Saturday, June 29, 2013

Facebook မှာ ဒုဝန်ကြီးဦးရဲထွဋ်ကို နောက်ယောင်ခံမှု

Photo







မြန်မာပြည်မှာ အင်တာနက်သုံးသူ ၁ဝ သိန်း ရှိမယ်လို့ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။"ကျနော်တို့မှာ တိတိကျကျ သုတေသန ပြုထားတော့ မရှိပါဘူး၊ ဒါပေမယ့် ရနိုင်တဲ့ အချက်အလက်တွေ ကနေ ကြည့်မယ် ဆိုရင် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပုံမှန် အင်တာနက်လိုင်းကနေ အင်တာနက်သုံးနေတဲ့သူ ၁.ဝ၅ သန်း ရှိပါတယ်" တဲ့။

သောကြာမနက် ရန်ကုန်မြို့မှာလုပ်တဲ့ အမုန်းပွားစေသော ပြောဆိုရေးသားမှုများ ဆိုင်ရာ ဆွေးနွေးပွဲမှာ သူက ပြောတာပါ။

Facebook အသုံးပြုမှုရော ဘယ်လောက် ရှိနိုင်ပါသလဲ။

မြန်မာပြည် အွန်လိုင်းတက်သူ ၈ဝ% ဟာ Facebook သုံးတယ်လို့ ဒုဝန်ကြီးက ခန့်မှန်းပါတယ်။

ဒါကြောင့် မြန်မာပြည်မှာ Facebook အကောင့် ၈ဝဝ,ဝဝဝ ရှိနေတယ်၊ အဲဒီအကောင့်တွေထဲ ထက်ဝက်က ဘယ်သူဘယ်ဝါမှန်း မသိရဘူးလို့ ဆိုတယ်။

ဒါဆိုရင် .... အကောင့်အတုတွေ ဘာကြောင့်ထားကြတာလဲ။

"အရင်ခေတ်တုန်းက အရင်အစိုးရလက်ထက်တုန်းက အင်တာနက်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားခဲ့တယ်၊ အီလက်ထရွန်နစ်ဥပဒေလို ဥပဒေမျိုးတွေနဲ့ ပြစ်ဒဏ်ပေးတာတွေ ရှိခဲ့တဲ့အတွက် လူတွေမှာ မိမိရဲ့ identity အမှန်ကို ဖုံးကွယ်တဲ့အကျင့် စွဲလာတယ်လို့ ယူဆပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။

Facebook အကောင့် တခုထက်မနည်း ဖွင့်ပြီး လက်စွမ်းပြကြတဲ့ အတွက် အွန်လိုင်းမှာ အမုန်းပွားစေသော ပြောဆိုရေးသားမှုများက ပလူပျံနေပါပြီ။ "ဒီလို identity ကို ဖုံးကွယ်ပြီးတော့ ပြောဆို ဆွေးနွေးလာတာတွေဟာ ကျနော်တို့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ လို့ ပြောလို့ရပါတယ်" ဆိုပြီး သူက ဆက်ပြောပါတယ်။

ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ Facebook သူရဲကောင်း ဆိုတာက စာနယ်ဇင်းသမား၊ လုပ်ငန်းရှင်၊ ကျောင်းသား၊ အစိုးရအရာရှိ၊ လခစား Facebook သမား၊ နိုင်ငံရေးသမား၊ အစွန်းရောက် သမား၊ တက်ကြွလှုပ်ရှားသူ စသည်ဖြင့် စသည်ဖြင့် မည်သူမဆို ဘယ်အလွှာကမဆို ဖြစ်နိုင်တာပါပဲ။

အထက်ဖော်ပြပွဲ ရန်ကုန်မြို့ ဆွေးနွေးပွဲ အပြီးမှာတော့ ဧရာဝတီက ဒုဝန်ကြီးဦးရဲထွဋ်ကို မေးဖြစ်ပါတယ် -
ဦးရဲထွဋ်မှာရော Facebook အကောင့် ဘယ်လောက် ရှိပါသလဲ လို့။
သူက ရဲထွဋ်၊ ဗညားအောင် ဆိုပြီး ကလောင်နာမည် နှစ်ခု ရှိပေမယ့် Facebook အကောင့်ကတော့ တခုတည်း ရှိပါတယ်လို့ ပြန်ဖြေပါတယ်။

ဦးရဲထွဋ်ကို Facebook မှာ တရင်းတနှီး ဖြစ်လိုရင်တော့ သူ့စာမျက်နှာမှာ ရှိတဲ့ Follow ခလုတ်ကို တချက် နှိပ်လိုက်ရုံပါပဲ။ အဲဒီလိုနှိပ်ထားသူ လေးသောင်းကျော် ရှိနေပါပြီ။

Facebook မှာ သူ့ကို နောက်ယောင်ခံလိုက်နေသူ လေးသောင်းကျော်ထဲက ထက်ဝက်ဟာ သူတို့မည် သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားကြတယ်လို့ ဦးရဲထွဋ်က ခန့်မှန်းပါတယ်။

တနည်းအားဖြင့် ပြောရရင် .... Facebook မှာရုပ်ဖျက်ပြီး ဒုဝန်ကြီးကို နောက်ယောင်ခံ သူတွေ နှစ်သောင်း၊ ဗြောင်လိုက်နေသူ နှစ်သောင်း ရှိနေတယ်ဆိုတဲ့သဘောပေါ့။

Facebook မှာ ဒုဝန်ကြီး ဘာတွေ ရေးခဲ့တယ် ဆိုတာကို မှတ်တမ်းတင်နေသူတွေ၊ ဖတ်ရှုနေသူတွေ အရေအတွက်က မနည်းမနောပါလားလို့ ဆိုနိုင်ပါတယ်။

ဧရာဝတီblog


No comments:

Post a Comment