Thursday, March 28, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားပါမည်

မိတ္ထီလာမြို့၌ သာမန်ဈေး အရောင်းအဝယ် အချင်းများရာမှ လူအုပ်စုဖြင့် အဆောက် အအုံ များ၊ ဈေး ဆိုင်ခန်းများ ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် မြို့နယ်၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဖောက်ဖျက်မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဒေသ ဆိုင်ရာ လုံခြုံရေးဝန်ထမ်းများက အခြေအနေအား ထိန်းသိမ်းခဲ့ရပါသည်။ ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် မတ်လ
၂၀ ရက်နေ့တွင် ည ၈ နာရီမှ စတင်ကာ မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှူးက မိတ္ထီလာ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄)ကို ကျင့်သုံး၍ တားမြစ်မိန့် ထုတ်ပြန်ခဲ့ ပါသည်။
မိတ္ထီလာ ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ဆန္ဒလိုလားချက်အမျိုးမျိုး ရှိကြသူများအနက် အချို့က ပြဿနာ များ ဖြေရှင်းရာတွင် တရားဥပဒေ စိုးမိုးရေး နည်းလမ်းနှင့်သာ ဖြေရှင်းသင့်ပြီး စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်သည့် အပြုအမူများကို လုံးဝခွင့်မပြု နိုင်ကြောင်းနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားမှ လုံခြုံရေး တပ်ဖွဲ့များ၏ တုန့်ပြန်မှုအပေါ် သံသယ ဖြစ်ရသည်ဟု ဆိုကြသလို အချို့ကလည်း ပြဿနာ စတင်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း တပ်မတော်မှ ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက်သင့် သည်ဟု ပြော ဆိုကြသူများကိုပါ ဝိရောဓိအသွင် တွေ့ရပါသည်။ ဤသို့ဆိုလျှင် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအဖြစ် ဒီမိုကရေစီ ပန်းတိုင်သို့ချီတက်နေချိန်တွင် တပ်မတော်သည် ယခုလိုဆူပူမှုအရေးအခင်းများ၌ မည်သည့် အချိန်၊ မည်သည့်ကဏ္ဍမှ ပါဝင်သည်ကို စိတ်ဆန္ဒလိုလားချက် အမျိုးမျိုး ရှိကြသူများ အတွက် ရှင်းပြ သင့်သည်ဟု ယူဆ၍ စာရေးသူက စေတနာကောင်းဖြင့် ရေးသား တင်ပြလိုပါသည်။
ယနေ့ သတင်းမီဒီယာ ခေတ်ကြီးတွင် အမှန်အမှား ခွဲခြားရန် မလွယ်သော သတင်းဖော်ပြချက် တစ်ရပ်၊ သို့တည်းမဟုတ် လုပ်ကြံပုတ်ခတ် ပြောဆိုချက် တစ်ရပ်သည် အလွန်လျင်မြန် လှစွာဖြင့် တစ်ခဏ အတွင်း ကမ္ဘာ့နေရာ အနှံ့သို့ ပျံ့နှံ့ ပါတော့သည်။ ထို့အတွက် အမှန်တရား သည် ရံဖန်ရံခါ ဖုံးကွယ် ခံနေရ တတ်ပါသည်။ ယင်းအမှန်တရားအား ဖော်ပြ လှစ်ဟခွင့် မသာ သေးသမျှ မမှန်မကန် ဖန်တီးမှု များက လွှမ်းမိုးနေမြဲ၊ လွှမ်းမိုးနေမည် ဖြစ်ပါသည်။ မီဒီယာ တိုးတက်သော ယနေ့ခေတ်တွင် စာရေးသူ တို့၏ စာဖတ်ပရိသတ်များအနေဖြင့် ခြေခြေ မြစ်မြစ်မရှိသော၊ အကျိုးအကြောင်း ဆီလျော်မှုမရှိသော၊ လိုရာဆွဲ ပြောကြား ဝေဖန်မှုများကို ချင့်ချိန်စဉ်းစား ဝေဖန်သုံးသပ် တတ်သူတိုင်း လက်သင့်ခံတော့မည် မဟုတ်ဟုလည်း တစ်ဖက်က ယုံကြည်ထား မိပါသည်။
နိုင်ငံတော် သမ္မတရုံးက မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေ ညာ ပြီးနောက် မိတ္ထီလာမြို့သို့ တပ်မတော်မှညပိုင်းနှင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် ရောက်ရှိပြီး နယ်မြေလုံခြုံရေး ကိစ္စရပ်များကို စနစ်တကျ ဥပဒေနှင့် အညီ စတင်ဆောင်ရွက်ခဲ့ရာ ၎င်းနေ့ ညပိုင်းမှစ၍ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ပြန်လည်ရရှိလာပြီဖြစ်ပါသည်။ ယခုကဲ့သို့ အလျင်အမြန် တည်ငြိမ်အေး ချမ်းမှု ရရှိခဲ့ခြင်းမှာ ဆူပူ အကြမ်းဖက် မှုကို လက်မခံသော၊ ဒီမိုကရေစီ ပါးမဝသေးဘဲ လူအုပ်စုအလိုက် အကြမ်းဖက်မှု ကို ဦးတည်စေသည့် မင်းမဲ့စရိုက် ဆန်ဆန် အုပ်စု ဒီမိုကရေစီ (Mobocracy) ဆောင်ရွက် မှုကို လိုလား နှစ်ခြိုက်မှုမရှိသော ဒေသခံ ပြည်သူများ၊ အစိုးရအဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်း ဆောင် ရွက်မှုကြောင့်သာ ဖြစ်ပါသည်။
