Sunday, October 13, 2013

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန်အားကောင်းသည့် ဆိုင် ကလုန်းမုန်တိုင်း ဖိုင်လင်း (PHAILIN)၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၁၂ ရက်၊ ညနေ ၆ နာရီ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
ထိုသို့ မိုးသက်လေပြင်းများ ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ လျှင် မိုင် ၄၀ အထိ တိုက် ခတ်နိုင်ကြောင်း သိရပြီး လက်ရှိတွင် အဆိုပါ မုန်တိုင်း၏ အဆင့်မှာ အ၀ါရောင်အဆင့်ဖြစ် ကာ မြန်မာနိုင်ငံ ကမ်းခြေ သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟု သတ်မှတ် ထားကြောင်း သိရ သည်။

သို့သော် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းဝေး၊ ကမ်းနီး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။

အောက်တိုဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာ ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်းသည် မြန်မာနိုင် ငံ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၄၇၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့မြောက်ဘက် မိုင် ၁၂၀ ခန့်၊ ပူရီမြို့၏ အနောက်တောင် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရပြီး ယင်းမုန်တိုင်းသည် အားအလွန်ကောင်းပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၂၀ အထိ ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

လပွတ္တာမြို့တွင် အောက်တိုဘာ ၁၂ ရက် တစ်နေ့လုံး ရာသီဥတု သာယာ လျက် ရှိပြီး စက်လှေများ ကမ်းနီးသွား မော်တော်များ ခရီးစဉ်မပျက် ဆက် လက်သွားလာလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment