Saturday, August 31, 2013

တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်နေကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

8.1.1
ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် နေပြည်တော်၌ သြဂုတ် ၃၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
တည်ဆဲဥပဒေ အချို့သည် ပြည်သူများ လိုက်နာရန် ခက်ခဲသောကြောင့် အလိုအလျောက် ဥပဒေချိုးဖောက် သကဲ့သို့ ဖြစ်သွားကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။
သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ကော်မတီရေးရာဆောင်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''တကယ်တော့ တချို့ဥပဒေတွေက လိုက်နာဖို့ ခက်တဲ့ဟာတွေဆိုတော့ အလိုလို ဥပဒေ ချိုးဖောက် ဖြစ်သွားတာပေါ့။ အဲဒါတွေကို ပြုပြင်ခြင်းအားဖြင့် လွှတ်တော်က တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုနိုင်မယ်'' ဟု ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထိုသို့ ဖြစ်နေမှုများကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်း၌ အဆိုတင်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။
''ဆန္ဒပြမှုတွေကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိနေမှာပဲ။ အဲဒီတော့ အခုဟာက ဆန္ဒပြခွင့် ဥပဒေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်ဆိုတာကို အန်တီတို့ လွှတ်တော် ကိုယ်စားလှယ်တွေ က လက်ခံထားပြီးသား ဖြစ်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အန်တီတို့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ကလည်း ဒီကိစ္စကို အဆိုတင်သွင်းဖို့ လုပ်ထားတယ်။ လာမယ့် အစည်းအဝေးမှာ ဒီအစီအစဉ် ပါလာမယ်လို့ ထင်ပါတယ်။ စည်းမျဉ်းစည်းကမ်း တွေကိုက လိုအပ်ချက်တွေ ရှိနေတဲ့ အခါကျတော့ တရားမ၀င် ဆန္ဒပြမှုတွေအဖြစ် ရောက်ရောက် သွားကြတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
8.1.1
သြဂုတ် ၂၇ ရက်က ပုဒ်မ (၁၈) ဖျက်သိမ်းပေးရေး အတွက် ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ- မျိုးမြင့်အောင်)
လက်ရှိတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်ကျခံ နေရသူများ ရှိနေပြီး ယင်းဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေ သည်ဟု သိရသည်။
လွှတ်တော်တွင်း ဥပဒေပြုရေးနှင့် ပတ်သက်၍ အချိန်ကြာမြင့်သည်ဟု ပြောဆိုကြသကဲ့သို့ မြန်လွန်းကြောင်း၊ နောင်ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ရခြင်းကို မလိုလားအပ်ဟု ထင်မြင် သုံးသပ် သူများလည်း ရှိကြောင်း၊ လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူ များအပေါ် အကျိုးသက်ရောက်မှု ရှိစေရန်မှာ အုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထို့အပြင် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းသည် အဓိကဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်သူများ အားလုံးကလည်း ပါဝင်ဆောင်ရွက် ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ နိုင်ခဲ့သည့် ဥပဒေ ၁၆ ခုရှိခဲ့သည်။

Eleven

No comments:

Post a Comment