Thursday, January 9, 2014

Eleven Media Group သတင်းထောက်မခိုင် မတရားထောင်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် သတင်းစာ၊ ဂျာနယ်အချို့၏ ရေးသားချက်မှာ တစ်ဖက်သတ် ရေးသားထားခြင်းဖြစ်

သတင်းယူရန် သွားရောက်ရာမှ နေအိမ်ကျော်နင်းမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် တရားစွဲ ဆိုထောင်ချခြင်း ခံထားရသော Eleven Media Group သတင်းထောက်မခိုင် မတရား ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်  သတင်းစာ၊ ဂျာနယ်အချို့၏ရေးသားချက်မှာ တစ်ဖက်သတ်ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
သတင်းထောက်မခိုင် မတရားထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက ဆန္ဒဖော် ထုတ်သည့်အပေါ် ဦးရဲထွဋ်က မှတ်ချက်ပေးရာတွင် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုရာ၌ တစ်ပါးသူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို မထိခိုက်အောင် စောင့်ထိန်းရန်၊ ဒီမိုကရေစီ နည်းကျပြဋ္ဌာန်းထားသော ဥပဒေများကိုလိုက်နာရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားကြောင်း ဦးရဲထွဋ်က ပြောဆိုခဲ့သည်။

ထို့ပြင် “ အခုကိစ္စမှာ သတင်းသမားက သတင်းယူတဲ့နေရာမှာ သီးသန့်သွားတာ မဟုတ်ဘဲ တရားပြိုင်နဲ့ လိုက်သွားတဲ့အခါ ကိုယ်တိုင်က ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်သွားတတ်တာမို့ သတင်းသမားတွေ အနေနဲ့ ရှောင်ကြဉ် သင့်ပါတယ်” ဟူ၍လည်း The Voice Daily  သတင်းစာတွင် ပြောကြားခဲ့သည်မှာ အဖြစ်မှန်မြေပြင်အချက်အလက်များကို အသေအချာ လေ့လာသုံးသပ်ခြင်းမရှိဘဲ တစ်ဖက်သတ် ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် The Ladies သတင်းဂျာနယ်တွင် ဆောင်းပါးရှင် ပြေလွင်မြင့် အမည်ဖြင့် ရေးသားသော သတင်းဆောင်းပါးတွင် သတင်းထောက် မခိုင်သည် ရိုင်းပျသောအပြုအမူများ ပြုလုပ်ခဲ့ပြီး ယင်းအပြုအမူများကြောင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်ဟု တရားလိုဘက် စွဲချက်များဖြင့် တစ်ဖက်သတ် ပုတ်ခတ်ရေးသားထားပြီး မခိုင်၏ ပြန်လည်ချေပချက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

Popular News Journal လည်း (“မြန်မာလူမျိုးတွေ မရိုင်းပါဘူးဗျာ။ သွားမယ်၊ တွေ့မယ်၊ မေးမယ်၊ မဖြေခြင်း၊ ဖြေခြင်းက သူ့သဘောလေ။ ဒါ သူ့အခွင့်အရေးပဲ။ မိုက်မိုက်ရိုင်းရိုင်း မပြောရင်တော့ ဘယ်သူမှ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲမှာ မဟုတ်ဘူး” ဟု သတင်းထောက်တစ်ဦးက ပြောသည်) ဟူ၍ ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

မခိုင်ကိစ္စနှင့် ပတ်သက်၍ အမှန်အတိုင်းပေါ်ပေါက်ရေးအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ ဖော်ထုတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း The Daily Eleven  သတင်းစာအယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။“မခိုင်ကိစ္စအပေါ် တရားလိုဘက်က ထွက်ဆိုချက်တွေအပေါ် အခြေခံပြီး တစ်ဖက်သတ်ပြောနေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ The Voice Daily သတင်းစာမှာ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ရဲ့ တစ်ဖက်သတ် မှတ်ချက်ပေးတာ ပါလာတယ်။ ဒါကြောင့် မခိုင် ကိစ္စအမှန်တရားပေါ်ပေါက်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ဖော်ထုတ်ပေးဖို့  ထပ်မံတောင်းဆိုပါတယ်။ တကယ်တော့ ရှေ့နေတစ်ယောက်ဟာ တစ်ဖက် တရားပြိုင်ဆီက ရှေ့နေခ ငွေယူတယ်ဆိုတာ ရှေ့နေကျင့်ဝတ်ကို ဖောက်ဖျက်တာပါ။ ဒီလိုကျင့်ဝတ်နဲ့ မညီတဲ့ကိစ္စတွေကို သတင်းထောက်တစ်ယောက် အနေနဲ့ ကိုယ်တိုင်သတင်းယူခွင့်ရှိပါတယ်။ The Ladies ဂျာနယ်မှာ ပြေလွင်မြင့် ကလောင်နာမည်နဲ့ မခိုင်ကိစ္စကို ရေးတာတွေမှာ တစ်ဖက်သတ်ရေးတာတွေ၊ အဖြစ်မှန်နဲ့ ကွဲလွဲတာတွေရှိပါတယ်။ နောက်ပြီးတော့ Popular News Journal မှာ သတင်းထောက် တစ်ဦး ဆိုပြီး အမည်မပါဘဲ ပြောထားတာ တွေ့ရပါတယ်။  သူပြောတာနဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ဘာမှကိုမဆိုင်ဘူး။ မခိုင်ကို ကျွန်တော် ထောင်ဝင်စာတွေ့ တုန်းက သေသေချာချာမေး ခဲ့တယ်။ သူလည်း သေသေချာချာကို ရှင်းပြတယ်။ တစ်ဖက်က စွပ်စွဲသလို လုံးဝမဟုတ်ဘူး။ တရားရုံးမှာလည်း မဟုတ်ကြောင်း အခိုင်အမာ ထွက်ဆိုခဲ့တယ်လို့ ပြောတယ်။ တစ်ဖက်က စွပ်စွဲသလို မခိုင်က (မရိုသေစကား) သူ့အင်္ဂါနဲ့ ပုတ်ပြ တယ်လို့ ပြောလာခဲ့တာတွေအပေါ် သူအလွန်အံ့သြကြောင်း၊ သူဟာ အဲဒီလို ရိုင်းစိုင်းတဲ့သူမျိုး မဟုတ်သလို သူနေထိုင်တဲ့စရိုက်က မိန်းမမဆန်ဘူးဆိုတာ သူကျွန်တော့်ကို သေချာပြောတယ်။ မခိုင်ရဲ့ တရားရုံး ထွက်ဆိုချက်တွေ၊ တရားလို မအေးအေးဖြိုးရဲ့ တရားရုံးထွက်ဆိုချက်တွေကို ကြည့်ရင် အမှန်တရား ဘာလဲဆိုတာ စဉ်းစားနိုင်ကြမှာပါ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ်ကိုဝေဖြိုးက ဆိုသည်။

မခိုင်က တရားရုံးတွင် ထွက်ဆိုရာ၌လည်း “ ဒေါ်အေးအေးဖြိုးတို့ အိမ်ရှေ့အရောက်  ခြံဝင်းတံခါးပိတ်ထား၍ ကိုသန်းဇော်ဝင်းက “အစ်မရေ၊ အစ်မရေ” ဟု လှမ်းခေါ်ပါသည်။ မိုးရွာနေ၍ ကိုသန်းဇော်ဝင်းက ထိုကဲ့သို့ပင် ထပ်အော်ခေါ်ရာ အိမ်ထဲမှ ၀၀နှင့်အမျိုးသမီး တစ်ဦး ထွက်လာပြီး ကိုသန်းဇော်ဝင်းက မအေးအေးဖြိုး ရှိလားဟု မေးရာ“ရှိတယ်”ဟု ထိုအမျိုးသမီးက ပြောရင်းတံခါးဖွင့်ပေးပါသည်။ ထိုအမျိုးသမီးက အိမ်သို့ ခေါ်ဝင် သွားပြီး မအေးအေးဖြိုးအား ဧည့်သည်လာသည်ဟု လှမ်းအော်ပြောရာ ဒေါ်အေးအေးဖြိုး ဖုန်းပြောရင်း ထွက်လာကာ ၎င်းက အိမ်ပေါ်သို့ခေါ်သွားပြီး ဧည့်ခန်းတွင် ကျွန်မတို့အား ထိုင်ခိုင်းခဲ့ပါသည်။ ကျွန်မတို့ ဧည့်ခန်းတွင်ထိုင်ရင်း ကိုသန်းဇော်ဝင်းက ၎င်းကို ဦးသော်တာသိန်းက လွှတ်လိုက် တာဟု ပြောပါသည်။ ရှေ့နေခပေးရမည်ဟု ချိန်းထား၍ ယခုလာရောက်ခြင်းဖြစ်ကြောင်း၊ အဆင်မပြေ၍ ငွေတစ်သောင်းသာပါကြောင်း၊ လက်ခံပေးရန်ပြောပြီး ကျန်ငွေများကို အရစ်ကျခွဲဝေပေး မည်ဟု ပြောရာ မအေးအေးဖြိုးက ရှင်တို့ကို ရှေ့နေခ အများကြီးလျှော့ပေးထားတာ။ ရှေ့နေခကို အရစ်ကျပေးရတယ်လို့ မကြားဖူးကြောင်း ပြောပါသည်။ ဒေါ်အေးအေးဖြိုးမှ မင်းတို့က ပေးပြီးရင်ပြီးပြီ။ ငါ့မှာ တရားသူကြီးကိုပေးရသေးကြောင်း ပြောပါသည်။ သန်းဇော်ဝင်းမှ ငွေအဆင်မပြေ၍ အရစ်ကျ လက်ခံရန် တောင်းပန်ပြောဆိုပါသည်။ မအေးအေးဖြိုးက ရှင်တို့က ငွေပေးပြီးရင်ပြီးပြီ။ ကျွန်မက တရားသူကြီးတွေ၊ ဆွဲချတွေကို ရှင်းပေးရမည်ဟုပြန်ပြောပါသည်။ ထိုအချိန်တွင် ကျွန်မက စကားပြော ခွင့်ပေးရန်ပြောပြီး ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပါသည်။ ဗွီဒီယိုအခြေခံနဲ့ ပတ်သက်သော လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေသိချင်တယ်။ ရှေ့နေခနှင့် ပတ်သက်၍ ပြောပေးရန် တောင်းဆိုပါသည်။ သတင်းရေးလျှင် မှားမည်စိုး၍ ထိုသို့မေးရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်”ဟူ၍ မခိုင်က တရားရုံးရှေ့တွင် ထည့်သွင်းထွက်ဆိုခဲ့ပါသည်။

“ခြံအပြင်တွင် ဆိုင်ကယ်စက်နှိုးနေစဉ် ၎င်းတို့က အိမ်ထဲမှနေ၍ သူခိုးသတင်းထောက်တွေဟုအော်သဖြင့် ကျွန်မတို့လည်း ကြောက်၍ ဆိုင်ကယ်နှစ်စီးဖြင့် ပြန်ခဲ့ပါသည်”ဟူ၍လည်း မခိုင်က တရားရုံးရှေ့တွင် ထွက်ဆိုခဲ့ပါသည်။ ”တရားလို စွပ်စွဲပြောဆိုသကဲ့သို့ တရားလိုများအား ညစ်ညမ်းစွာပြောဆို ခြိမ်းခြောက်ခြင်းမရှိသည့်အပြင် ကျွန်မတို့သည် တရားလိုနေအိမ်ထံသို့ပင် ရောက်စဉ်အခါကလည်း ၀င်ခွင့်တောင်းပြီးမှ ၎င်းတို့၏ခွင့်ပြုချက်အရ ၀င်ရောက်ခြင်းသာဖြစ်၍ ကျွန်မတွင်အပြစ်မရှိကြောင်း တင်ပြအပ်ပါသည်”ဟူ၍ မခိုင်က တရားရုံးရှေ့တွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။

    ဒီရှေ့နေဟာ ကျင့်ဝတ်နဲ့မညီဘူး။ ပြီးတော့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေနဲ့ ဘယ်လိုပတ်သက် လုပ်ဆောင်နေလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုတာကို တွေ့နိုင်ပါတယ်။ NLD ခရိုင်ဥက္ကဋ္ဌတို့၊ စအဖ အရာရှိကတော် ဖြစ်တယ်တို့စတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်ဆိုတာ တရားလို ထွက်ချက်မှာကို တွေ့နေရတယ်။ ပြီးတော့ အစိုးရတာဝန်ရှိသူ ကိုယ်တိုင်က ပြောလာပြီဆိုတော့ မှန်ကန်မျှတမှုအတွက် အများပြည်သူနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေသိအောင် စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်တို့ ထပ်တောင်းဆိုတာပါ

