Wednesday, June 5, 2013

မုံရွာတွင် လေပြင်းတိုက်၍ အဆောက်အအုံတချို့ ပျက်စီး

မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာတွင် ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ် တချို့နှင့် အခြားအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းသို့ ပျက်စီးဆုံးရှူံးမှုတွင် စာသင်ကျောင်း တစ်ကျောင်းလည်း ပါဝင်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၏ မှတ်တမ်းများအရ သိရပြီး ၎င်းကျေးရွာရှိ (အထကခွဲ) ကျောင်းဝင်းအတွင်းရှိ စာသင်ခန်း ၁၂ ခန်းတွဲရှိသည့်အနက် အခန်း၌ မိုးထားသော သွပ်ချပ်ရေ ၂၅၈ ချပ်မှာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟုသိရသည်။

ယင်း ကျေးရွာရှိ ကျောင်းသားမိဘတစ်ဦးက ''မနက်ဖြန်ဆိုရင် ကျောင်းပြန်ဖွင့်ပြီ အခုဆို ၇ တန်းဆောင်နဲ့ ၈ တန်းဆောင်က အမိုးသွပ်တွေ မရှိတော့ပါဘူး'' ဟု မဇ္ဈိမသို့ ပြောသည်။

လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာနှင့် အသေအပျောက် မရှိခဲ့သော် လည်း မွေးမြူရေးကြက် ခြံနှစ်ခြံအပါအဝင် လူနေအိမ်အများစု အိမ်ခေါင်မိုးများလန်ခဲ့သည်ဟု သိရသည်။

မုံရွာမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂ ရက် ညနေပိုင်းကလည်း ယင်းကဲ့သို့ လေပြင်းတိုက်ခတ်ခဲ့ရာ သစ်ပင်များ ကျိုးကျသဖြင့် လျှပ်စစ်ဓာတ်မီးတိုင် ၉၆ တိုင်နှင့် ဖုန်းတိုင်အများအပြားပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment