Thursday, July 25, 2013

ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက ပြန်ဆပ်ချိန် နှစ်ရှည်တိုးမြှင့်ပေးရန် ၀န်ကြီးဌာနသို့ တင်ပြသွားမည်

နိုင်ငံတော်သို့ ကျပ်သန်းပေါင်းများစွာ အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များက အကြွေးပြန် ဆပ်ရန် အခက်အခဲ ရှိသည့်အတွက် နှစ်ရှည်တိုးမြှင့် ဆပ်ခွင့်ပေးရန် မွေး/ရေ၀န်ကြီးဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မွေးမြူရေး လုပ်ငန်းရှင် များက ပြောကြားသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ ကျပ်သန်း ၂၈၆၀၀ ကျော် အကြွေးဆပ်ရန်ရှိသည့် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအား ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက် အတွင်း ပြန် မဆပ်လျှင် တရားစွဲသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ဇူလိုင် ၁၈ ရက်တွင် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ထားသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ အကြွေးပေးဆပ်ရန်ရှိသည့် မွေးမြူရေးလုပ်ငန်းရှင် ကိုတင်စိုး က "မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနကနေ ငါးစာတွေကို ၀ယ်ယူခဲ့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ကြာခဲ့တဲ့ ကာလအတွင်းမှာ လုပ်ငန်းတွေက အောင်မြင်ခဲ့တာတွေ ရှိသလို ရှုံးနိမ့်ခဲ့တာတွေ ရှိပါ တယ်။ နောက်ပိုင်းမှာ ကန်တွေတိုးချဲ့ပြီး လုပ်ကိုင်တဲ့အချိန် ငါးတွေအများအပြား ထုတ်နိုင်တဲ့အချိန်မှာ သဘာဝဘေးအန္တရာယ်တွေ၊ ကမ္ဘာ့စီးပွား ပျက်ကပ်တွေနဲ့ ကြုံလာတဲ့ အခါကျတော့ ပြည်တွင်းဈေး ကွက်တွေ ပျက်ပြီး လုပ်ငန်းတွေ အရှုံးပေါ်ခဲ့ပါတယ်" ဟု ပြောကြားသည်။
အကြွေးဆပ်ရမည့် မွေးမြူရေး လုပ်ငန်းရှင်များမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန မှ မွေးမြူရေး အစာများကို ၀ယ်ယူရင်း အကြွေးတင်ခြင်းဖြစ်ကြောင်း သိရပြီး အတိုးနှုန်းမှာ ၁ ကျပ် ၂၅ ပြားဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
"ကျွန်တော်တို့ တကယ်ယူထားတာလည်း မှန်ပါတယ်။ တကယ်လည်း ပြန်ဆပ်မှာပါ။ ၀န်ကြီးဌာနကို ထိုက်သင့်တဲ့ အတိုးတွေလည်း ပေးထားပါတယ်။ တချို့လည်း ကျေတဲ့သူ ရှိသလို တချို့လည်း ကျန်တဲ့သူ ရှိပါတယ်။ တချို့လည်း ဆပ်နိုင်သလောက် ဆပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သြဂုတ် ၁၅ ရက်အစား ပြန်ဆပ်ရမယ့်ရက်ဆွဲ ဆန့်ပေးမယ်ဆိုရင် ကျွန်တော်တို့ အရမ်းအခွင့်အရေး ရမှာပါ။ ဆပ်ဖို့လည်း စီစဉ်ထားပါတယ်။ ငါးတွေလည်း ရှိပါတယ်" ဟု မွေး/ရေ ၀န်ကြီးဌာနသို့ အကြွေးပေး ရမည့် မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနသို့ ကျပ်သန်းပေါင်း ၂၈၆၀၀ ကျော် ပေးဆပ်ရမည့် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များနှင့် အခြားလုပ်ငန်းရှင်များမှာ ၇၅ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

EMG

No comments:

Post a Comment