Saturday, January 5, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်တည်ဆောက်မည့် တံတားငါးစင်းအနက် ၆ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းစတင်၊ ခံနိုင်ရည် ၇၅ တန်အထိရှိပြီး ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားနိုင်ရေး အဓိကထား တည်ဆောက်မည်ဟု သိရ

 ha-5-1-1
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဘုရင့်နောင်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းများ စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါတံတားသည် (၇၅) တန်အထိ ခံနိုင်ဝန်ရှိကြောင်းနှင့် ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို အဓိကထား တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
"ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းကို စတင်နေပါပြီ။ ခံနိုင်ဝန် ၇၅ တန်အထိရှိပြီး ကုန်ကားတွေ တကယ်တမ်းမှာ တန် ၃၀ အထိပဲ ပေးဖြတ်ပါတယ်။ ကုန်ကားတွေ ဖြတ်သန်းခွင့် မပြုပါဘူး။ ဘုရင့်နောင် ကိုလာတဲ့ ကုန်ကားမှန်သမျှ အောင်ဇေယျတံတားကိုသာ အားထားသွားလာနေရတာပါ။ အခုတံတားစီမံကိန်း (၂) ပြီးသွားရင်တော့ ကုန်ကားတွေ ပိုပြီးအဆင်ပြေနိုင်မှာပါ" ဟုလည်း ဘုရင့်နောင်ရှိ စခန်းအကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း၊ ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်းများ တည်ဆောက် လျက်ရှိသောကြောင့် ဘုရင့်နောင်လမ်းဆုံ ၀န်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရန်အတွက် သီရိမွန်အိမ်ရာ နောက်ကျောတွင် ဂိတ်ဖွင့်ကာ ကုန်တင်ယာဉ်များ သွားလာနိုင်ရေး အတွက် ရှောင်တိန်း လမ်း ဖောက်လုပ်ပေးထားကြောင်းလည်း သိရှိရသည်။
အဆိုပါတံတားစီမံကိန်းများမှာ (၁) ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးများသို့ ဆက်သွယ်သွား လာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့် တဘက်ကမ်းရှိ အေးရွာတို့သို့ ဆက်သွယ် မည့် လေးလမ်းသွား လှိုင်မြစ်ဖြတ်တံတား၊ (၃) လှိုင်မြစ်ဖြတ် ၆ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း၊ (၄) ထန်းတပင်-မှော်ဘီ လမ်းပေါ်ရှိ လှိုင်မြစ်ဖြတ် နှစ်လမ်းသွား ၀ါးတရာတံတားနှင့် (၅) ပုစွန်တောင်နှင့် ဒေါပုံမြို့နယ်များကို ဆက်သွယ်မည့် သာကေတ တံတားသစ်တို့ ဖြစ်ကြောင်း လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
Eleven

No comments:

Post a Comment