ယင်းအခြေအနေ ပေါ်မူတည်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မတ်လ ၂၂ ရက်နေ့မှ စတင်ကာ ဗဟိုကွပ်ကဲမှုအဖွဲ့၊ လုံခြုံရေး ကော်မတီ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ၊ ပညာရေး ကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ သာသနာရေး ကော်မတီနှင့် ပြန်ကြားရေး ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိကြ ပါသည်။
.
မိမိ စိတ်ထဲရှိသည့် အတိုင်း တစ်ယောက်တစ်မျိုး လိုရာတွေး ပြောဆိုနေသူများ၊ ဆန့်ကျင်ဘက် အမြင်ရှိ သူများ၏စကားများကြောင့် အမြင်မှား၊ အတွေးမှားများဖြင့် တပ်မတော်အား အပြစ်မတင်မိစေရန် စာရေးသူ၏ လေ့လာထားရှိမှုများအပေါ်အခြေခံ၍ ရှင်းလင်းတင်ပြလိုပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇၂၈၈၈၂၇ ဦးအနက် ၉၈.၁၂% က ဆန္ဒမဲ ပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲပေးသူများ အနက် ၉၂.၄၈% က ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းကို အတည်ပြုရန် ဥပဒေ နှင့် အညီ ထောက်ခံခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကြီးက အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်ပါသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း အတည်ပြုရေးနှင့်စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထား တောင်း ခံကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများကျင်းပခဲ့သည့် ၂၀၀၈ ခုနှစ်တွင် မိမိကိုယ်တိုင်က ထောက် ခံမဲ ပေးခဲ့သည် ဖြစ်စေ၊ ကန့်ကွက်မဲ ပေးခဲ့သည် ဖြစ်စေ၊ မဲမပေးဘဲ နေခဲ့သည် ဖြစ်စေ၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူ တစ်ဦးအနေဖြင့် ပြည်သူ အများစု၏ ထောက်ခံမှုနှင့် အတည်ပြု ခဲ့သည့် အခြေခံ ဥပဒေအား လိုက်နာရန် တာဝန် ရှိသည်ဟု ယုံကြည်မိပါသည်။ အခြေခံ ဥပဒေ ပြင်ပစကား များ ပြော ဆိုခြင်းသည် အခြေခံ ဥပဒေကို ထောက်ခံခဲ့သည့် ၉၂.၄၈% သော ပြည်သူ များအား စော်ကားခြင်း မည်ပါသည်။ အခြားဖြစ်နိုင်ဖွယ် ရှိသည်မှာ အခြေခံ ဥပဒေအား လုံးစေ့ပတ်စေ့ သိရှိခြင်း မရှိဘဲ ထင်ရာမြင်ရာ ပြောဆိုခြင်းလည်း ဖြစ်နိုင်ပါသည်။
ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ရာလမ်းတစ်လျှောက် ပါဝင်ကြသည့် သန်း ၆၀ ကျော်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ လူမျိုးပေါင်း ၁၀၀ ကျော်တို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ တိကျစွာ လိုက်နာသင့်သည် ဟုလည်း စာရေးသူ သုံးသပ်မိပါသည်။
ဤနေရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များအား အနည်းငယ် ရေးသား ဖော်ပြ လိုပါသည်။ ပုဒ်မ ၄၁၁ ပုဒ်မခွဲ (က)တွင် အရေးပေါ် အခြေအနေ ကြေညာသည့် ကိစ္စရပ်၌ နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် များကို လည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင် ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်သည် များကို လည်း ကောင်း ဖော်ပြထား ရှိပါသည်။ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က)တွင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည် သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်မှုကို လည်းကောင်း၊ ပုဒ်မခွဲ (ခ)တွင် ယင်းသို့ ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင် များ ဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ် အခြေအနေ အချိန်မီ ထုတ်ပြန် ကြေညာနိုင်မှုကို လည်းကောင်း ဖော်ပြထား ရှိပါသည်။
ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က)တွင် အရေးပေါ် အခြေအနေ ကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသ အတွင်း မူလ အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိ စေခြင်းငှာ ဒေသဆိုင် ရာ အာဏာပိုင် အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း ဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း ဝင်များက တည်ဆဲ ဥပဒေများ နှင့်အညီ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူ ဆောင်ရွက်နိုင် သည်ဟု ဖော်ပြထား ရှိပါသည်။ ဤသို့ဆိုလျှင် တပ်မတော်သည် ဖြစ်စဉ်ဖြစ်ရပ် တစ်ခုဖြစ်ပွား သည်နှင့် မိမိသဘော အတိုင်းဝင်ရောက် ဆောင်ရွက်ရန် အခြေခံ ဥပဒေက ခွင့်ပြု မထားကြောင်း၊ ယင်းအခြေအနေတွင် တည်ငြိမ်မှုအား ထိန်းသိမ်းရန်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၏ တာဝန်သာ ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်နိုင် လိမ့်မည်ဟု ယူဆပါသည်။
ပုဒ်မ ၄၁၃ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူ ဆောင်ရွက် ရမည်ဟု ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ် ထုတ်ပြန်မှသာလျှင် တပ်မတော် အနေဖြင့် ပါဝင်ဆောင်ရွက်ခွင့် ရှိပါသည်။ ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီ အရေးကိစ္စ တွင်လည်း တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းသာ လိုက်နာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။
မန္တလေးတိုင်း ဒသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာ မြို့နယ်တွင် တည်ငြိမ် အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက် မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ဆူပူအကြမ်း ဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့် လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ် များအတွင်း အုပ်ချုပ်ရေး ဆိုင်ရာလုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက် နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိ ရသဖြင့် ပြည်သူ များ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံးပြန် လည် ဖော်ဆောင် ပေးနိုင်စေ ရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက် အရ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ မြို့နယ်၊ ဝမ်းတွင်း မြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း မတ်လ ၂၂ ရက်နေ့မှ စ၍ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပါသည်။ ပြည်ထောင်စု သမ္မ တ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏အကူအညီကို ရယူဆောင်ရွက်ရမည် ဟု တစ်ပါတည်း ဖော်ပြ ပါရှိပါသည်။
