Sunday, March 10, 2013

ဆန္ဒဖော်ထုတ်မှုအချို့ နောက်ကွယ်၌ ...


အောင်ခိုင်၊ရန်မျိုးနိုင်၊ထွန်းခိုင်
သံဃာတော်များနှင့် လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာခဲ့သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပါအ၀င် ဆန္ဒပြပွဲများအား အင်အားသုံးဖြေရှင်းခဲ့သော တပ်မတော်အစိုးရကို ဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်၏ အရပ်သားအစိုးရသစ်သည် ဆန္ဒပြပွဲများအား ၂၀၁၂ ဇူလိုင်လမှစတင်ပြီး တရားဝင်ပြသခွင့်ကို ပေးခဲ့သည်။

ယခင်က အာဏာရှင်အစိုးရအဆက်ဆက် လက်ထက်တွင် လူငါးဦးထက် ပိုမိုစုဝေးပါက အရေးယူနိုင်သည်အထိ ဖိနှိပ်ခံထားရသော ပြည်သူများသည်    ခေတ်အဆက်ဆက် ခံစားခဲ့ရသော လူ့အခွင့်အရေးဆုံးရှုံးမှုနှင့် နိုင်လိုမင်းထက် ပြုကျင့်ခံခဲ့ရမှုများကို ဆန္ဒပြပွဲများ ပြုလုပ်ကာ ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြသခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၂ အတွင်း တစ်နိုင်ငံလုံးတွင် ဆန္ဒဖော်ထုတ်မှုအရေအတွက်မှာ (၁၉၆)ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များက ဆိုသည်။
ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းကာလတွင် ရက်သတ္တပတ်တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်နှုန်းခန့်အထိ ဖြစ်ပေါ်နေသော ဆန္ဒထုတ်ဖော်မှုများသည် တစ်ခါတစ်ရံတွင် ပဋိပက္ခအသွင်ဆောင်ကာ တောင်းဆိုသူများနှင့် အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုများအကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ကာ လူအသေအပျောက်ဖြစ်သည်အထိ တင်းမာခဲ့ကြသည်။
ယင်းကဲ့သို့ ပြဿနာများဖြစ်ပွားတိုင်း အစိုးရဘက်မှ ကိုင်တွယ်ဖြေရှင်းမှုများကို ဝေဖန်မှုများရှိသလို နစ်နာသူများအရေး ကူညီလုပ်ဆောင်ပေးနေသည့် တက်ကြွလှုပ်ရှားသူအချို့၏ ပြုမူလုပ်ဆောင်မှုအချို့ကြောင့် ၎င်းတို့၏ ပါဝင်မှုအခန်းကဏ္ဍသည်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
၎င်းတို့ကို အစိုးရဘက်မှ တစ်ခါတစ်ရံတွင် စည်းရုံးလှုံ့ဆော်သူ (သို့မဟုတ်) နောက်ကွယ်မှ သွေးထိုးသူဟုခေါ်ကာ နစ်နာသူများဘက်ကမူ ၎င်းတို့အရေး ကူညီလုပ်ဆောင်ပေးနေသူများဟု သုံးနှုန်းကြသည်။ ထိုပုဂ္ဂိုလ်တို့က သူတို့သည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဟု ပြောဆိုလေ့ရှိသည်။ လက်ရှိကြုံတွေ့နေရသည့် အခွင့်အရေး ဆုံးရှုံးမှုများတွင် လူထု၏နစ်နာမှုများ ထုတ်ဖော်ရန်အတွက် အဓိက အကူအညီပေးလေ့ရှိသော ၎င်းတို့ကြောင့် နစ်နာသူများတွင် အတိုင်းအတာတစ်ခုအထိ ပြေလည်မှုရသွားမှုများရှိသလို မလိုလားအပ်သည့် ပြဿနာများ ပိုမိုကြီးထွားခြင်းလည်း ဖြစ်ပွားလာခဲ့ရသည်။
