Thursday, November 15, 2012

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံရေးအကျဉ်းသားများမပါဝင်

http://www.myitmakhamediagroup.com/administratorpanel/image/15-11-12-9.jpg 
နိုင်ငံတော်သမ္မတကြီးမှ ခွင့်ပြုပေးသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်၌  နိုင်ငံရေးသမားများ တောင်းဆိုနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ(နိုင်ငံရေးအကျဉ်းသား) မပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရှိရသည်။

 
 
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းသားများထဲမှ (၄၅၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်စည်းကမ်းချိုး ဖောက်သူများနှင့် ရာဇ၀တ်မှုကျူးလွန်သူများသာ ပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ မပါဝင်သဖြင့်  နိုင်ငံရေးအသိုင်းအ၀န်းက   ကျေနပ်မှုမရှိဟု ပြောဆိုနေကြသည်။
 
 
 “စစ်ပြေးနဲ့ လောင်းကစားမှုတွေပဲပါတယ်။ အိုဘားမားလာလို့ အကြိုပုံစံမျိုးနဲ့ လွှတ်တယ်ပေါ့။ နိုင်ငံရေး အကျဉ်သား တစ်ယောက်မှ မပါဘူး။ ဒါက အားလုံးကို စော်ကားလိုက်သလို ဖြစ်နေတယ်။ ဒါကိုတော့ လုံးဝ လက်မခံနိုင်ဘူး။ မြန်မာပြည်မှာ  နိုင်ငံရေး အကျဉ်သားမရှိဘူးဆိုတာကိုလည်း လက်မခံဘူးဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ကိုသက်ဦးက ပြောသည်။
 
 
နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းထားသည့် စာရင်းများအရ နှစ်ကြီးကျခံနေရသူ ဦးမြင့်အေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၃၁)ဦး ကျန်ရှိနေကြောင်းကိုလည်း သိရှိရသည်။
 
 
မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် အစဉ်တစိုက်တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။
 
 
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား(၃၆)ဦး၊ အကျဉ်းသူ (၇)ဦး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
 
 
အင်းစိန်ထောင်တွင်းရှိ ဆေးရုံ၌လည်း နိုင်ငံရေးအကျဉ်းသား(၂)ဦးမှာ နှလုံး၊ အသည်းရောဂါဖြင့် ဆေးကုသမှုခံယူနေရကြောင်း  လွတ်မြောက်လာသူများထံက သိရသည်။
 
 
ကျွန်တော်တို့ကို (၄၀၁)နဲ့ လွှတ်ပေးလိုက်တာ နောက်ထက်အမှု မဖြစ်အောင်နေရမယ်ပေါ့။ အမှုဖြစ်မယ်ဆိုရင် အခုပြစ်ဒဏ်တွေပါ ပေါင်းပြီး အပြစ်ပေးခံရမယ်လို့ ပြောလိုက်တယ်ဟု လွတ် မြောက်လာသူတစ်ဦးက ပြောသည်။
 
 
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သတ်၍ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှလည်း နိုဝင်ဘာ လ(၁၆)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရှိရသည်။

မြစ်မခသတင်းမီဒီယာ

No comments:

Post a Comment