ယခုဆိုလျှင် မိတ္ထီလာမြို့တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကင်း လှည့်ခြင်း၊ မြို့တွင်းရှိ အပျက်အစီးများအား တပ်မတော်သားများနှင့် စည်ပင် သာယာရေးဝန်ထမ်းများက ရှင်းလင်း ဖယ်ရှားခြင်း၊ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသူများအား ကျန်းမာရေး စောင့်ရှောက် မှု ပေးခြင်း များအပြင် ဒုက္ခသည်များ၏ အခြေခံ လိုအပ် ချက် ဖြစ်သော ရေသန့်၊ ခေါက် ဆွဲခြောက်၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တပ်မတော် လေယာဉ်များ ဖြင့်ပါ သယ်ယူ ပို့ဆောင်ပေးလျက် ရှိနေပါသည်။
တပ်မတော်သည် နိုင်ငံတော်အတွက် အန္တရာယ်ကျရောက်သည့် အချိန်တိုင်း တစ်နည်း အားဖြင့် ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက် ဖျက်ဆီးမှုများ ဖြစ်ပေါ်လာသည့် အချိန် တိုင်း ပြည်သူ များရှေ့မှ အသက် သွေးချွေးများ ပေးဆပ်၍ ရပ်တည် ကာကွယ်ခဲ့ရစမြဲ ဖြစ်ပါသည်။ မျက်မှောက်ခေတ် ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းအတွက် အနှောင့် အယှက် ဖြစ်စေမည့် ဆူပူ အကြမ်းဖက် မှုများကို ထိန်းသိမ်း ဆောင်ရွက်ရာတွင် စည်းကမ်း ကောင်းသော တပ်မတော်ဖြစ်သည့် အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းမှ နည်းလမ်း တကျ ဆောင်ရွက် သွားမည် ဖြစ်ပါ သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လေးစားမှုမရှိသူ၊ နားလည်သိရှိမှု မရှိသူ တစ်ချို့အတွက် သော်ကား ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လိုက်နာ ဆောင်ရွက်ရန် ဖြစ်နိုင်ချေ အလွန်နည်းပါး ပါလိမ့်မည်။ တပ်မတော်သည် အမျိုးသား နိုင်ငံရေးကိုသာ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဒီမိုကရေစီ ပန်းတိုင်ချီတက်ရာ လမ်းတွင် မည်သည့်အခါမျှ နိုင်ငံရေး အမြတ်ထုတ်လိမ့်မည် မဟုတ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ(၄၅၇)ခု အတွင်းမှ ဥပဒေနှင့် အညီသာ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။
ဤသို့ တပ်မတော်က တိကျစွာ လိုက်နာသလို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိပါးလာမည့် မည်သည့်အကြောင်း အချက်မျိုးကို မဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ (၂၀) (က)မှ (စ)တို့အရ ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရမည့် တာဝန်ရှိ နေကြောင်း ကိုပါ တွေ့မြင်ရပါသည်။ ဤသည်မှာ ပြည်သူ တစ်ရပ်လုံး ၉၂.၄၈% က ထောက်ခံထားသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အကြောင်းအချက် တိုက်ဆိုင်ချိန်၌ စာမြည်းမျှ ရေးသား တင်ပြလိုက်ရခြင်းသာ ဖြစ်ပါသည်။ အခြေခံ ဥပဒေ အသေးစိတ်ကို စာအုပ်စာတမ်း ရိုက်နှိပ်၍ လည်းကောင်း၊ နိုင်ငံတော် သမ္မတရုံး Website ၊ ပြည်သူ့လွှတ်တော် Website နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး Website တို့၌လည်းကောင်း အပြည့်အစုံ တင်ပြထားပြီး ဖြစ်ပါသည်။ သတိမမူ၊ ဂူမမြင် ဆိုသကဲ့သို့ ယနေ့သတင်း မီဒီယာ ခေတ်ကြီး၌ မျက်စိလျှံ နေသူများအား နောင်တွင် အချက်အလက်နှင့် တိတိကျကျ ဝေဖန် တတ်စေရေး၊ ထောက်ပြတတ်စေရေးအတွက် အခြေခံဥပဒေအား ဖတ်ရှုလေ့လာ နိုင်ကြ ပါ စေကြောင်း စေတနာ ရှေ့ထား၍ အလေးအနက် တိုက်တွန်း ရေးသား အပ်ပါ သည်။
တပ်မတော် အနေဖြင့်မူ တစ်ဦးတစ်ယောက်နှင့် အသင်းအဖွဲ့အုပ်စု တစ်စုတို့၏ အခြေအမြစ် မရှိ ဝေဖန် မှုထက် သန်း ၆၀ ကျော်သော ပြည်သူများ၏ အရေးကိုသာ အလေးထား ဆောင်ရွက် ရမည်ဖြစ်သောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းမှသာ ဥပေဒနှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ရေးသား ဖော်ပြရပါသည်။
ဆောင်းပါးရှင်- မောင်ပြည်ချစ်
From...မြ၀တီ

No comments:

Post a Comment