လူထု၏ခံစားခဲ့ရမှုများကို ဖော်ထုတ်ခွင့်ရခဲ့သည့် အစိုးရသစ်လက်ထက်တွင် အခွင့်အရေး တောင်းဆိုခဲ့ကြသော စက်ရုံအလုပ်သမားများ၊ လျှပ်စစ်မီးရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ မြေမဲ့ယာမဲ့ဖြစ်သွားသော လယ်သိမ်းခံ တောင်သူလယ်သမားများ လမ်းမပေါ်သို့ထွက်ကာ ၎င်းတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ယင်းကဲ့သို့ ဆန္ဒပြပွဲများတွင် နစ်နာဆုံးရှုံးသူများဘက်မှ အမှန်တကယ် နည်းမှန်လမ်းမှန် ကူညီဆောင်ရွက်ပေးသူများ ရှိသလို ၎င်းတို့နှင့်ရောနှောပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်မည့်သူများလည်း ရှိလာခဲ့ကြောင်း ဝေဖန်မှုများလည်း ရှိလာသည်။
အမှန်တကယ် နစ်နာသူများအား ကူညီပေးသယောင်ပြုကာ ပဋိပက္ခအသွင် ဖန်တီးသူများသည် နိုင်ငံရေးအင်အားစုများအကြား အထင်မှားမှုများ ဖြစ်ပေါ်စေရန် အကွက်ချစီစဉ်မှုများလည်းရှိကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။ အစိုးရတာဝန်ရှိသူများနှင့် နစ်နာသူများအကြား ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်ပေါ်မီ မည်သူမည်ဝါမှန်း မသိသူများက နာမည်အလွဲသုံးစားလုပ်ကာ တင်းမာမှုအရှိန်ကို ပိုမိုမြှင့်တင်ပေးမှုများရှိကြောင်း ၎င်းတို့ကဆိုသည်။
“နောက်ကွယ်မှာ လူတစ်စု (သို့မဟုတ်) တစ်စုထက်ပိုတဲ့ အင်အားစုတွေ လုပ်နေတာလို့ မြင်တယ်”ဟု မြန်မာနိုင်ငံအရေး လေ့လာသူ စာရေးဆရာနေသန်မောင်က ပြောသည်။
ပြဿနာအချို့တွင် လက်ရှိ အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လူထု၏ထောက်ခံမှု အပြတ်အသတ်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမည်များ အသုံးချကာ အောက်ခြေတွင် ပဋိပက္ခအသွင် ဖြစ်ပေါ်ရန် ဖန်တီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမည်တပ်ကာ ဖြစ်ပေါ်ခဲ့သည့် ပြဿနာများသည် နာမည်အလွဲသုံးစားလုပ်မှုများသာဖြစ်ပြီး ၎င်းတို့ပါတီမှ အစီအစဉ်မဟုတ်ကြောင်း ယင်းပါတီမှ ထိပ်တန်းတာဝန်ရှိသူများကဆိုသည်။
“ကြံ့ခိုင်ရေးက သေချာပေါက်မပါဘူး”ဟု ယင်းပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။
ပါတီ၏အမည်ကို အသုံးချကာ မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခြင်းကို ကာကွယ်သည့်အနေဖြင့် ပါတီဝင်များကို စည်းကမ်းချက်များ ထုတ်ထားပြီး ယင်းစည်းကမ်းချက်များကို လိုက်နာရန်လည်း အသိပေးထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကပြောသည်။
