လီဒိုလမ်းမကြီးတစ်လျှောက်လုံးမှာ နေရပ်ကိုပြန်သည်လား၊ နေရပ်ကို
စွန့်ခွာသည်လား မသိနိုင်သည့် ယာဉ်ကြီးယာဉ်ငယ်တွေကိုပဲ တွေ့လာရသည်။
ဝန်းကျင်တစ်ခုလုံးက ညို့မှောင်နေသလို မိုးစက်တွေကြားက
တောင်တန်းတွေဆိုတာကလည်း သဲသဲကွဲကွဲ မရှိလှ။ လီဒိုလမ်းမကြီးက
နေမိုးကောင်းလမ်းဘက်ကို ခွဲထွက်လိုက်တော့ ဖားကန့်ဘက်ကို တက်မယ့်
ဗင်ကားတစ်စီးစ၊ နှစ်စီးစလောက်သာ ခရီးသွားဖော် အဖြစ်ရှိတော့သည်ကို
သတိထားမိ၏။ သေချာတာကတော့
ဖားကန့်ကို စွန့်ခွာလာကြပြီ။ ဗင်၊ ဆပ်ဖ်၊
ပါဂျဲရိုကားတွေ၊ ဆယ်ဘီးကားတွေနဲ့ မိသားစုလိုက်
အိမ်ပြောင်းရွှေ့ပုံသဏ္ဌာန်များဖြင့် ဖားကန့်ဒေသကို
စွန့်ခွာလာကြသည့်ကားတွေကို လမ်းတစ်လျောက်လုံးတိမ်း ရှောင်မောင်းနှင်လာရင်း
ယခုခရီးစဉ် သွားရောက်ဖို့ ပြင်ဆင်စဉ်ကြုံရသည့် အခက်အခဲကို တွေးမိသေးသည်။
တကယ်တော့ ဖားကန့်ဒေသခံ ဗင်ကားဆရာတစ်ဦးနှင့် ဆိုက်ဆိုက်မြိုက်မြိုက်
ကြုံလို့သာ ဖားကန့်ခရီးစဉ် စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ အခြားဗင်ကား ဆရာတွေက
မလိုက်ချင်ကြ၊ ယောက်ျား သားနှစ်ဦးမို့ မတင်ရဲကြ။ မြစ်ကြီးနား ကားကြီးကွင်းက
ဗင်ကားတွေ ဘာကြောင့် မလိုက်ချင်ကြသလဲဆိုတာ ဖားကန့် လမ်းခရီးအစ
မိုးကောင်း-ကာမိုင်းကြားက ကေအိုင်ကေရှေ့တန်း ဂိတ်ရောက်တော့ သိလာရသည်။ ဖား
ကန့်တက်မည့် ကားတွေပေါ်တွင် ပါလာသည့်ပစ္စည်းတွေကို အနည်းငယ်စစ်ဆေးပြီး
အပြန်ကားတွေကိုတော့ အဓိက ရှာဖွေစစ်ဆေးနေသည်။ သို့သော်လည်း ပထမဆုံး
ကေအိုင်အေဂိတ်က ခက်ခဲမှု သိပ်ပြီးမရှိခဲ့သေး။ ဒါပေမယ့်
လက်နက်အပြည့်အစုံနှင့် လူ အင်အားများလှသည်မို့ စိတ်တထင့်ထင့်တော့
ရှိခဲ့သည်။ ၅ နာရီလောက် မောင်းလာပြီး မအူပြင်ရွာတွင် အခြေချပြီး စစ်ဆေးသည့်
ကေအိုင်အေဂိတ်စခန်းရောက်တော့ ကားပေါ်ပါလာသည့် ခရီးသည်တွေကို အဓိကထား
မေးမြန်း စစ်ဆေးပြီး နောက်ကြောင်းပြန်လှည့်ရဖို့ အခြေအနေနှင့် ကြုံလာရသည်။
''ကချင်လား၊ ဗမာလား၊ ဘယ်က လာတာလဲ၊ ဘယ်မှာတည်းမှာလဲ၊
ဘာလာလုပ်တာလဲ''ဆိုသည့် မေးခွန်းတွေက ကေအိုင်အေဂိတ်စခန်းထဲမှာ မေးမြန်း
စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာရောက်ခဲ့ရသည့် အကြောင်းအရင်းကို
ပြောရသည်။''Eleven က ပါ။ စက်တင်ဘာလ ၁၃ ရက်က ဖြစ်ပွားမှုကြောင့်
သေဆုံးခဲ့ရတဲ့ ကိုးတန်းကျောင်းသူလေးရဲ့ မိဘတွေကို လာတွေ့တာပါ''ဆိုတော့
ကေအိုင်အေဗိုလ်မှူးရဲ့မျက်နှာက ချက်ချင်းအရောင်ပြောင်းသွားခဲ့သည်။
ယောက်ျားလေး တွေ သွားရောက်ခွင့်ကို ကြပ်မတ်ထားသည့်နေရာမျိုးမှာ
ကေအိုင်အေဗိုလ်မှူးရဲ့ ပြောစကားကလည်း အံ့သြစရာဖြစ်ခဲ့သည်။ ''အခုလိုမေးတာ
စိတ်မရှိပါနဲ့''တဲ့ ။
နောက်ထပ်ကေအိုင်အေ ဂိတ်စခန်းတစ်ခုမှာလည်း အလားတူစစ်မေးခဲ့ပြီး ကားဆရာက
ကချင်ဘာသာ စကားနဲ့ ပြောပြလိုက်တော့ ''သတင်းဌာနကပဲ။ သွားကြပါ''လို့ဆိုပြီး
ဘာစစ်ဆေးမှုမှ မလုပ်တော့ပါဘူး။ ဖားကန့် လမ်းပိုင်းရဲ့ ချိုင့်ကွက်တွေဆိုတာ
တိမ်းရှောင်လို့မရအောင်ပင် ပျက်စီးနေသည်မို့ ကီလို ၄၀ လောက်ပင်
မောင်းနှင်နေရသောကြောင့် ခရီးမတွင်လှပေ။ ဒီလိုနဲ့ မြစ်ကြီးနားမှ ဖားကန့်ကို
၁၁ နာရီကျော် ခရီးနှင်ခဲ့ရပြီး ညနေ ၆ နာရီကျော်မှာ ရောက်ခဲ့သည်။
ရောက်ရောက်ချင်း မော်ဝမ်း ရပ်ကွက်တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှ
သေဆုံးခဲ့သူ မဂျာဆိုင်းအိန်၏ဖခင် ဦးဘရန်ရှောင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး
အခြေအနေကို မေးမြန်းခဲ့သည်။ ယနေ့(စက်တင်ဘာလ ၁၅ ရက်နေ့)မဂျာဆိုင်းအိန်ကို
သင်္ဂြိုဟ်ခဲ့ပေမယ့် အချိန်မမီလိုက်တော့ပေ။''ဘာအပြစ်မှမရှိတဲ့ ကျွန်တော့်သမီး
အခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါကို
အမှန်အတိုင်းဖြစ်စေချင်တယ်''လို့ ၀မ်းနည်းစကားက လက်ထဲမှာ ရောက်နေတဲ့
မဂျာဆိုင်းအိန်ရဲ့ ဓာတ်ပုံကိုကြည့် ရင်း ကြားခဲ့ရခြင်းဖြစ်သည်။ ထို့နောက်
ဖြစ်ပွားပုံအခြေအနေတွေ အသေးစိတ်ပြောပြတော့ အဖြစ်အပျက်တွေက ဆိုးလှသည်။
လူနေရပ်ကွက်ထဲတွင် ဗုံးသံအမြောက်သံ၊ သေနတ်ပစ်သံတွေနဲ့ တပ်မတော်စစ်ကြောင်းက
လူ ကာဗာယူပြီး ထွက်ခွာမှုတွေဖြစ်သည်။ နောက်ဆုံးတော့
အပြစ်မဲ့ကျောင်းသူလေးတစ်ဦး မြေစာပင်ဖြစ်ခဲ့ရသလို ကိုးဦးဒဏ်ရာရခဲ့သည့်
