Wednesday, February 20, 2013

ရှမ်းမူးယစ်ရာဇာအား မောင်းသူမဲ့ လေယာဉ်သုံး၍ လုပ်ကြံရန် တရုတ်အစိုးရ စဉ်းစားခဲ့သည်ဟုဆို



တရုတ် အစိုးရအနေဖြင့် ရှမ်းပြည်နယ်ရှိ မူးယစ်ရာဇာ နော်ခမ်းအား လုပ်ကြံသတ်ဖြတ်ရန်အတွက်
မောင်းသူမဲ့ လေယာဉ်တစီးကို အသုံးပြုရန် စဉ်းစားခဲ့သည်ဟု တရုတ်မီဒီယာ တခုက ဆိုသည်။

တရုတ် နေ့စဉ် သတင်းစာ ဖြစ်သည့် Global Times သတင်းစာက ရေးသားခဲ့ရာတွင် တရုတ်အစိုးရ အနေဖြင့် ရှမ်း မူးယစ်ရာဇာ နော်ခမ်းအား မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်တန်း ထူထပ်သော
ဒေသရှိ သူ၏ ခံတပ်ကို အဓိက ပစ်မှတ်ထားကာ မောင်းသူမဲ့ လောယာဉ် သုံး၍ တိုက်ခိုက်ရန် စဉ်းစားခဲ့ သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ အတွင်းက မဲခေါင်မြစ်ပေါ်တွင် တရုတ် သဘောင်္သား ၁၃ ဦးအား သတ်ဖြတ်ခဲ့ သည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည့် မူးယစ်ရာဇာအား တရုတ်အစိုးရက လုပ်ကြံ သတ်ဖြတ်ရန် ဆွေးနွေးခဲ့သည်ဟု သတင်းက ဆိုထားသည်။ သို့ရာတွင် နောက်ပိုင်းတွင် တရုတ် အစိုးရအနေဖြင့် ထိုမူးယစ်ရာဇာအား ဖမ်းဆီးရန်သာ ဆုံးဖြတ်ခဲ့သည်ဟု Global Times သတင်းစာက ဆိုကာ ၂၀၁၂ ခုနှစ်၊ ဧပြီတွင် လာအို အာဏာပိုင်များက သူ့ကို ဖမ်းဆီးမိခဲ့ပြီး လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းစာက ဆိုထားသည်။

အင်္ဂါနေ့ထုတ် New York Times သတင်းစာတွင် ပါရှိသည့် Jane Perlez ရေးသားခဲ့သည့် ဆောင်းပါး တပုဒ်က ဆိုရာတွင် မောင်းသူမဲ့ လေယာဉ်တစီးကို အသုံးပြုရန် စီစဉ်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ တိုက်ခိုက်ရေး ကဏ္ဍတွင် လူကိုယ်တိုင် ထိန်းချုပ်ရန် မလိုသော လေကြောင်း စစ်ပွဲများ ဆင်နွှဲနိုင်သည့် စွမ်းရည် တိုးတက်လာကြောင်းကို ပြဆိုနေသည်ဟု ရေးသားထားသည်။

နော်ခမ်းနှင့် သူ၏နောက်လိုက် သုံးဦးကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တရုတ်တရားရုံးမှ သေဒဏ် ချမှတ်ထားကာ အခြား အဖွဲ့ဝင် နှစ်ဦးကိုမူ ဆိုင်းငံ့သေဒဏ် နှင့် ထောင် ၈ နှစ် ချမှတ်ထားသည်။ 
Mizzima

No comments:

Post a Comment