မခိုင်အမှု ဖြစ်စဉ်တွင် တရားလိုက ဦးတိုက်လျှောက်ထားခဲ့ရာ၌ “တရားခံများသည် နေအိမ်ခြံဝင်း အတွင်းသို့ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိဘဲ ၀င်ရောက်ပြီး တရားလို ကိုယ်ကျင့်သိက္ခာ ကျဆင်းစေသည့် စကားများ အော်ကြီး ဟစ်ကျယ် (နေအိမ်အတွင်းမှ လမ်းမပေါ် ရောက်သည်အထိ) ဆဲဆိုအော်ဟစ် ခြိမ်းခြောက်ခဲ့ပါသည်” ဟူ၍ စသည်ဖြင့် ဦးတိုက်လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

တရားလို မအေးအေးဖြိုးက တရားရုံးရှေ့ ထွက်ဆိုရာတွင် “. . .လွိုင်ကော်မြို့၊ မြို့မရဲစခန်းမှ ဦးသန်းဇော်ဝင်းအား ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၂ (ခ)အရ တရားစွဲဆို ခံထားရသူ ဖြစ်ပါသည်။ အဆိုပါ ဆင်ဆာမဲ့ ဗီဒီယိုအခွေများမှာ ရှမ်းစုရပ်ကွက်နေ ‘သီရိမွန်’ ဗီဒီယိုဖြန့်ချိရေး ပိုင်ရှင်ဖြစ်သူ ဦးသော်တာသိန်း၏ မူပိုင်အခွေများဖြစ်၍ နစ်နာဆုံးရှုံးရမှုအတွက် ဦးသော်တာသိန်းမှ ကျွန်မအား နစ်နာကြေးငွေ ကျပ်သိန်း ၂၀ တောင်းဆိုရန်အတွက် ကျွန်မအား ဦးသော်တာသိန်းက ၎င်းရှေ့နေအဖြစ် ငှားရမ်းခဲ့ပါသည်။ ထိုသို့ငှားရမ်းသဖြင့် ၁၆-၁၀-၂၀၁၃ နေ့တွင် ဦးသန်းဇော်ဝင်းထံသို့ ငွေကျပ်သိန်း ၂၀ ပေးလျော်စေရန် အသိပေးတာ ဖြစ်တယ်လို့ ကျွန်မက ဦးသော်တာသိန်းကိုယ်စား ပေးပို့ခဲ့ပါသည်။ ထိုသို့ နို့တစ်စာပေးပို့ပြီး နောက်ပိုင်းတွင် ဦးသန်းဇော်ဝင်းမှ ကျွန်မနှင့် ဦးသော်တာသိန်းတို့ ရှိရာသို့ လာရောက်ပြီး ငွေကျပ်သိန်း ၂၀ ပေးလျော်ရန်အတွက် အခက်အခဲဖြစ်၍ လျှော့ပေး ပါရန် မေတ္တာရပ် ခံသဖြင့် ငွေကျပ်သိန်း ၂၀ အစား ရှေ့နေငှားရမ်း ထားသဖြင့် ငွေနှစ်သိန်း ကို ရှေ့နေခ အဖြစ် ပေးရန်ပြောခဲ့ပါသည်။ ထိုငွေနှစ်သိန်းအား ယခုပါလာခြင်းမရှိ၍ နောက်ရက်တွင် လာပေးမည်ဟု  ဆိုကာ ပြန်သွားပါသည်. . .” ဟု ပါရှိကြောင်း သိရသည်။