အဖြေတစ်ခုထွက်လာသည်။ ဖားကန့်မြို့ပေါ် ဒုက္ခသည်စခန်းများတွင်
စစ်ဘေးတိမ်းရှောင် သူဦးရေတွေ တိုးလာသလို ရက်ပိုင်းအတွင်း ဖားကန့်ဒေသကို
စွန့်ခွာခဲ့ကြပြီ။ လူဦးရေနှစ်သိန်းကျော်အထိရှိခဲ့သည့် ဖားကန့်ဒေသမှာ
ယခုတော့ နှစ်သောင်းကျော်လောက်ပဲ ကျန်ရှိတော့သည်အထိ ဖားကန့်ကို
စွန့်ခွာသွားကြခြင်းဖြစ်သည်။ ကျန်ရှိ သည့် နှစ်သောင်းကျော်တွင်
တစ်သောင်းဝန်းကျင်ခန့်က ဒုက္ခသည်စခန်း အသီးသီးတွင် ဖြစ်နေသည်။ နေ့ညမပြတ်
အသွားအလာမပြတ်ခဲ့သော လမ်းမတွေပေါ်မှာ တိတ်ဆိတ်ငြိမ် သက်သွားခဲ့ပြီ။
''လက်ရှိဖြစ်ချင်တာက လူတန်းစား မခွဲခြားစေချင်ဘူး။ လူမျိုးဘာသာ
မခွဲခြားစေချင်ဘူး။ ငြိမ်းချမ်းချင်တာပဲ ရှိတယ်။
နှစ်ဖက်ညှိနှိုင်းစေချင်တယ်''လို့ မြို့ဦးစေတီကျောင်းတွင်
ဒုက္ခသည်စခန်းဖွင့်လှစ်ထားသော ကရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က
ဒေသမငြိမ်းချမ်းမှုနှင့် ပတ်သက်သောဆန္ဒကို ပြောပြခဲ့သည်။''အလှူငွေနဲ့
ကုန်ကျစရိတ်က မမျှတပါဘူး။ လှူနိုင်တန်းနိုင်တဲ့သူတွေက ဖားကန့်ကို
စွန့်ခွာသွားကြပြီ။ တစ်ယောက်မှ မကျန်တော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေ့က
ဝင်လာကြတာဆိုရင် မြင်လို့တောင် မကောင်းဘူး။ ရေရှည်ရပ်တည်ဖို့
မပြောနိုင်ဘူး''လို့ ဆက်လက်ပြောကြားမှုကြောင့် ဖားကန့်ဒေသကို အမြန်ဆုံး
ငြိမ်းချမ်းပါစေလို့ ဆုတောင်းမိသည်။
''စက်တင်ဘာလ ၁၃ ရက်နေ့က တစ်ညလုံး မိုးရွာပြီး ဒီနှစ်တစ် နှစ်လုံးရဲ့
ရေအကြီးဆုံး အချိန်ဖြစ်နေတာ။ လုံးခင်းဘက်လည်း သွားမရ၊ ဆိုင်းတောင်ဘက်လည်း
သွားမရနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်နေတယ်။ အဲလိုအချိန်မှာ ညနေပိုင်း
ရောက်တော့ လူနေရပ်ကွက်ထဲမှာ တင်ပဲ တိုက်ပွဲက ဖြစ်ရော။ အခုဆိုရင်
ဒီကသူတွေတဖွဲဖွဲနဲ့ ပြန်နေကြတာ။ မိသားစုလိုက် အိမ်ထောင်ပြောင်းတဲ့
ပုံစံမျိုးနဲ့ ဒီဒေသကနေ ထွက်ခွာနေကြတယ်။ စက်တင်ဘာလ ၁၅ ရက် နေ့
တစ်ရက်တည်းကို ကျောင်းပြောင်း အယောက် ၁၀၀ ကျော်ရှိတယ်။