“အခြားအဖွဲ့အစည်းတွေ၊ အခြားပါတီက မြှောက်ပေးတယ်၊ မပေးတယ် မပြောနိုင်ဘူး။ အချို့ပွဲတွေမှာ အရပ်စကားနဲ့ပြောရရင် ဖွတာတွေရှိတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြားမှာ ပြဿနာဖြစ်အောင် ဖွတဲ့သူတွေတော့ရှိတယ်။ ရည်ရွယ်ချက်တို့၊ နောက်ခံတို့တော့ မသိဘူး”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သော ရဲတပ်သားတစ်ဦး သေဆုံးပြီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ အပါအ၀င် နှစ်ဖက်စလုံးမှ လူ ၅၀ ခန့် ထိခိုက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာ လယ်ယာမြေပြဿနာတွင် ရန်ကုန်မြို့(အခမဲ့ ဗေဒါစာသင်ကျောင်း)မှ လင်းပိုင်စိုးဆိုသူ၏ စည်းရုံးလှုံ့ဆော်မှုပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အဆိုပါစွပ်စွဲချက်ကို အခမဲ့ ဗေဒါစာသင်ကျောင်း ဒါရိုက်တာဦးမျိုးရန်နောင်သိမ်းက ပယ်ချလိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။ စွပ်စွဲခံရသော လင်းပိုင်စိုးဆိုသူမှာ မည်သူမှန်းပင်မသိကြောင်း ၎င်းကပြောသည်။
“ဒီကိစ္စမည်သူမည်ဝါဆိုတာ ကျွန်တော်တို့မသိဘူး။ ဗေဒါသင်တန်းကျောင်းနဲ့တော့ လားလားမှမသက်ဆိုင်ဘူး။ အတိအလင်းပြောပါရစေ။ လိုအပ်တဲ့ ရှာဖွေဖော်ထုတ်မှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ခေတ်အဆက်ဆက် နစ်နာဆုံးရှုံးမှုများတွင် မကျေလည်မှုများ၊ နစ်နာဆုံးရှုံးမှုများတွင် နိုင်ငံရေး၊ ငွေကြေးအရ အမြတ်ထုတ်သူအချို့ရှိသလို ဘာသာရေးအရ မကျေလည်မှုအချို့ကို အခွင့်ကောင်းယူပြီး ပဋိပက္ခအသွင်ဖြစ်အောင် လုပ်ဆောင်မှုအချို့လည်း တွေ့နေရကြောင်း မြန်မာနိုင်ငံအရေး လေ့လာနေသူများက ပြောသည်။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် သာကေတမြို့နယ်အတွင်း ဘာသာရေးကျောင်း ဆောက်လုပ်မှုနှင့် ပတ်သက်သည့် ဖြစ်စဉ်တွင်လည်း ရပ်ကွက်အတွင်း မကျေလည်မှုကို အကြောင်းပြုပြီး ပြဿနာပိုမိုကြီးထွားအောင် လာရောက်လုပ်ဆောင်သူများလည်း ရှိခဲ့သောကြောင့် အာဏာပိုင်တို့က ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ရသည်။
“ဒိုင်နာတွေနဲ့ ဘယ်ကမှန်းမသိတဲ့သူတွေ ရောက်လာတယ်။ မြန်မြန်ဖျက်၊ မြန်မြန်ပြေးစနစ်နဲ့ လုပ်သွားတယ်။ နောက်ရက်တွေမှာ ရပ်ကွက်ကလူတွေကိုယ်တိုင် လမ်းထိပ်တွေမှာ လုံခြုံရေးကင်းတွေစောင့်နေပြီး လူစိမ်းတွေမ၀င်အောင် လုပ်ခဲ့ရတယ်”ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမင်းကပြောသည်။
သာကေတမြို့နယ်ကဲ့သို့ပင် ဘာသာရေးဆန်သည့် မတည်ငြိမ်မှုများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ကောလာဟလများ ပျံ့နှံ့ခဲ့သောကြောင့် ဒေသအာဏာပိုင်တို့က ပုဒ်မ ၁၈၈ ထုတ်ပြန်ကာ အခြေအနေများ ထိန်းသိမ်းခဲ့ရသည်။ မည်သည့်ရည်ရွယ်ချက်ကြောင့်ဟု  မသိရသော်လည်း ပြဿနာများကို ဖြေရှင်းခြင်းမဟုတ်ဘဲ၊ ပြဿနာများကို ကြီးထွားအောင် လုပ်နေသူအချို့ ရှိနေခြင်းအပေါ် ပြည်သူအချို့က ပူပန်နေသည်။