ထို့ပြင် “. . .၂၇-၁၀-၂၀၁၃ နေ့ ည ၇ နာရီခန့်တွင် ရုံးရှေ့စွပ်စွဲခံရသူ နှစ်ဦးနှင့်အတူ အမည်မသိ ယောက်ျား တစ်ဦးနှင့် မိန်းမတစ်ဦးတို့ ကျွန်မနေအိမ်သို့ ရောက်ရှိလာပြီး ကျွန်မတို့ ခွင့်ပြုချက်မရှိဘဲ အဆိုပါ လူလေးဦးမှ ခြံတံခါးကိုဖွင့်ပြီး နေအိမ်ပေါ်သို့ တက်ရောက်ပြီး ခုံများတွင် ထိုင်နေပါသည်။ ထိုအချိန်တွင် ကျွန်မမှာ မီးဖွားဆောင်ရှိ အိမ်ခန်းတွင် ကလေးကို နို့တိုက်နေပြီး ကျန်မိသားစုဝင်များမှာ ထမင်းစားနေ ကြပါသည်။ ထိုအချိန်တွင် ကျွန်မ၏ ညီမဖြစ်သူ မချစ်ဝင်းထိပ်မှ ကျွန်မထံရောက်လာပြီး သန်းဇော်ဦးပါ လေးဦးက ရှေ့နေမရှိလား ဘယ်မှာလဲ ခေါ်လိုက်စမ်း မေးနေတယ်ဟု ပြောပါသည်။ ကျွန်မက ကလေးကိုထားပြီး ၎င်းတို့ရှိရာသို့ သွားပါသည်။ ကျွန်မရောက် လာသောအခါ ဦးသန်းဇော်ဝင်း က ငွေ(၂)သိန်းအား မပေးနိုင်ကြောင်း ယခုစုထားသော ၅၀ တန် (၁)သောင်းပါတယ်။ ယူချင်ယူ ထားလိုက်ဟု ပြောပါသည်။ ကျွန်မက ရှေ့နေတစ်ဦးဖြစ်တယ်။ ကလေးကစားသလို မပြောပါနှင့် ပြောစရာ ရှိရင် ရုံးတွင် ပြောနိုင်ကြောင်း ပြန်ပြောရာ (၂)တရားခံမခိုင် (ခ) နော်ခိုင်ခိုင်အေးချိုမှ ၎င်းသည် Eleven Journal မှ သတင်းထောက် မခိုင်ဆိုတာငါပဲ။ ကျွန်မကို ဦးသော်သိန်းထံက ရှေ့နေခ ဘယ်လောက်ယူလဲ။ ကျွန်မက တရားမမှုအတွက် ရှေ့နေခ(၅)သိန်းယူကြောင်း ပြန်ပြောရာ မခိုင်မှ ရှေ့နေခ(၅)သိန်းယူကြောင်း တရားသူကြီးထံ ဖုန်းဆက်မေးလိုက်မယ်။ မခိုင်က ဒီနယ်မှာရှိတဲ့ ရှေ့နေ၊ တရားသူကြီး၊ ဥပဒေတွေက ဆင်းရဲသားများထံမှ ငွေညှစ်ယူတာကို ဖော်ထုတ်ရန် ရောက်လာခြင်း ဖြစ်ကြောင်း ပြောစဉ် ကျွန်မဖခင် ဦးအောင်ရှိန် ရောက်လာပြီး ဘာဖြစ်တာလဲဟုမေးရာ မခိုင်က ဆင်းရဲသားများထံက ငွေညှစ်တာကို ဂျာနယ်ထဲထည့်ရန် အတွက် ဒီအိမ်သို့ ရောက်လာခြင်း ဖြစ်ကြောင်း ပြောစဉ် ဖခင်ဖြစ်သူက ဦးသန်းဇော်ဝင်းအား ဒီအိမ်မှာ ရပ်ကွက်အမိအဘ အိမ်လည်းဖြစ်၊ ဂေါပကလူကြီး အိမ်လည်းဖြစ်၊ မှုခင်းရှုထောင့်သတင်း ဒုတိယပြည်နယ်တာဝန်ခံ အိမ်လည်းဖြစ်ပြီး NLD ခရိုင်ကော်မရှင် ဥက္ကဋ္ဌတစ်ဦး အိမ်လည်းဖြစ်၍ ယခုလိုလာပြီး မစော်ကားရန် ပြောပါသည်။ (၂) တရားခံကိုလည်း ဒီကိစ္စ ဘာတွေသိလို့ လာတာလည်း ဦးသန်းဇော်ဝင်းနှင့် ဦးသော်တာသိန်းတို့ မူပိုင်ခွင့်ကိစ္စနှင့် သိန်း ၂၀ အစား (၂)သိန်းဖြင့် ညှိနှိုင်းထားတာကို သိရဲ့လား။ ဒီနေ့မှာ (၁)တရားခံ သန်းဇော်ဝင်းက ငွေ(၂)သိန်းပေးရန် သဘောတူ ထားသည်ကို သိသလား။ မင်းတို့ မစူးစမ်းမဆင်ခြင်ဘူး။ ခွင့်ပြုချက်လည်း မတောင်းဘူး” ဟု  စသည်ဖြင့် ထွက်ဆိုထားကြောင်း သိရသည်။

