Monday, January 6, 2014

မားမား ခေါက်ဆွဲခြောက်စက်ရုံအတွင်း မီးလောင်

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် (၃)၊ ဆိပ်ကမ်းသာလမ်းရှိ မားမားခေါက်ဆွဲခြောက် စက်ရုံဝင်း တွင် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) ညနေ ၄ နာရီ ၅၄ မိနစ်က ဖွဲပြာ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနထံမှ စုံစမ်းသိရှိရသည်။
ယင်းစက်ရုံ အနောက်ဘက်တွင် ပီနံအိတ်ဖြင့် စုပုံထားရှိသော (ဘွိုင်လာအိုးကို မီးထိုးရာတွင် အသုံးပြုပြီးသော) ဖွဲပြာအိတ်များရှိ ဖွဲပြာ မီးကြွင်းမီးကျန်များမှ ပီနံအိတ်၊ ပလတ်စတစ်အိတ်များနှင့် ယင်းအိတ် အနီးရှိ စားအုန်းဆီ ပီပါခွံများကို မီးကူး လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းမီးလောင်မှုကို စက်ရုံတွင်းရှိ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးက ငြှိမ်းသတ်ခဲ့ရာ သုံးမိနစ် အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် စားအုန်းဆီ ပီပါခွံ ငါးလုံးနှင့် ဆီအကြွင်းအကျန် များ၊ အလူမီနီယံ ပြတင်းပေါက် နှစ်ချပ် မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။
“ဘာမှမဖြစ်ပါဘူး၊ နည်းနည်းပဲ လောင်သွားတာပါ။ အသေးစိတ်ကိုတော့ ပြောခွင့်မရှိပါဘူး” ဟု မားမား ခေါက်ဆွဲခြောက်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မားမား ခေါက်ဆွဲခြောက် စက်ရုံ မီးလောင်မှုနှင့် ပတ်သက်၍ စက်ရုံမှူး ဦးမြဟန်ကို (ပ) ၂၁/၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရ သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ကွမ်းခြံကုန်းမြို့နယ် မြို့သစ်ရပ်ကွက် ကမာပါကျေးရွာ အုပ်စု၊ ဗိုလ်ချုပ်လမ်းမအတိုင်း မောင်းနှင်လာသော ပရိုဘောက်စ် အဖြူရောင် ယာဉ်တစ်စီးမှာ ဘက်ထရီခေါင်း ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ရာ ဘက်ထရီတစ်လုံးနှင့် ဝါယာကြိုးများ ဆုံးရှုံးခဲ့ကြောင်း ကွမ်းခြံကုန်း မြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က တွံတေး မြို့နယ် ပျော်ဘွယ်လေး ကျေးရွာ၊ ဒလ - တွံတေးလမ်း အုန်းပင်ချောင်း တံတားအဆင်းတွင် မောင်းလာသော မော်တော်ဆိုင်ကယ် တစ်စီးမှာ နီဆန်းအက်တလတ် အမျိုးအစား ကျောက်တင်ယာဉ်အောက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ် ကိုယ်ထည်နှင့် ကတ္တရာလမ်း ပွတ်တိုက်မှုကြောင့် မီးပွားများထွက်ရာမှ ဆိုင်ကယ်၏ ဓာတ်ဆီတိုင်ကီသို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့သဖြင့် ဆိုင်ကယ် အပါအဝင် နီဆန်း အက်တလတ် (အဖြူရောင်) ယာဉ်၏ ရှေ့ခြမ်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ သိရှိရသည်။

The Voice

No comments:

Post a Comment