နစ်နာဆုံးရှုံးသူများ ကြုံတွေ့နေရသော အခက်အခဲက အမှန်တကယ် ကူညီဆောင်ရွက်သူ မဟုတ်ဘဲ အခြေအနေ တင်းမာစေရန် ဖန်တီးသူများ၊ အကျိုးစီးပွားအတွက် လှုံ့ဆော်သူများအတွက် ပိုမိုနေရာရလာစေရန် အထောက်အကူပေးသကဲ့သို့ ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် အကျယ်လောင်ဆုံး တောင်းဆိုမှုဖြစ်သည့် လယ်သမားများက ၎င်းတို့စွန့်လွှတ်ခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများတွင် အစိုးရအာဏာပိုင်များအား ကြောက်ရွံ့ရခြင်း၊ ရုံးလုပ်နည်းလုပ်ဟန်မသိခြင်း စသည့် အခက်အခဲများသည် ၎င်းတို့အား ပိုမိုနေရာရလာစေသည်။
“လယ်သိမ်းခံရရင် ဟိုလူကောင်းနိုးနိုး၊ ဒီလူကောင်းနိုးနိုးနဲ့ လိုက်လုပ်ပေးတဲ့သူတွေနောက် လိုက်ရတယ်။ တချို့က ကူညီသယောင်နဲ့ အမြတ်ထုတ်တယ်။ တချို့ကတော့ လုံးဝမတောင်းဘူး။ တကယ်ကူညီတယ်။ လယ်သမားကတော့ လယ်ပြန်ရချင်တာပဲ သိတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ မလိုလားဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ လုပ်ရင်းနဲ့ ရွေးစရာမရှိတော့တာတွေရှိတယ်”ဟု ၎င်းတို့ စိုက်ပျိုးနေသည့်မြေများ အသိမ်းခံရသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် အတွင်းပဒံနှင့် အပြင်ပဒံကျေးရွာမှ ကိုကြည်ရွှင်ကပြောသည်။
သေစာ၊ ရှင်စာ ဖတ်တတ်ရုံသာ စာသင်ကြားခွင့်ရခဲ့သော၊ ခေတ်အဆက်ဆက် အာဏာပိုင်များ၏ ဖိနှိပ်မှုကို အပြင်းအထန်ခံခဲ့ရသော လယ်သိမ်းခံလယ်သမားများအဖို့ တိုင်ကြားစာပို့ခြင်း အပါအ၀င် အခြေခံအခွင့်အရေး တောင်းဆိုမှုများတွင် ကြားမှကူညီသူမရှိပါက မည်သို့မှ အဆင်ပြေမည်မဟုတ်ကြောင်း ၎င်းကပြောသည်။
“သူတို့မရှိရင် ကျွန်တော်တို့ လယ်သိမ်းခံရတာ ဘယ်သူမှသိမှာမဟုတ်ဘူး။ ဒါကို လူတွေသိအောင် လုပ်ပေးလို့ ကျေးဇူးတင်တယ်။ ဒါပေမဲ့ ဟိုတောင်း၊ ဒီတောင်းလုပ်တဲ့သူတွေကြောင့် တကယ်ကူညီတဲ့သူတွေကိုလည်း သိပ်မယုံကြတော့ဘူး”ဟု ထန်းတပင်မြို့နယ်မှ လယ်သိမ်းခံရသူတစ်ဦးက ပြောသည်။
ဆန္ဒထုတ်ဖော်မှုအချို့တွင်ကြားမှ အားပေးဦးဆောင်သူအချို့က နာမည်လူသိများလာသော နိုင်ငံရေးအကျိုးအမြတ်အပြင် ငွေကြေးအကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ကြုံသူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟုဆိုကာ လယ်သမားများထံမှ ငွေကြေးတောင်းခံသူများလည်းရှိကြောင်း ဆန္ဒပြခဲ့ကြသည့် လယ်သမားများကပြောသည်။ ယင်းအပြင် ငွေကြေးတတ်နိုင်သူများက ၎င်းတို့အကျိုးအတွက် နေ့စားခပေးကာ ခေါ်ဆောင်လာမှုများလည်းရှိသည်။
“တကယ်နစ်နာလို့ ဆန္ဒပြတာအပြင် နာမည်ကြီးချင်လို့၊ ပိုက်ဆံလိုချင်လို့ ပြတဲ့သူတွေရှိတယ်။ ဒီတော့ တကယ်နစ်နာသူတွေက ခံရတာပေါ့။ သူတို့လုပ်လည်း သဲထဲရေသွန်ပေါ့”ဟု စမ်းချောင်းမြို့နယ်မှ ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သူ ကိုသန့်နိုင်ဆွေကပြောသည်။
ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာရခြင်းသည် လှုံ့ဆော်သူများကြောင့်သာမက အစိုးရဘက်မှ စေ့စပ်ညှိနှိုင်းသူများကြောင့်လည်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများကဆိုသည်။ နစ်နာသူများ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီအထိ ဂရုတစိုက်ပြုလုပ်လေ့မရှိခြင်း၊ စေ့စပ်ညှိနှိုင်းမှုများတွင်လည်း မောက်မာစွာဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ၀န်ထမ်းများ၏ လုပ်ရပ်များကလည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။
“ကျွန်တော်တို့ သ/မ အသင်းကိစ္စကို တင်ပြပြီး လေးလကြာတဲ့အထိ စုံစမ်းအရေးယူတာမျိုးမရှိဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်ကြတာ”ဟု ကိုသန့်နိုင်ဆွေကပြောသည်။
အလားတူ ၎င်းတို့ စိုက်ပျိုးနေသည့်မြေများ အသိမ်းခံရသည်ဟုဆိုကာ ဆန္ဒပြခဲ့ကြသည့် လှိုင်သာယာမြို့နယ် အတွင်းပဒံနှင့် အပြင်ပဒံကျေးရွာများမှ ဆန္ဒဖော်ထုတ်သူများအရေးကို စတင်ဆန္ဒပြသည့်နေ့မှစတင်ပြီး ရက်ပေါင်း ၁၀၀ နီးပါးကြာ လူအများ သတိထားမိသည့်အချိန်မှသာ အစိုးရဘက်က အရေးတယူ လုပ်ဆောင်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ကိုကြည်ရွှင်ကပြောသည်။ ယင်းမတိုင်မီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွင်းမှုနှင့် တရားစွဲဆိုမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။
ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ဆန္ဒဖော်ထုတ်မှုများ၊ လူထုတောင်းဆိုမှုများ ဖြစ်ပေါ်လာသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ယခင်အစိုးရတွင် ပါဝင်ခဲ့သူများကပင် အသွင်ကူးပြောင်းရေးကို ပြန်လည်ဦးဆောင်သည့် ဖြစ်စဉ်မျိုးတွင် ယင်းဆန္ဒပြမှုများကို ကြိုတင်မျှော်လင့်ထားပြီး အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင်ရန် စဉ်းစားထားရမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။ အစိုးရအနေဖြင့် ဆန္ဒဖော်ထုတ်မှုများကို ပဋိပက္ခအသွင်မရောက်မီ ကြိုတင်ဖြေရှင်းရန်
ကြိုးစားသင့်ကြောင်း၊ အဓိကရုဏ်းဖြစ်ပေါ်လာပါက နှိမ်နင်းရာတွင်လည်း နိုင်ငံတကာနည်းလမ်းများအတိုင်း ဖြိုခွဲခံရသူအား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးစားသင့်ကြောင်း ၎င်းကပြောသည်။
“အပြောင်းအလဲတစ်ခုမှာ ပျက်တာက မတည်ငြိမ်မှုပဲ။ မတည်ငြိမ်မှုတွေကို အစိုးရက မကိုင်တွယ်နိုင်ရင် အသွင်ကူးပြောင်းရေး ထိခိုက်နိုင်တယ်။ ဒီအပြောင်းအလဲက လူထုအတွက် တကယ်အကျိုးရှိတဲ့ အပြောင်းအလဲဆိုတာ သိအောင်လုပ်သင့်တယ်”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။
