Wednesday, August 1, 2012

KNPP ဆက်ဆံရေးရုံးဖွင့်ပွဲ ပြည်နယ်အစိုးရမှ မိန့်ခွန်းပြောကြား

ကရင်နီပြည်နယ် ရှားတောမြို့၌  ဖွင့်လှစ်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)  ဆက်ဆံရေးရုံး   ဖွင့်ပွဲတွင် ပြည်နယ်အစိုးရက အဖွင့်မိန့်ခွန်း  ပြောကြားသွားပါတယ်။  ကယားပြည်နယ် စီမံရေးနှင့်  စီးပွားရေးဝန်ကြီး  ဦးတော့ရယ်က ငြိမ်းချမ်းရေး ဖော်ဆောင်နေကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အစိုးရ နဲ့  တွေ့ဆုံဆွေးနွေးပွဲ   နှစ်ကြိမ်မြောက်  ဆွေးနွေးပြီး ဖြစ်တယ်။ ထပ်မံ  တွေ့ဆုံနိုင်ရေးအတွက်  အဆင်ပြေနိုင်ဖို့  အဆက်အသွယ်ကောင်းဖို့   အခုလို ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။


ဆက်ဆံရေးရုံးဖွင့်ပွဲ၌ လာရောက်တတ်ရောက်ကြသော ဝန်ကြီးများနှင့် ဒေသခံအချို့အား တွေ့ရစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)
“အတွေး အမြင်မတူခြင်းကြောင့် တဘက်နဲ့ တဘက် တိုက်ကြ ခိုက်ကြ ရန်ဖြစ်ကြ ယှဉ်ပြိုင် နေကြတာ နှစ်ပေါင်း ၆၀ အတောတွင်းကြာမြင့်နေပါပြီ ။ သို့ပေမဲ့ သူတို့ဒီလို လုပ်ကြခြင်းဖြင့်  တဘက်က ရှုံးလား နိုင်ကြလားဆိုတာလဲ တစ်ဘက်မှလဲ မရှုံးဘူး တဘက်ကလဲ မနိုင်ခဲ့ပါဘူး ဒါပေမဲ့ ဘယ်သူ့ကို ထိခိုက်နေသလဲဆိုတာကတော့ ကျနော်တို့ မိဘပြည်သူ လူထုတွေကိုပဲ ထိခိုက်နစ်နာစေပါတယ်” ယမန်နေ့မနက် ရှားတောမြို့မှာ KNPP ဆက်ဆံရေးရုံးဖွင့်လှစ်ပွဲမှာ ဝန်ကြီးဦးတော့ရယ်က  ပြောကြားသွားတာ ဖြစ်ပါတယ်။
ရှားတောမြို့မှ ဒေသခံလူထုတွေအနေနဲ့ကလည်း ယခုလို KNPP အဖွဲ့ကိုယ်စားလှယ်တွေက ဆက်ဆံရေးရုံးကို လာရောက်ဖွင့်လှစ်ခြင်းဟာ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အများကြီး အထောက်အကူ ဖြစ်လာစေမယ်လို့ ယုံကြည်နေ ကြပါတယ်။
“ကိုယ့်ရဲ့ ညီအစ်ကို မောင်နှံမတွေ အခုလိုပြန်လည်ဆုံစည်းကြတယ် နောက်ပြီး ရပ်ရေး ရွာရေး အကျိုးအတွက် လုပ်ပေးမယ်ဆိုတော့ ဦးလေးအနေနဲ့ လက်ခံကြိုဆိုပါတယ်” လို့ ရှားတော ဒေသခံ တစ်ဦးဖြစ်တဲ့ ဦးရီရယ် (လှထွန်း) ကပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဆက်ဆံရေးရုံးကို ဇူလိုင်လအတွင်းတွင် ကရင်နီပြည်နယ်အတွင်း၌ တရားဝင် ၃ နေရာ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ၂၅ ရက်နေ့၌ လွိုင်ကော်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ၊ ၂၇ ရက်နေ့တွင် ဖာဆောင်း ၊ ၃၁ ရက်နေ့တွင် ရှားတောဆိုပြီး မြို့ ၃ မြို့မှာ အဓိကဖွင့်လှစ်ထားပါတယ်။

No comments:

Post a Comment