Thursday, August 29, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

B-29-8
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းနှင့် လုံခြုံရေး တပ်ခွဲနှစ်ခုတို့အား အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။
ထို့ပြင် အဓိကရုဏ်း ဖြစ်စဉ်များကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်အတွက် အခြားရဲ တပ်ရင်း နှစ်ခုကို လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲတပ်ရင်းများ ကွပ်ကဲရေးဌာနမှ ရဲမှူးကြီး သက်လွင်က "ရဲတပ်ရင်း အနေနဲ့ကတော့ တပ်ရင်းခြောက်ခု ရှိတယ်။ ရန်ကုန်မြို့မှာ အဓိက တာဝန်ထမ်းဆောင် နေတာတော့ တပ်ရင်းလေးခု ရှိတယ်။ အဲဒီအထဲက တပ်ရင်းတစ်ခုက သံတမန် ခရီးစဉ်နဲ့ အထူးဧည့်သည် ခရီးစဉ်တွေမှာ လုံခြုံရေး ဆောင် ရွက်တယ်။ နောက် တပ်ရင်း တစ်ခုက အခုလက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ လုံခြုံရေး လုပ်ဆောင်နေတယ်။ ကျန်ရဲတပ်ရင်း နှစ်ခုကတော့ ပဋိပက္ခ ဖြစ်စဉ်တွေ ဖြစ်ပွားလာရင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ခွဲတွေက ထိန်းသိမ်းနိုင်မှု မရှိရင်တော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးရဲ့ အမိန့်ညွှန်ကြားလာရင်တော့ ၀င်ရောက်ထိန်းသိမ်းဖို့အတွက် အရန်သင့် ထားထားပါတယ်" ဟု သြဂုတ် ၂၇ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအသစ်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ပဋိပက္ခဖြစ် စဉ်များ ဖြေရှင်းရန်အတွက် လုံခြုံရေး တပ်ဖွဲ့ခွဲနှစ်ခုကို တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။
အကယ်၍ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားလာပါက အဆိုပါ တပ်ဖွဲ့ခွဲနှစ်ခုမှ ဦးစွာဖြေရှင်းရ မည်ဖြစ်ပြီး ဖြစ်ပွားနေ သည့် ဖြစ်စဉ်အခြေအနေပေါ် မူတည်၍ ရဲတပ်ရင်းမှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ၀န်ကြီးဗိုလ်မှူးကြီး တင်ဝင်းအား သွားရောက်မေးမြန်းရာ ၎င်းက "ဒီကိစ္စတွေက ကျွန်တော်နဲ့ မဆိုင်ဘူး။ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် သူတို့ကိုမေးမြန်းပါ" ဟု သြဂုတ် ၂၈ ရက် နံနက် ပိုင်းက ပြောကြားသည်။

Eleven

No comments:

Post a Comment