“ဘယ်သူ့ရဲ့ ပြောဆိုချက်တွေက ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာ တရားလို စွပ်စွဲတာနဲ့ စွပ်စွဲခံရသူ ထွက်ဆိုတာတွေကို သေချာစစ်ဆေးရင် အဖြစ်မှန်ပေါ်ပါတယ်။ အဖြစ်မှန်ပေါ်ရင် မခိုင်မှားရင် မှားတဲ့သူကို အပြစ်ပေးလို့ ရပါတယ်။ အများပြည်သူကို ချပြလိုက်။ ကျွန်တော်တို့ ပြောနေတာ တရားစီရင်ရေးက မမျှတဘူး။ ထောင်ချသင့်တဲ့အမှု မဟုတ်ဘူး။ မခိုင်ဟာ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ကျင့်ဝတ်အတိုင်း မှားယွင်းမှု မရှိဘူး။ အခုလည်း တရားလိုနဲ့ မခိုင်ရဲ့ထွက်ချက်တွေကို အများပြည်သူ မှန်မမှန် စဉ်းစားနိုင်အောင် လိုမှပဲ ဖော်ပြတာပါ။ အခုကိစ္စက ရှင်းရှင်းလေးပဲ ကြိုတင်ချိန်းဆို ထားတာရှိလို့ သွားတာ။ ကျူးကျော် ၀င်ရောက်တာ မဟုတ်ဘူး။ ဒါကလည်း ထွက်ဆိုချက်တွေမှာ ပေါ်လွင်ပါတယ်။ ဘယ်သူမှ ခွင့်မပြုဘဲ အိမ်ပေါ်ရောက်စရာ မရှိဘူး။ ဦးရဲထွဋ် စွပ်စွဲသလို တရားပြိုင်နဲ့သွားတာ မမှားဘူး။ ရှေ့နေ ကျင့်ဝတ်နဲ့ မညီတဲ့ ဆောင်ရွက်ချက်ဖြစ်လို့ သတင်းရယူပိုင်ခွင့်ရှိတယ်။ ဒီရှေ့နေဟာ ကျင့်ဝတ်နဲ့မညီဘူး။ ပြီးတော့ လာဘ်ပေး လာဘ်ယူ ကိစ္စတွေနဲ့ ဘယ်လိုပတ်သက် လုပ်ဆောင်နေလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုတာကို တွေ့နိုင်ပါတယ်။ NLD ခရိုင်ဥက္ကဋ္ဌတို့၊ စအဖ အရာရှိကတော် ဖြစ်တယ်တို့စတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်ဆိုတာ တရားလို ထွက်ချက်မှာကို တွေ့နေရတယ်။ ပြီးတော့ အစိုးရတာဝန်ရှိသူ ကိုယ်တိုင်က ပြောလာပြီဆိုတော့ မှန်ကန်မျှတမှုအတွက် အများပြည်သူနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေသိအောင် စုံစမ်းစစ်ဆေးပေးဖို့ ကျွန်တော်တို့ ထပ်တောင်းဆိုတာပါ” ဟု ကိုဝေဖြိုး က ပြောပါ သည်။

မခိုင်အမှုနှင့် ပတ်သက်၍ အယူခံတင်သွင်းမှုကို လွိုင်ကော်ခရိုင် တရားရုံးက လက်ခံခဲ့ပြီး သတင်းထောက် မခိုင်အား တရားစွဲဆိုခဲ့သူ ဒေါ်အေးအေးဖြိုးအား ဇန်န၀ါရီ ၁၀ ရက် တွင် ရုံးရှေ့လာရောက်ရန် ချိန်းဆို ထားကြောင်း သိရသည်။

Eleven

No comments:

Post a Comment