ဖားကန့်အထက်တန်းကျောင်းက စစ်ဘေးရှောင်ကျောင်းသား/သူတွေကိုလည်း
အချိန်တွေခွဲပြီး သင်ကြားပေးနေတာ။ အခု ကျောင်းထွက်ကျောင်းပြောင်းတွေ
များတယ်''ဟု မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောဆိုမှု ဖားကန့်၏
လတ်တလော အခြေအနေကို မြင်သာစေခဲ့သည်။
လူဦးရေ နှစ်သိန်းကျော်အထိ ရှိခဲ့သည့် ဖားကန့်ဒေသမှာ ယခုတော့ နှစ်သောင်းကျော်လောက်ပဲ ကျန်ရှိတော့သည်အထိ ဖားကန့်ကို စွန့်ခွာသွားကြခြင်းဖြစ်သည်။ ကျန်ရှိသည့် နှစ်သောင်းကျော်တွင် တစ်သောင်း ၀န်းကျင်ခန့်က ဒုက္ခသည်စခန်း အသီးသီးတွင် ဖြစ်နေသည်။ နေ့ ညမပြတ် အသွားအလာမပြတ်ခဲ့သော လမ်းမတွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ . . |
''လူတွေကြားမှာ ပထမဆုံးဖြစ်တဲ့ တိုက်ပွဲကို ကြုံဖူးတာပဲ။ ရဲဘော်တွေက
တိုက်ပွဲဖြစ်တော့ မြေပေါ်ကို မ၀ပ်ကြဘူး။ မတ်တပ်ရပ်ပြီး စိန်ခေါ်ပစ် ပစ်ကြတာ။
မျက်နှာချင်းဆိုင် ဒဲ့ပစ်ရအောင်ထွက်ခဲ့ဆိုပြီး အော်ပစ်ကြတာ။
ကျသွားတဲ့တပ်ကြပ်ကြီးက ဆယ်နှစ်အရွယ် ကလေးမလေးကိုကယ်ရင်း ထိသွားတာ''ဟု
တိုက်ပွဲဖြစ်ပွားမှုအား ကိုယ်တွေ့မျက်မြင် ကြုံခဲ့သူတစ်ဦး၏ပြောပြမှုက
ပဋိပက္ခတွေကြားမှာ ကွဲလွဲမှုတွေရှိနေသည့် အခြေအနေတွေဖြစ်သည်။
အမှားအမှန်ကိုတော့ မမြင်သာနိုင်သည့် ကွဲ လွဲချက်တွေပင် ဖြစ်နေသည်။
သို့သော်လည်း တပ်မတော်စစ်ကြောင်းနှင့် ကေအိုင်အေအကြား အပြန်အလှန်
တိုက်ပွဲဖြစ်ပွားသည်ဖြစ်စေ၊ သတင်းစကားများအရ ဗုံးပေါက်ကွဲမှုကြောင့်
စစ်ကြောင်းမှ တစ်ဖက်သတ် ပစ်ခတ်ခဲ့ခြင်းဖြစ်စေ ရပ်ကွက်အတွင်း
ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်၏ အနိဋ္ဌာရုံတွေကို အပြစ်မဲ့ပြည်သူတွေ
ခံစားခဲ့ကြရသည်။ ကြုံတွေ့ခဲ့ကြရသည်။ အပြစ်မဲ့ ကျောင်းသူတစ်ဦး
မြေစာပင်ဖြစ်ခဲ့ရသည်။
''အခုလို လူတွေကြားထဲ လူနေရပ်ကွက်တွေထဲမှာ ပစ်ခတ်တာမျိုးကြောင့်
ဘယ်လိုမှ မတွေးတတ်တော့ဘူး။ အံ့သြရတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကို
သေပြီလို့ အောက်မေ့တာ။ ဒီမှာနေရင် ဘယ်အချိန်သေမလဲ မပြောနိုင်ဘူး။ ဒါကြောင့်
