Monday, November 25, 2013

တပ်ဖွဲ့ဝင်များ အချိုးကျပါသည့် ဖက်ဒရယ် တပ်မတော် တည်ထောင်လိုဟု UNFC ဆို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တောင်းဆိုထားသည့် ဖက်ဒရယ် တပ်မတော် ဆိုသည်မှာ လက်ရှိ မြန်မာ့ တပ်မတော်ကို ဖျက်ရန် မလိုဘဲ ကြည်း၊ ရေ၊ လေ တပ်များတွင် ပြည်နယ် အသီးသီးရှိ ပြည်နယ်စောင့် တပ်များမှ တပ်ဖွဲ့ဝင်များ အချိုးကျ ပါဝင် တည်ထောင်လိုခြင်းသာ ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ် တပ်မတော် ထူထောင်ရေးတို့တွင် ဖက်ဒရယ် တပ်မတော်နှင့် လက်ရှိ မြန်မာ့ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“တချို့က မြန်မာ့တပ်မတော် ဖျက်သိမ်းရေးဆိုပြီး ပြောတယ်။ အဲ့လို မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း ပြည်ထောင်စု ကာကွယ်ရေးအတွက် တာဝန်ယူချင်တယ်” ဟု UNFC ဒုတိယဥက္ကဋ္ဌ ဒေးဗစ်သာကပေါက ပြောဆိုသည်။

ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် ပြည်ထောင်စု ကြည်း၊ ရေ၊ လေ တပ်မတော်များအတွက် ပြည်နယ် အသီးသီးရှိ ပြည်နယ်စောင့် တပ်များမှ တပ်ဖွဲ့ဝင် အချိုးကျ ပါဝင်စေသင့်ကြောင်း ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်မည် ဆိုပါက လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်နှင့် ပတ်သက်၍ အစိုးရနှင့် အဓိက ဆွေးနွေးရန် လိုအပ်နေသေးကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ရှင်းပြသည်။

တပ်မတော် ဖွဲ့စည်းပုံနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအဖွဲ့နှစ်ခု အကြား၌သာ ဆွေးနွေးရုံဖြင့် မလုံလောက်ဘဲ တိုင်းရင်းသား၊ တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ လူထု ကိုယ်စားလှယ်များ ပါဝင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများ၌သာ ဆွေးနွေး ဆုံးဖြတ်သင့်ပြီး အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ၌ အများသဘောတူညီ သည့် တပ်မတော် ဖွဲ့စည်းပုံကို အစိုးရနှင့် လက်ရှိ တပ်မတော်က ကန့်ကွက်မည် မဟုတ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြောဆိုထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်နှင့် ယင်းမတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ် တပ်မတော် တည်ထောင်ရေးတို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တင်ပြထားပြီး ဒီဇင်ဘာလအတွင်း ဘားအံမြို့၌ ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖက်ဒရယ် တပ်မတော်တစ်ရပ် ဖွဲ့စည်း ထူထောင်ရန် ညှိနှိုင်းမှုမှာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက ကျကြောင်း၊ ယင်းကိစ္စကို ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်း မရှိပါက ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖွယ် မရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment