Friday, February 15, 2013

အကောက်ခွန်ဌာနတွင် ဆုငွေ မပေးတော့

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၏ လုပ်ငန်း ဆိုင်ရာဆောင်ရွက်မှုအပေါ် ဆုငွေချီးမြှင့်လေ့ရှိသည့်စနစ်နှင့် အမိန့်နှင့်ညွှန်ကြားချက်များကို တရားဝင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ပြည်ပနိုင်ငံများမှ နိုင်ငံတွင်းသို့ တင်သွင်းလာသော သွင်းကုန်ပစ္စည်းများအနက်မှ အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်သော ကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနက ဒဏ်ရိုက်ကြောင်း၊ ယင်းဒဏ်ရိုက်သည့်ငွေကြေးများအနက်မှ ၈၀ ရာခိုင်နှုန်းကို အစိုးရဘဏ္ဍာအဖြစ်ပေးသွင်းပြီး ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူက ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးအရေးယူသော အဖွဲ့က ၁၀ ရာခိုင်နှုန်း ဆုကြေးငွေ အဖြစ်ချီးမြှင့်လေ့ရှိကြောင်း၊ အကောက်ခွန်ဦးစီးဌာနသည် ဖမ်းဆီးအရေးယူသော အဖွဲ့အစည်းအနေဖြင့် ဆုကြေးငွေများ ပုံမှန်ရရှိနေကြောင်း၊ ယင်းသို့ရရှိမှုမှာလည်း တရားဝင်အမိန့်၊ ညွှန်ကြားချက်များအရ တရားဝင်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုအခါတွင်မူ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အကောက်ခွန်ဦးစီးဌာနကို ဆုငွေ လုံးဝ ချီးမြှင့်တော့မည် မဟုတ်ဘဲ အမှန်တကယ် တရားမ၀င် ကုန်စည်များကို ဖမ်းဆီးအရေးယူနေသည့် ရွေ့လျားမိုဘိုင်းလ်စစ်ဆေးရေး အဖွဲ့များကိုသာ ဆုငွေ ချီးမြှင့်တော့မည်ဟု ဒေါက်တာမောင်မောင်သိမ်းက ဧရာဝတီသို့ရှင်းပြသည်။
“အကောက်ခွန်ဝန်ထမ်းတွေကို ဆုငွေပေးတဲ့စနစ်ရပ်လိုက်ပါပြီ။ ဒါပေမယ့် တရားမ၀င် ကုန်သွယ်မှုနဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတဲ့ မိုဘိုင်းလ်စစ်ဆေးရေးအဖွဲ့တွေကိုတော့ ဆုငွေပေးတဲ့စနစ် ကျင့်သုံးမယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
စစ်အစိုးရခေတ်ထုတ်ပြန်ခဲ့သော အမိန့်နှင့်ညွှန်ကြားချက်များအရ အကောက်ခွန်ဦးစီးဌာနက ရွေးယူဒဏ်ငွေနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး လေလံတင်ရောင်းချခြင်းတို့မှ ရရှိသော ငွေများအပေါ် ဆုကြေးခံစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
အကောက်ခွန်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများတွင် အကောက်ခွန်ဝန်ထမ်းများက ကြိုးစားပမ်းစားဖြင့် လိုက်လံဖမ်းဆီးထားသော တရားမ၀င်ကုန်ပစ္စည်းများအပေါ် ဆုကြေးရသင့်သည်ဟု တရားဝင်ဖော်ပြထားသော်လည်း လက်ရှိတွင် အကောက်ခွန်ဦးစီးဌာနသည် အစိုးရစီမံချက်များအပေါ် ဒဏ်ရိုက် ဆုကြေးခွဲယူမှုများရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ အနားပေးခံလိုက်ရသော ၀န်ထမ်းများက ဆိုကြသည်။