မြစ်ကြီးနားပဲ ပြန်တော့မယ်''ဟု ကချင်လူငယ်တစ်ဦး၏ စက်တင်ဘာလ ၁၃ ရက်နေ့
ဖြစ်ပွားမှုကို အမှတ်မထင် ညည်းတွားခဲ့သည်က ကွဲလွဲနေသော ဖြစ်စဉ်တွေအပေါ်
သုံးသပ်စရာတစ်ခု ဖြစ်နေတော့သည်။
လတ်တလောဖားကန့်ဒေသ ၀န်းကျင်အခြေအနေမှာ သြဂုတ်လအတွင်းက စတင်ခဲ့သော
တိုက်ပွဲများနှင့် ဆက်စပ်ပြီး နေရပ်စွန့်ခွာသူများနှင့် လုံခြုံရေး
အခြေအနေများအပေါ် မူတည်ကာ လူမှုရေး၊ စီးပွားရေးကအစ အရာခပ်သိမ်း
ဆိတ်ငြိမ်လာခဲ့ သည်။ တိုက်ပွဲသံတွေ ညံလာခဲ့သည်။ ဖားကန့်မြို့ရှိ
မှော်လုပ်ကွက် အခြေအနေနှင့် ဈေးရောင်းဈေးဝယ်များမှာ ကောင်းမွန်မှု
လုံးဝမရှိတော့ဘဲ ရေမဆေးကျောက် ရှာဖွေသူများမှာ အလုပ်အကိုင် အဆင်မပြေမှုနှင့်
လုံခြုံရေး အခြေအနေများအရ စွန့်ခွာတိမ်းရှောင်ခဲ့ကြပြီဖြစ်သည်။ မှော်စီဇာ၊
ဝေခါနှင့် မမော်ပွန်တို့တွင် တစ်ရွာလုံးနီးပါး နေထိုင်ခြင်းမရှိတော့သလို
အစောင့်သဘောကျန်ရှိခဲ့သည့် လူဦးရေ ၁၀ ဦးခန့်သာ ရှိတော့သည်ဟု သိရသည်။
မော်ဝမ်းကြီးနှင့် မော်ဝမ်း ကလေးတွင်လည်း အိမ်ခြေ ၄၀၀ ခန့်စီရှိပြီး လူဦးရေ
၂၀ ၊ ၃၀ ဦးသာ နေထိုင်မှုရှိတော့ကြောင်း သိရပါသည်။
စစ်ဘေးတိမ်းရှောင်နေရသည့် မမောပွန်၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊
မျောက်ဖြူ၊ မမောလျံ၊ တောင်ပြို၊ သူဌေးကျောင်း၊ လှမောင်ကျေးရွာနှင့်
ရှော်ရခ၊ စပျစ်လူးစသည့် မှော်ရွာများမှ သောင်းချီပြောင်းရွှေ့ခဲ့ကြပြီး
ဖြစ်သည်။ ''ဖားကန့်ဒေသ ငြိမ်းချမ်း ပါစေ။ လက်နက်သံတွေငြိမ်းပါစေ။
ဘုရားကျောင်း ခေါင်းလောင်းသံတွေ ညံပါစေ။ စာသင်ကျောင်း
ခေါင်းလောင်းသံတွေညံပါစေ''ဆိုတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖား ကန့်ခရီးစဉ်
ကြွေးကြော်သံတွေက ဖားကန့်ဝန်းကျင် တောင်နံရံတွေပေါ်တွင် စက်တင်ဘာလ ၁၆၊ ၁၇
ရက်နေ့များက ပဲ့တင်ရိုက်ခဲ့တော့ ကချင်မြေမှာ
ကောင်းချီးမင်္ဂလာရောက်စေသော်လို့ ရေရွတ်မိသည်။ ဖားကန့်ဒေသမှာ
ကောင်းချီးမင်္ဂလာရောက် စေသော်လို့လည်း ထပ်ဆင့်ဆုတောင်းရင်း . . .။
From -EMG
No comments:
Post a Comment