Tuesday, August 27, 2013

အမျိုးသားပညာရေးမူဝါဒ မူကြမ်းတွင် အကျဉ်းသားများ ပညာသင်ယူနိုင်ရန် ထည့်သွင်းရေးဆွဲ

“အမျိုးသားပညာရေး မူဝါဒမူကြမ်း” တွင် အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် အကျဉ်းသားများ ပညာသင်ယူနိုင်ခွင့်ပြုရန် ထည့်သွင်း ရေးဆွဲထားသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဒေါ်ဟောင်းစိုင်းက သြဂုတ် ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

နိုင်ငံတ၀န်းတွင် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ဆောင်ရွက်ပြီးမှ ရရှိလာသည့်ရလဒ်ကို လွှတ်တော်သို့ တင်ပြလိုက်ခြင်းဖြစ်သည့် အဆိုပါ အမျိုးသားပညာရေးမူဝါဒ မူကြမ်းကို ပညာရှင်များနှင့် အရပ်ဖက် လူမှု အဖွဲ့စည်းများက ပူးပေါင်းရေးဆွဲထားခြင်း ဖြစ်သည်။

အဆိုပါ မူဝါဒမူကြမ်းတွင် ပါဝင်သည့် ကဏ္ဍ ၁၃ ခုထဲမှ တစ်ခုဖြစ်သည့် “ကျောင်းပြင်ပ ပညာရေးကဏ္ဍ” တွင် အကျဉ်းသားများကို ပညာသင်ယူခွင့်ရရန် ဆောင်ရွက်မည်ဆိုသည့် အချက်ပါဝင်သည်။

ဒေါ်ဟောင်းစိုင်းက “အကျဉ်းထောင်တွေထဲမှာ ရောက်နေတဲ့ ကျောင်းသားတွေ ပညာသင်ဖို့ အခွင့် လမ်းတွေ လုပ်ပေးဖို့ မူကြမ်းမှာ ရေးဆွဲထားတာပါ။ တချို့ဆို ထောင်ထဲက ထွက်လာပြီး နောက်ပိုင်း ကာလအထိ ကျောင်းတက် ခွင့် ပိတ်ပင်ခံရတဲ့ လူငယ်တွေရှိတယ်။ အမျိုးသားပညာရေးမူဝါဒမှာ အကျဉ်း ကျနေတဲ့ ကျောင်းသားတွေ အဝေးသင် ဖြေဆိုခွင့်လို ပညာသင်ယူခွင့်ပြုဖို့အချက် ပါဝင် တယ်”ဟု ပြော သည်။

အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် ကျောင်းသားများအပြင် တစ်ကြိမ်မျှ ကျောင်းမနေဘူးသည့် ကလေး သူငယ်များ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မပြီးမီ ကျောင်းထွက်သွားကြသည့် လူငယ်များ၊ လူငယ်ပြုစု ပျိုးထောင်ရေးကျောင်းများရှိ လူငယ်များ ပညာသင်ကြားခွင့် အတွက်လည်း ကျောင်းပြင်ပ ပညာရေးကော်မတီမှဆောင်ရွက်သွားမည်ဖြစ်သည်။

ကျောင်းပြင်ပ ပညာရေးကော်မတီမှ ကျောင်းသားလက်ခံခြင်း၊ ဆရာ၊ ဆရာမ ခန့်ထားခြင်း အစရှိသည် တို့ကို ဆောင်ရွက်မည်ဖြစ်ပြီး ဒေသအသီးသီးမှရပ်မိရပ်ဖများ၊ ပညာရေးဆိုင်ရာ ပုဂ်္ဂိုလ်များ၊ ဒေသအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ပါဝင်သည့် ကျောင်းပြင်ပ ပညာရေးကော်မတီကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အမျိုးသားပညာရေး မူဝါဒ မူကြမ်းတွင် ကျောင်းပြင်ပ ပညာရေး ကဏ္ဍတွင် ဖော်ပြထားသည်။

ဆရာ၊ ဆရာမ ခန့်ထားခြင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း စသည့် ကျောင်းပြင်ပ ပညာရေးအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်ဘဏ္ဍာနှင့် ဒေသဆိုင်ရာထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ရန်၊အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ခြင်းများ ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ဒေါ်ဟောင်းစိုင်းက “အမျိုးသားပညာရေး မူဝါဒမူကြမ်းကို လွှတ်တော်ရဲ့ ပညာရေးမြှင့်တင်မှုကော်မတီကို ဇွန်လက တင်ထားတယ်။ NNER ကရေးဆွဲထားတဲ့ အမျိုးသားပညာရေး မူဝါဒမူကြမ်းကို နောက်တစ်ကြိမ် ကျင်းပမယ့် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီပါတီရဲ့ လွှတ်တော်အမတ်ကနေ တင်သွင်းဖို့ဆောင်ရွက် သွားမှာပါ” ဟုပြောသည်။

၂၀၁၂ ခုနှစ်မှစတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ကျင်းပခဲ့သည့် ပညာရေးဆွေးနွေးပွဲ ၂၅ ကြိမ်တွင် တက်ရောက်သူ သုံးထောင်ကျော်၏ အကြံပြုချက်များကို ပညာရေးညီလာခံတွင် ပြန်လည်ဆွေးနွေးပြီး အမျိုးသား ပညာရေး မူဝါဒမူကြမ်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပညာရေး မူဝါဒမူကြမ်းတွင် ပညာရေးမူဝါဒဆိုင်ရာ အခြေခံမူများ၊ ပညာရေးကဏ္ဍ၁၃ခုပါဝင်ပြီး အခြေခံမူ များတွင် နိုင်ငံသားအားလုံး၏ တန်းတူအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်များ ပါဝင်သည်။
 mizzima

No comments:

Post a Comment