Thursday, September 13, 2012

မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ တောင်းဆိုချက်နှင့် ရရှိချက်များ

မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့သည် ယမန်နေ့ နံနက် ၈း၀၀ နာရီက ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာခဲ့ကြပြီး ညနေ ၆း၀၀ နာရီတွင် မုံရွာမြို့သို့ ရောက်ရှိခဲ့ကြသည်။
ရောက်ရှိလျှင် ရောက်ရှိချင်း မြို့မဂါတ်ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် ရှိနေကြသော နောင်နောင်ဦးဆောင်သည့်
ဝက်မှေးရွာသူရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ရွာသူရွာသားတို့က အချက် သုံးချက်ကို အဓိက ဆန္ဒထားရှိနေကြကြောင်း သိရှိခဲ့ရသည်။ ပထမဆုံး အနေဖြင့် မသွဲ့သွဲ့ဝင်း အပါအ၀င် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေး ဖြစ်ပြီး ဒုတိယ အနေဖြင့် ယခုဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင်ခဲ့ကြသူ မည်သူ့ကိုမှ ယခုရော နောင်တွင်ပါ အရေးယူမှုမပြုလုပ်ရန် ဖြစ်သည်။ ဒေသခံများ၏ နောက်ဆုံးနှင့် အဓိက အကျဆုံး ဆန္ဒသဘောထားမှာ ယခု ပြဿနာများဖြစ်ပွားစေသော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးတစ်ခုလုံးကို လောလောဆယ် ရပ်တန့်ထားရေးဖြစ်သည်။
ဒေသခံ၊ ၀က်မှေးရွာသူရွာသားများနှင့် တွေ့ဆုံပြီးနောက် ၈၈မျိုးဆက်ကျောင်းသား ကိုယ်စားလှယ်အဖွဲ့သည် မုံရွာမြို့ ကျောင်းသားများသမဂ္ဂ (မုံရွာ ဗကသ) အဖွဲ့ နှင့် ဆက်လက်တွေ့ဆုံရာ ရဲရင့်ကျော်(မုံရွာ)၊ နွေဦးကို တို့ ဦးဆောင်သည့် ကျောင်းသားများကလည်း အထက်က ၀က်မှေးရွာ ဒေသခံများတောင်းဆိုခဲ့သည့် အချက် ၃ ချက်ကိုပင် ဆန္ဒရှိနေကြပြီး ယခု၎င်းတို့၏ ဆန္ဒဖော်ထုတ်မှုကြောင့် နောက်ဆက်တွဲအနေဖြင့် ၎င်းတို့၏ လက်ရှိကျောင်းတက်ပညာသင်ယူမှုတွင် မည်သည့်အတားအဆီးမျှ ရှိမလာစေရေး၊ အရေးယူမခံရရေး တို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
မုံရွာမြို့ ကျောင်းသားများသမဂ္ဂ (မုံရွာ ဗကသ) အဖွဲ့ နှင့် တွေ့ဆုံခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တွေ့ဆုံကြရာတွင် တာဝန်ရှိသူများဘက်မှ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက် တို့ ပါဝင်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများက ဒေသခံများ၊ ကျောင်းသားများ အလိုရှိနေကြသော အချက် ၃ချက်ကို တင်ပြတောင်းဆိုပြီး ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆုံးကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးခြင်းခံထားရသူများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြန်လွှတ်ပေးနိုင်ပါရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒုတိယ ကိစ္စနှင့် ပတ်သက်ပြီး ယခုဖြစ်ပွားနေဆဲဖြစ်သော ဆန္ဒဖော်ထုတ်မှုကြောင့် နောက်ဆက်တွဲအနေဖြင့် မည်သူ့ကိုမျှ ထပ်မံ ဖမ်းဆီး အရေးယူခြင်းပြုလုပ်မည် မဟုတ်ကြောင်း ၊ ကျောင်းသားများကိုလဲ အရေးမယူပါကြောင်း သဘောတူညီမှုရရှိခဲ့သည်။ သို့သော် နောက်ဆုံးနှင့် အဓိကအကျဆုံးဖြစ်သည့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီးတစ်ခုလုံးကို လောလောဆယ် ရပ်တန့်ထားရေး ကိစ္စ၊ မြေယာကိစ္စ၊ လျော်ကြေးကိစ္စများသည် တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်သောကိစ္စ မဟုတ်ကြောင်း၊ ပြည်ထောင်စု အစိုးရကသာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ဒေသဆိုင်ရာလုံခြုံရေးကို ထိန်းသိမ်းပေးနိုင်သည်သာရှိပါကြောင်း ပြောကြားသည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသား များသည် ၀က်မှေးရွာနှင့် မုံရွာမြို့မှ ဒေသခံများအား ရရှိလာခဲ့သည့် ဆွေးနွေးချက်ရလာဒ်များကို ရှင်းလင်းပြောကြားပြီး နှစ်ဘက်စလုံးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်လွှဲနိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
ယနေ့ (စက်တင်ဘာ ၁၃ ရက်) နံနက်တွင် ဒေသဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက မုံရွာမြို့တွင်း၌ သံဆူးကြိုးအတားအဆီးများကို ပြန်လည်ရှင်းလင်းနေကြပြီး ရဲလုံခြုံရေးများ (ကား ၅စီး)ကိုလည်း ပြန်လည်ရုတ်သိမ်းသွားကြောင်း သတင်းရရှိပါသည်။
မုံရွာမြို့၌ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့သည် မသွဲ့သွဲ့ဝင်းအပါအ၀င် အဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက်လည်း ယနေ့(စက်တင်ဘာ ၁၃ ရက်)တွင် ဆက်လက်ကြိုးပမ်းလျက်ရှိနေကြသည်။
From -၈၈ မျိုးဆက်ကျောင်းသားများFacebook

No comments:

Post a Comment