“ကားတွေသွင်းတဲ့ကိစ္စမှာဆိုရင် ဆိပ်ကမ်းရောက်လာတဲ့ ကားတစီးကို ဒဏ်ငွေတသိန်း ရိုက်တယ်။ အဓိက ကားတွေက အကောက်ခွန်စည်းမျဉ်းစည်းကမ်းအရ သွင်းလာတဲ့ကားတွေ ဂျပန်မှာ သုံးပြီးသားကားတွေဖြစ်နေတော့ ဒဏ်ရိုက်တာ။ ကြိုးစားပမ်းစား လိုက်ဖမ်းတာမျိုး လည်းမဟုတ်ဘဲ ဆိပ်ကမ်းရောက်တဲ့ကားတိုင်း ဒဏ်ရိုက်ပြီးတော့ အကောက်ခွန်ဦးစီးဌာန က ဆုငွေရတာ။ ဆုငွေပေးတဲ့နေရာမှာလည်း ထင်သာမြင်သာမရှိတာ၊ ဘယ်လောက်ရလို့ ဘယ်လိုခွဲလဲ ဒါတွေလည်း ဘယ်သူမှ တိတိကျကျ မသိဘူး။ ဆုကြေးအပေါ်မှာဖြစ်တဲ့ မသမာမှုတွေလည်းအများကြီးပဲ” ဟု အကောက်ခွန်ဝန်ထမ်း ဟောင်းတဦးက ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ်တွင် အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်ဆိုင်ရာ ဥပဒေများနှင့်ညီညွတ်မှုမရှိသော သွင်းကုန်ပစ္စည်းများ ဒဏ်ရိုက်မှု စုစုပေါင်း ၃၄၁၄ ခု ပြုလုပ်ခဲ့ပြီး ယင်းဒဏ်ရိုက်မှုများအတွက် ဌာနက ဆုကြေးငွေ သိန်း ၁၅၀၀ ရရှိကြောင်း၊ ယင်းငွေကြေးများကို အကောက်ခွန်ဦးစီးဌာနမှ ၀န်ထမ်းများအားလုံးခွဲဝေရရှိမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၆ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတခုတွင် အကောက်ခွန်ညွှန်ကြားရေးမှူးဦးဇော်လင်းက သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
အကောက်ခွန်ဝန်ထမ်းဟောင်းအချို့၏အဆိုအရ အကောက်ခွန်ဦးစီးဌာနသည် အထူးဆုကြေးရန်ပုံငွေသော အမည်ဖြင့် မြန်မာ့စီးပွားရေးငွေစုဘဏ်ခွဲ ၁ တွင် ငွေစုစာအုပ်တအုပ်ဖွင့်လှစ်ထားပြီး ယင်းငွေစုစာအုပ်တွင် သိန်းပေါင်းများစွာအပ်နှံထားကြောင်း၊ယင်းငွေကြေးများနှင့်ပတ်သက်ပြီး မည်သို့ မည်ပုံအသုံးပြုသည်ဆိုသော ပွင့်လင်းမှုအားနည်းကြောင်း သိရှိရသည်။
အကောက်ခွန်ဦးစီးဌာန၏အထူးဆုကြေးငွေစုစာအုပ်ထားရှိမှုနှင့်ပတ်သက်ပြီး ဧရာဝတီက မြန်မာ့စီးပွားရေးငွေစုဘဏ်ခွဲ ၁ မန်နေဂျာဦးတင်ရှိန်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်လင်းတို့ထံဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုချက်တစုံတရာမရှိခဲ့ပေ။
ယခုဖေဖော်ဝါရီလဆန်းပိုင်းက အကောက်ခွန်ဦးစီးဌာနမှ ၁၆ ဦးကို အကျင့်ပျက်ခြစားမှုတွင်ပါဝင်မှုဖြင့် ရာထူးတာဝန်များမှ မယူမနေရ အငြိမ်းစားပေးခဲ့သည်
ဧရာဝတီ

No comments:

Post a Comment