Wednesday, July 24, 2013

မောင်တော မီးရှို့ဖျက်ဆီးခံ ကျေးရွာများရှိ နေအိမ်များအားလုံး ဆောက်လုပ်ပြီးစီး၍ ဒုက္ခသည်များအား နေထိုင်ခွင့်ပြု

rakhine-july24
နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့် ရရှိသည့် မောရ၀တီကျေးရွာမှ ကလေးငယ်များ (ဓာတ်ပုံ-သားရွှေဦး(ကစ္စပ))
မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ နေအိမ်များမှာ အားလုံးတည်ဆောက်ပြီးစီးနေပြီ ဖြစ်သဖြင့် ဒုက္ခသည် များအား ဇူလိုင်ဒုတိယအပတ်မှ စတင်ကာ နေအိမ်များတွင် နေထိုင်ခွင့် ပြုလိုက်ပြီဖြစ်သဖြင့် ရွက်ဖျင်
တဲဖြင့် နေထိုင်နေရသည့် ဒုက္ခသည်များမှာ နေအိမ်ပေါ်သို့ အားလုံးရောက်ရှိကြပြီဖြစ်ကြောင်း သတင်း ရရှိသည်။
နေအိမ်တည်ဆောက်မှု လုပ်ငန်းများကို စည်ပင်သာယာရေးအဖွဲ့၊ UNHCR နှင့် CARE MYANMAR အဖွဲ့များမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး CARE MYANMAR အဖွဲ့မှ တာဝန်ယူ ထားသည့် နေ အိမ်များ တည်ဆောက်မှုမှာ မပြီးစီးနိုင်၍ နတလဦးစီးဌာန၏ စီစဉ်မှုဖြင့် ဒေသတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လွှဲပြောင်းတည်ဆောက်ခဲ့သည်။
နေအိမ် ၅၅၂ လုံးကို ခြေတံရှည်အိမ်နှင့် ခြေတံတိုအိမ်ဟူ၍ နှစ်မျိုးနှစ်စား တည်ဆောက်ပေး ခဲ့ခြင်းဖြစ်ပြီး ခြေတံရှည် အိမ်တစ်လုံး၏ တန်ဖိုးမှာ ၃၅ သိန်းကျော်နှင့် ခြေတံတို အိမ်တစ်လုံး၏ တန်ဖိုးမှာ ၂၉ သိန်းကျော်ဖြစ်ကြောင်း သိရသည်။
"မိုးကလည်း အရမ်းရွာလာပြီး ရွက်ဖျင်တဲတွေကလည်း ကြာလာတော့ ရေယိုတယ်။ အခုတော့ အိမ်လည်းဆောက်လုပ်ပြီးပြီဖြစ်လို့ နေအိမ်ပေါ်ကို ရောက်ပါပြီ။ ရှေ့ဆက်ပြီး ကိုယ့်ခြေထောက်ပေါ်ကို ရပ်နိုင်အောင် ကြိုးစားရမှာပေါ့။ အခုတော့ သက်ဆိုင်ရာက ဆန်ရိက္ခာတွေ ပေးနေပါတယ်" ဟု သရေ ကုန်းဘောင် ကျေးရွာသားတစ်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ် ဇွန် ၈ ရက်က နေအိမ်များ မီးရှို့ခံရပြီးနောက် တစ်နှစ်ကျော်ခန့်ကြာမှ ဒုက္ခသည်များ မိုးလုံရာနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ မောင်တော ဆူပူအကြမ်းဖက်မှုကြောင့် ရဲကင်းတစ်ခု ၊ ဆေးပေးခန်းနှစ်ခု၊ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်း၊ နေအိမ် ၄၇၄ လုံးတို့ မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

EMG

No comments:

Post a Comment