Monday, July 22, 2013

ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်

ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ ဝဲအတွင်း ကျောက်ဆောင်ဖြင့် တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က ဖြစ်ပေါ်ခဲ့သည်။
သင်္ဘောနစ်မြုပ်မှုကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများက မှတ်တမ်းတင်ထားရာတွင် သင်္ဘောနစ်မြုပ် ရခြင်းမှာ ရေမှုတ်ဝဲအတွင်း ဖြတ်သန်းစဉ် စက်အရှိန် မထိန်းနိုင်ဘဲ အနီးရှိ ကျောက်ဆောင်နှင့် တိုက် မိခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ထားသည်။ သင်္ဘောအမည်မှာ မိုးမြင့်အောင်ဖြစ်ပြီး ဖောင်းပြင်မြို့နယ် မှ နှမ်းဖတ်၊ ဖွဲအိတ်နှင့် ထင်းခွဲသားများတင်ဆောင်ကာမုံရွာသို့ ဦးတည်ခုတ်မောင်း လာခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုနှင့်ပတ်သက်၍ “ရေယာဉ်လိုင်စင်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါ တယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ သက်ဆိုင်ရာမြို့နယ်တွေက ထွေ/အုပ် လိုင်စင်လို့ခေါ်တဲ့ မြင်းကောင်ရေ ၂၀ လိုင်စင်ဖြစ်ဖို့ များပါတယ်” ဟု မုံရွာခရိုင် ရေယာဉ်ကြီးကြပ်ရေးရုံး အရာရှိတစ်ဦး က ပြောသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ညအချိန်မတော် ရေယာဉ်များခုတ်မောင်းပြေးဆွဲသွားလာခွင့်အား ကန့် သတ်ထားသော်လည်း ယခုရေယာဉ်တိမ်းမှောက်သည့်အချိန်မှာ နံနက် ၃ နာရီဝန်းကျင် ခန့် ဖြစ် သည်။

အနီးရှိကျေးရွာများမှ အချိန်မီ သွားရောက် ကယ်ဆယ်နိုင်ခဲ့သည့်အတွက် လူအသေအပျောက်နှင့် ထိ ခိုက်ဒဏ်ရာရရှိသူမရှိပါ။

ရေယာဉ်တိမ်းမှောက်မှုကို ဘုတလင် ရဲစခန်းမှ ယာဉ်(၁) ၁၇/ ၂၀၁၃ ပုဒ်မ ၂၈၀ အရ အမှုဖွင့်အရေးယူ ရန် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်အတွင်း ချင်းတွင်းမြစ်ကြောင်း၌ ရေယာဉ် တိမ်းမှောက်ခဲ့ သည်မှာ လေးကြိမ်ခန့်ရှိသွားဖြစ်သည်။ ရေယာဉ်အများစုမှာ ခွင့်ပြုချက်မ ရဘဲ မောင်းနှင်နေခြင်းဖြစ် သည်ဟု ရေယာဉ်ကြီးကြပ်ရေးအဖွဲ့မှ ဆိုသည်။
ကိုတိုး (ချင်းတွင်း)
မဇ္ဈိမ

No comments:

Post a Comment