Friday, October 4, 2013

ရတနာပုံခေတ်လက်ရာ ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) အား အမေရိကန်နိုင်ငံ World Monuments Fund ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းမည်

8.1.1
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား လေ့လာနေကြသည်ကို မြင်တွေ့ရစဉ်
ရတနာပုံခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးအား အမေရိကန်နိုင်ငံ World Monuments Fund (ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံ ရန်ပုံငွေအဖွဲ့)၏ နည်းပညာအကူအညီဖြင့် ပြုပြင်ထိန်းသိမ်း သွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း WMF အဖွဲ့၏ Project director Mr. Jeff Allen က ပြောကြားသည်။
''ရွှေနန်းတော် ကျောင်းကြီးကို ပြုပြင်ထိန်းသိမ်းမယ့် နေရာမှာ WMF က ကျွမ်းကျင်တဲ့ ပညာရှင်တွေ အပြင် မြန်မာနိုင်ငံက ပညာရှင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင် သွားမှာပါ။ စီမံကိန်းကတော့ ၂၀၁၄ ခုနှစ်မှာ စနိုင် မှာဖြစ်ပြီး နှစ်နှစ်ကြာမှာပါ။ ပြုပြင်ထိန်းသိမ်း စရာတွေ ပိုများမယ် ဆိုရင်တော့ သုံးနှစ်ခန့် ကြာမြင့်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် မန္တလေးမြို့ က ရွှေနန်းတော်ကျောင်းကို ရွေးချယ်ရသလဲဆိုရင် ဒီကျောင်းတော် ကြီးဟာ မြန်မာတွေရဲ့ အမျိုးသား အမွေအနှစ် တစ်ခု ဖြစ်သ လို အထိမ်းအမှတ် တစ်ခုလည်း ဖြစ်တာကြောင့် ပထမဆုံး အနေနဲ့ စိတ်ဝင်စား ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်'' ဟု ရွှေနန်းတော် ပြုပြင်ထိန်းသိမ်းရေးမှ စီမံကိန်း ဒါရိုက်တာ Mr. Jeff Allen က ပြောကြားသည်။

WMF သည် ရှေးဟောင်းအဆောက်အအုံ များနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက် နေသည့် အစိုးရ မဟုတ်သည့် NGO အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယခုမန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း ပြုပြင် ထိန်းသိမ်းရေးသည် မြန်မာနိုင်ငံတွင် ပထမဆုံး စီမံကိန်းတစ်ခု ဖြစ်သည်။ ၎င်းအဖွဲ့အစည်း အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့၌ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင် ရွက် လျက်ရှိသည်။

''ရွှေကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ သူတို့ဆီက နည်းပညာတွေ ကို ဒီကလူတွေနဲ့ ပူးပေါင်းလုပ်ဆောင် ကြရင်း နဲ့ နောက်ထပ်ထိန်းသိမ်းစရာ ကျန်ရှိနေသေးတဲ့ ရှေးဟောင်း ဘုန်းတော် ကြီး ကျောင်းတွေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်'' ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရာတွင် ဆွေးမြည့်နေသည့် သစ်သားစများကို မူလလက်ရာအတိုင်း အစားထိုး ပြုပြင်ခြင်း၊ သစ်သားများ ဆွေးမြည့်ခြင်းမှ ကာကွယ်ခြင်း၊ Special Maintaining များပြုလုပ်ခြင်း၊ အဆောက်အအုံပိုင်း ပြုပြင်ခြင်းတို့ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ရှိ အခြား မြန်မာဘုန်းတော်ကြီး ကျောင်းများကိုလည်း ဂျာမနီနှင့် အီတလီနိုင်ငံများမှ ပြုပြင် ထိန်း သိမ်း မှုများ ပြုလုပ်ရန် စိတ်ဝင်စားမှု ရှိနေပြီး အင်းဝမြို့ဟောင်းရှိ ဗားကရာ ကျောင်းတော်ကြီး ကိုလည်း ဂျပန်နိုင်ငံမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန်အတွက် လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment