Wednesday, July 17, 2013

ဘင်္ဂါလီ လူဦးရေစာရင်း ကောက်ရာတွင် ဆူပူအောင် လှုံ့ဆော်ဟု ဆိုသူကို ထပ်မံ ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ ဘင်္ဂါလီ လူဦးရေ စာရင်း ကောက်ခံရာတွင် ဆူပူမှု ဖြစ်ပွားအောင် လှုံ့ဆော်ခဲ့ သည်ဟုဆိုကာ AZG ဝန်ထမ်းဟောင်း ဦးကျော်လှအောင်ကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့မှုဖြင့် တစ်ကြိမ်ဖမ်ဆီးခံ ရပြီး နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လက ပြန်လည် လွတ်မြောက်ခဲ့သည့် AZG ဝန်ထမ်းဟောင်းဖြစ်သူ ဦးကျော်လှအောင်ကိုလည်း အဆိုပါ ဆူပူမှုတွင် ပါဝင် ပတ်သက်ခြင်း ရှိ မရှိ ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ပြည်ထောင်စုအဆင့် စီမံချက်အရ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့ တွင် လူဦးရေ စာရင်း ကောက်ခံရာတွင် လူမျိုးနေရာ တွင် ရခိုင် တိုင်းရင်းသား မဟုတ်သူများက ၎င်းတို့ကို ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုရာ သက်ဆိုင်ရာက ခွင့်မပြုသဖြင့် စစ်ဆေးရေး အဖွဲ့များ တိုက်ခိုက်ခံရ၍ ယင်းဆူပူမှုကို လှုံ့ဆော်ခဲ့သည်ဟု ဆိုကာ ၁၅ ဦး ဖမ်းဆီးခဲ့ပြီး တရားရုံးတွင် စစ်ဆေးနေကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

စစ်တွေမြို့တွင် ဘင်္ဂါလီလူမျိုးများ နေထိုင်သည့် သက္ကယ်ပြင် ကျေးရွာတွင် နေထိုင်သော ဦးကျော်လှအောင်သည် ဘင်္ဂါလီ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ရရှိရန် ဦးဆောင် လုပ်ဆောင် ပေးသူဖြစ်ပြီး ၎င်းကို ဇူလိုင်လ ၁၅ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းက လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်း ဒုက္ခသည်စခန်းမှ တာဝန်ခံ ဦးမောင်မောင်က ဆိုသည်။

“အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲ ရှိတယ်ဆိုပြီး ခေါ်သွားတာပါ” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့၌ ဘင်္ဂါလီလူမျိုး လူဦးရေ စာရင်းကောက်ရာတွင် ဘင်္ဂါလီအစား ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် စစ်ဆေးရေး အဖွဲ့ဝင်များကို ဘင်္ဂါလီများက တိုက်ခိုက်ခဲ့ရာ တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် အခြား ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ပြီး စာရင်း ကောက်ခံမှုကို ယာယီ ရပ်ဆိုင်းခဲ့ သည်။

ယင်းဆူပူမှုတွင် နောက်ကွယ်က လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးထားသူ ၁၅ ဦးကို လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လုပ်ဆောင်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးဖြင့် တုတ်၊ ဓား ကိုင်ကာ အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင်စဉ် အပြင်းအထန် ဒဏ်ရာရစေမှု (ပုဒ်မ ၃၃၃) များဖြင့် အမှုဖွင့် အရေးယူထားကြောင်း စစ်တွေမြို့ ရဲတပ်ဖွဲ့ စခန်းမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment