Tuesday, June 18, 2013

တည်ဆောက်ဆဲ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အချို့ ယခုနှစ်အတွင်း ပြီးစီးမည်

6.17.13
ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ဆောက်လျက်ရှိသော Shangri-La စီမံကိန်း လုပ်ငန်းခွင် (ဓာတ်ပုံ-အောင်မြတ်ကို)
ရန်ကုန်မြို့၌ တည်ဆောက်လျက်ရှိသော ကြယ်ငါးပွင့် အဆင့်ရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု
ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ စီမံကိန်း အချို့အား ၂၀၁၃ ခုနှစ်အတွင်း၌ ပြီးစီးဖွင့် လှစ် နိုင်တော့ မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ တည်ဆောက်ဆဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံ စီမံကိန်းများမှာ Traders Square Commercial Complex စီမံကိန်း၊ Center Point Tower Hotel စီမံကိန်း၊ Rose Garden Hotel စီမံကိန်း၊ Shangri-La Hotel စီမံကိန်း၊ Novotel Yangon Hotel စီမံကိန်း၊ Pyi Garden Condominium စီမံကိန်းနှင့် Hoang Anh Gia Lai Myanmar Center စီမံကိန်း စသည်တို့ ဖြစ်သည်ဟု သိရသည်။
စီမံကိန်းအချို့သည် ယခင်က လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တရပ်နားခဲ့သည့် စီမံကိန်းများဖြစ်ပြီး ခရီးသွား ၀င်ရောက်မှု မြင့်တက်လာချိန်၌ ဟိုတယ်အခန်း လိုအပ်ချက် ရှိလာသည့်အတွက် ၂၀၁၂ ခုနှစ်အတွင်း လုပ်ငန်းပြန်လည် စတင်လာခြင်း ဖြစ်သည်။
ကန်တော်ကြီး ကန်ရိပ်သာလမ်းတွင် တည်ရှိသော Shangri-La ဟိုတယ်စီမံကိန်းသည် စင်ကာပူနိုင်ငံ Shangri-La အုပ်စုမှ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကြယ်ငါးပွင့်အဆင့် ရည်မှန်းထားကာ ဟိုတယ်၊ Serviced Apartment နှင့် စီးပွားရေး အဆောက်အအုံများ ဖွင့်လှစ်မည် ဖြစ်သည်။ ပထမအဆင့် အနေဖြင့် အခန်း ၂၄၀ ပါ Serviced Apartment နှစ်လုံးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်ရန် ဆောင် ရွက်နေခြင်း ဖြစ်သည်။
ဟောင်ကောင်နိုင်ငံ အခြေစိုက် Emerald Rose Garden Ltd မှဆောင်ရွက်သည့် အထက် ပန်းဆိုးတန်း လမ်းရှိ Rose Garden Hotel မှာမူ ၂၀၁၃ ခုနှစ်အတွင်း အခန်း ၂၀၀ နှင့် ၂၀၁၄ ခုနှစ်အတွင်း အခန်း ၈၈ ခန်း ပြီးစီးရန် ပြင်ဆင်နေသည်ဟု သိရသည်။ ထိုင်းနိုင်ငံ L.P Holding Co., Ltd မှ ဆောင်ရွက်နေသည့် ဆူးလေဘုရားလမ်းရှိ Center Point Tower စီမံကိန်းသည် ၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်း ၃၀၀ ကို ပြီးစီးရန် လုပ်ဆောင်မည် ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။
ပြည်လမ်းရှိ Novotel Yangon Hotel စီမံကိန်းသည် နိုင်ငံသားပိုင် Max Myanmar ကုမ္ပဏီမှတာဝန်ယူ၍ အခန်း ၃၆၆ ခန်းပါ နိုင်ငံတကာ အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ် ရန် ဆောင်ရွက်လျက်ရှိသည်။
From...EMG

No comments:

Post a Comment