Sunday, March 24, 2013

မိတ္ထီလာမြို့အကြမ်းဖက်မှု့အား မြို့ခံ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ၏ ရင်နှင့်ဖွယ် ခံစားချက် အမြင်

မြန်မာသမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း မိတ္ထီလာခရိုင်အတွင်း အကြမ်းဖက်တိုင်ခိုက်မှုတွေကြောင့် ၃၂ ဦးသေဆုံးခဲ့တယ် လို့ မြန်မာအစိုးရက မတ်လ ၂၃ ရက်နေ့  မှာ ကြေညာခဲ့ပါတယ်။

ဒုက္ခသည်တစ်ဦး(ပဌမကျော် ဓမ္မာစရိယတိုက်သစ်ကျောင်း၊ ယာယီဒုက္ခသည်စခန်း) – လူတွေ အယောက် ၃၀၀ ကျော်လောက်က ဒီကုလားတွေကို ထုတ်ပေး၊ ထုတ်မပေးလို့ ရှိရင် မီးနဲ့ ရှို့ မယ်၊ သတ်မယ် ဖြတ်မယ် ပေါ့နော့်။ အဲ့ဒီကနေ သူတို့ ကထုတ်မပေးတဲ့ခါကျတော့ တိုက်တွေဖြို ဈေးက ဗလီတွေကို မီးတွေနဲ့ ရှို့ ၊ လူထုဗမာလူထုတွေက။ ရပ်ကွက်မျိုးစုံကနေထွက်လာပြီးတော့ ဒီကုလားတွေ ကိုမထားဘူး။ ကယ်ဆယ်ရေးစခန်းက ရဲတွေရောက်လာတဲ့ခါကျတော့ ထုတ်မပေးတဲ့ခါကျတော့ မီးတွေနဲ့ ရှို့ မယ် တုတ်တွေနဲ့ ရိုက်မယ်လုပ်တဲ့ခါကျတော့ ကယ်ဆယ်ရေးစခန်းကထုတ်လာတယ်။ ထုတ်ပေးလိုက်တော့တာ အဲ့ဒီမှာ။ နောက်ဖက်ကို မပြေးပဲဗမာဖက်ကိုစုပြီးပြေးလာတဲ့ခါကျတော့ အကုန်ဝိုင်းရိုက်ကုန်ကျတာ။ ၀ိုင်းရိုက်ကုန်တော့ အကုန်လူကြီးကလေး ၅၀လောက် စုသေတာ။ ဗမာတွေက ရိုက်တာ။ ကုလားတွေကို”

အကြမ်းဖက်တိုက်ခိုက်မှုတွေ သတ်ဖြတ်မှုတွေကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရတဲ့ မိတ္ထီလာမြို့ ခံတွေ အခြားမျက်မြင်သက်သေတွေပြောဆိုချက်အရဆိုရင် အနည်းဆုံး လူ ၅၀ ကျော်ဟာ ဒုတ်၊ ဓား၊ လက်နက်တွေနဲ့  တိုက်ခိုက်သတ်ဖြတ်ခံရပြီး မီးတင်ရှို့ ခံရတာလို့ ဆိုပါတယ်။

ကိုကျော်ဝင်း (ဒုက္ခသည်တစ်ဦး အထက ၂) – လက်ရှိသူ့ ရဲ့ သားဟာ အဲ့ဒီပုံစံမျိုးနဲ့ ရှိနေတယ်။ အဲ့ဒီကိစ္စကို ကျနော်တို့ ပြန်လိုချင်တယ်။ ကျနော်တို့ ပါကျနော်တို့  မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျနော်တို့ ပြန်သဂြိုလ်ချင်တယ်။ အခုလိုဖြစ်တဲ့ကိစ္စက ကျနော်တို့  ဘာလို့ ဖြစ်ရတာတုန်း ဒီကိစ္စ။ ကျနော်တို့ လည်းဒီမှာပဲမွေးတာ၊ ဒီမှာပဲနေတယ်။ ကျနော်တို့ ဒီမှာ အတူတူနေ အတူတူစား အတူတူ ကြီးပြင်းလာတာ၊ ကျနော်တို့ က ဘာသာမတူ ကွဲပြားနေပေမဲ့ ကျနော်တို့ က ဒီမှာပဲ တသက် လုံးမွေး လာတဲ့လူ၊ တသက်လုံး ဘိုးစဉ်ဘောင်ဆက် မွေးလာတဲ့လူတွေ။ ဒီလိုမျိုးလုပ်လိုက်တဲ့ အလုပ်ကြီး က ကျနော်တို့  ဘယ်လိုမှ မခံစားနိုင်တော့ဘူး။

အားကစားကွင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည်တွေ ထောင်နဲ့ ချီရှိနေကြပြီး အရေအတွက် အတိအကျကို မသိနိုင်သေးသလို ကူညီထောက်ပံ့ရေးတွေက မလောက်မငှ ဖြစ်နေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဘီဂျေနမ်ဘီယာ ဟာ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနဲ့ အတူ မိတ္ထီလာက ဒုက္ခသည်စခန်းတွေကို မတ်လ ၂၄ ရက်နေ့  မနက်မှာပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မိတ္ထီလာခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ ၃ ရက်ကြာ အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မိတ္ထီလာမြို့ ဟာ မီးလောင်ပြင်ကြီးလိုဖြစ်နေပြီး အခြေအနေတွေတည်ငြိမ်လာနေပေမဲ့ အလားတူ တိုက်ခိုက်မှုတွေ အခြားမြို့ တွေကို ကူးစက်သွားနိုင်မဲ့ သွေးထိုးလှုံ့ ဆော်မှုတွေ ရှိနေတယ်လို့ ဆို ပါတယ်။

ကိုကျော်ကျော် (ဒေသခံတစ်ဦး) – ကျနော်က ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်တစ်ယောက်ပါ။ လူသား ချင်းကိုယ်ချင်းစာနာစိတ်မရှိပဲနဲ့ လူသားတွေဟာ လည်ပင်းကိုကြိုးဆွဲပြီးတော့ မတရားသဖြင့် သတ် တာတွေဟာ ဒါလူလူချင်းမဆန်တဲ့ ဒုစရိုက်တွေပါတယ်လို့ ကျနော်ယူဆပါတယ်။ ကျနော့်ကို အမျိုးမျိုး စစ်လို့ ရပါတယ်။ ကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူသားချင်းကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူမဆန်တဲ့ ခိုးဆိုး လုယက်မှုတွေကြောင့် ကျနော်နဲ့ ဘာသာမတူတဲ့ မူဆလင်လေးတွေဟာ လူသားတွေနဲ့ မတူ အသက် တချောင်းကို စတေးပြီးတော့ ခွေးတွေဝက်တွေလိုသေရတာ ရင်ထဲမှာ အလွန်မတန် ခံစားရ ပါတယ်ဗျာ။
ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြပါသည်။
 

No comments:

Post a Comment