အစိုးရသစ်သည် ဆန္ဒထုတ်ဖော်တောင်းဆိုမှု အတော်များများကို ထိတွေ့ဆက်ဆံသောနည်းလမ်းဖြင့် ဖြေရှင်းခဲ့သည်။ ယုတ်စွအဆုံး အပစ်အခတ်ရပ်စဲထားသော ကရင်ဗုဒ္ဓဘာသာအဖွဲ့(DKBA)နှင့် ကရင်လက်နက်ကိုင်အချို့၏ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် လက်နက်ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဆန္ဒပြပွဲများကိုပင် အေးချမ်းစွာ ပြီးဆုံးသွားစေခဲ့သည်။
သို့သော်လည်း ၂၀၁၂ စက်တင်ဘာလအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ဖြစ်ပွားခဲ့သော ရှားခဲအင်းအရေးမှ စတင်ပြီး ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်များအကြား ထိပ်တိုက်တွေ့ဆုံမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက် ဖြစ်သည်အထိပင် နှစ်ဖက်အကြား တင်းမာမှုအရှိန်မှာ မြင့်တက်ခဲ့သည်။ ယင်းဖြစ်စဉ်အပြီး တစ်လခန့်အကြာ နိုဝင်ဘာ ၂၅ ရက်ကလည်း အာဏာပိုင်တို့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်သူ အတော်များများ ထိခိုက်ဒဏ်ရာရရှိမှုများသည်လည်း ၂၀၁၂ အတွင်း လူစိတ်ဝင်စားသည့် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများနှင့် အာဏာပိုင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများသည် ယင်းနှင့်ပင် မရပ်သေး။ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာ လျှပ်စစ်သွယ်တန်းမှုနှင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာ လယ်ယာမြေပြန်လည်ရရှိရေး တောင်းဆိုသည့် လယ်သမားများနှင့် အာဏာပိုင်တို့အကြား တင်းမာမှုအမြင့်မားဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရမှုများ ထပ်မံဖြစ်ပေါ်ခဲ့သည်။
အနာဂတ်တွင် ယင်းကဲ့သို့သော ၀မ်းနည်းဖွယ်ရာဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန်အတွက် ပြဿနာများကို ဖြေရှင်းပေးရမည့် အစိုးရသာမက နစ်နာသူများအရေး တက်ကြွလှုပ်ရှားသူများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာပြီဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်တွေ့ကျမှုကို အခြေခံပြီး အပြုသဘောဆောင်သည့် ရှုမြင်မှုမျိုးဖြင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်သည့် နိုင်ငံရေးဓလေ့မျိုးဖြင့် စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းရန်နှင့် အစွန်းရောက်သည့်အမြင်မျိုး မဖြစ်စေရန်အတွက် သူ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြည်သူလူထုကို တိုက်တွန်းခဲ့သည်။
“လွတ်လပ်ပွင့်လင်းမှုရှိလာတဲ့ အခြေအနေကို ရင့်ကျက်မှုရှိရှိနဲ့ တုံ့ပြန်နိုင်မှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့ရည်မှန်းချက်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်”ဟု သမ္မတကပြောဆိုခဲ့သည်။
7Days

No comments:

Post a Comment