အကြောင်းကို သူရဦးရွှေမန်းကိုယ်တိုင်နှင့် ၎င်းကိုယ်ရေးအရာ ရှိတို့ကလည်း ပြောဆိုခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။