Sunday, July 14, 2013

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

yanman-july14
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား တွေ့ရစဉ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
"ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ လက်ရှိမှာ လေးလမ်းသွား လမ်းမကြီးပဲ ရှိပါသေးတယ်။ ရှစ်လမ်းသွားအဖြစ် တိုးချဲ့နိုင်ဖို့အတွက် ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကို အကူအညီ တောင်းထား ပါတယ်။ ကိုရီးယားကတော့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို ကူညီဖို့ ပိုအားသန်ပုံရတယ်။ JICA ကတော့ မြန်မာနိုင်ငံမှာ ကူညီတာတွေ အများကြီးဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းလို စီမံကိန်းကြီးအတွက် အကူအညီပေးဖို့ဆိုရင် သူတို့အစိုးရကို ပြန်တင်ပြရတာ ရှိတယ်။ အခုလည်း သူတို့ အစိုးရကို ပြန်တင်ပြနေတယ်လို့ သိရပါတယ်။ အမေရိကန် အနေနဲ့ကတော့ ရှစ်လမ်းသွား တိုးချဲ့နိုင်ဖို့ အတွက် စီမံကိန်း ဖြစ်နိုင်ခြေတွေကို လေ့လာမှုတွေ ပြုလုပ်ပြီးသွားပြီ။ ဒါပေမဲ့ ခုချိန်ထိ ဘာမှတော့ အကြောင်းမပြန်သေးပါဘူး" ဟု အထူးစီမံကိန်းအဖွဲ့-၁မှ အင်ဂျင်နီယာချုပ် ဦးကြည်ဇော်မြင့် က ပြော ကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ခြောက်နှစ်နှင့်နှစ်လကြာ တည်ဆောက်ပြီးနောက် လက်ရှိလမ်း အရှည်မှာ ၄၄၃ မိုင် ရှည်လျားပြီး ယာဉ်မောင်းကြာချိန် အနေဖြင့် ၁၄ နာရီရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်ရပ်နားစခန်းများ (Rest Camps) လုံလောက်မှု မရှိသေး သဖြင့် တိုးချဲ့တည်ဆောက်လျက် ရှိကြောင်းနှင့် အလားတူ ရဲစခန်းများကိုလည်း ထပ်မံတည်ဆောက် လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန် ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်ရပ်နား စခန်းများကို မိုင် ၅၀ နှင့် ၇၀ အကြားတွင် တစ်ခုစီ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း၊ အမှတ် (၃) လမ်းဆုံမှ မိုင် ၄၀ အကွာရှိ ဘုရားကြီး၊ ဘောနက်ကြီးတွင်တစ်ခု၊ ၁၁၅ မိုင် (ဖြူး)၊ နေပြည်တော်အ၀င် ၂၀၂ မိုင်၊ ၂၈၆ မိုင်ရှိ သီးကုန်း (မိတ္ထီလာ)၊ ၃၅၂ မိုင်ရှိ စကားအင်း (တံတားဦး) လမ်းဆုံတွင်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် နေပြည်တော်အ၀င် ၂၀၂ မိုင်တွင်မူ လက်ရှိတည်ဆောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

From...EMG

No comments:

Post a Comment