Thursday, February 6, 2014

ကောင်းခါး၌ ပြည်သူ့စစ် ဝတ်စုံဝတ်ဆင်သူများ၏ ဖမ်းဆီးခံရသူ ကျပ်သိန်း ၆၀၀ နီးပါးလျော်မည်ဟု ဝန်ခံပြီးနောက် ပြန်လွှတ်

ရှမ်းပြည်နယ် လားရှိုးမြို့နယ် တရားရုံး ရုံးထုတ် အချုပ်ခန်းမှ တရားရုံး၏ အမိန့်ဖြင့် လွှတ်ပေးလိုက်သည့် အမျိုးသားတစ်ဦးကို ပြည်သူ့စစ်ဝတ်စုံ ဝတ်ဆင်ထားသူများက ဖမ်းဆီးသွားပြီး ရှစ်ရက်ခန့် အကြာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စွပ်စွဲခံထားရသော အလွဲသုံးစားမှုအတွက် ကျပ်သိန်း ၆၀၀ နီးပါး ပေးလျော်မည်ဆိုသည့် ကတိကြောင့် အိမ်ပြန်ပို့ပေးကြောင်း ကာယကံရှင် ဖြစ်သူ ဦးမျိုးသက်ပိုင်က ပြောကြားသည်။

ဦးမျိုးသက်ပိုင်သည် ရှမ်းပြည်နယ် မြောက်ပိုင်း ကောင်းခါးမြို့သစ် အခြေစိုက် ကောင်းခါး ပြည်သူ့စစ် တပ်ဖွဲ့၏ စီးပွားရေး တာဝန်ခံ ဦးအောင်မြင့်ထံတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး နွားသယ်ဆောင်သည့် စာရင်းစာအုပ် ပျောက်ဆုံး၍ ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံး နစ်နာနေရသည်ဟုဆိုကာ ဦးအောင်မြင့်၏ တရားစွဲဆိုမှု ခံထားရသူ ဖြစ်သည်။

ငွေကြေး အလွဲသုံးစား လုပ်ခဲ့ကြောင်း ဝန်ခံခိုင်းပြီး ကျပ်သိန်း ၅၈၀ ဖြင့် ၎င်းကို လာရွေးရန် မိဘများထံ ဖုန်းဆက်ခိုင်း၍ ဖုန်းဖြင့် အဆက်အသွယ် လုပ်ခဲ့ရကြောင်း၊ ကျပ်သိန်း ၅၈၀ ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကောင်းခါး ပြည်သူ့စစ်တပ်ဖွဲ့ ဌာနချုပ်သို့ မပျက်မကွက် လာရောက် ပေးအပ်ရန် သတိပေးလိုက်ကြောင်း ဦးမျိုးသက်ပိုင်က ပြောဆိုသည်။
“ဦးအောင်မြင့်အိမ်ရဲ့ မီးဖိုချောင် အထပ်ခိုးပေါ်မှာ ကျွန်တော့်ကို ပိတ်လှောင် သော့ခတ်ပြီး ချုပ်ထားပါတယ်။ ငွေအလွဲသုံးစားလုပ်တာ ဝန်ခံရမယ်၊ ဝန်မခံရင် နားရွက်ကိုလှီးမယ်၊ လက်ကို ဖြတ်ပစ်မယ်လို့တော့ ခြိမ်းခြောက်တဲ့အတွက် ငွေအလွဲသုံးစား လုပ်မိပါတယ်လို့ ဝန်ခံခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကောင်းခါးမြို့သစ်ရှိ ဦးအောင်မြင့် အိမ်သို့ ကောင်းခါး ပြည်သူ့စစ် တပ်ဖွဲ့၏ ဆက်ဆံရေးရုံး တွဲဖက်ဆက်ဆံရေးမှူး ဦးမြင့်ဦး ရောက်လာကာ ဦးမျိုးသက်ပိုင်ကို ခေါ်ယူပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် လားရှိုးမြို့ရှိ နေအိမ်အရောက် ပြန်လည် ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးအောင်မြင့်သည် အမှုကို ရုပ်သိမ်းလိုသည်ဟု လျှောက်ထား သဖြင့် ထောက်ခံပေးခဲ့ခြင်း ဖြစ်သော်လည်း ဦးမျိုးသက်ပိုင်ကို မတရားသဖြင့် ချုပ်နှောင်ရန် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သဖြင့် လားရှိုး မြို့မရဲတပ်ဖွဲ့စခန်းက ဦးအောင်မြင့်ကို ပြစ်မှုပုဒ်မ ၃၆၅ ဖြင့် ဖွင့်ထားကြောင်း၊ သို့သော်လည်း ဦးအောင်မြင့်နှင့် အပေါင်းအပါများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဦးအောင်မြင့် နေအိမ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်း၏ တပည့်ဆိုသူက ဦးအောင်မြင့် နေအိမ်တွင် မရှိဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ နွားသယ်ဆောင်သည့် စာရင်းစာအုပ် ပျောက်ဆုံးမှုကြောင့် ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံးသည်ဟုဆိုကာ ဦးမျိုးသက်ပိုင်နှင့် ၎င်း၏ ယောက္ခမဖြစ်သူ ဦးရန်ချုံကွမ်းတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က လားရှိုးမြို့နှင့် မိုင် ၅၀ ခန့် ဝေးကွာသည့် ကောင်းခါးမြို့တွင် ဖမ်းဆီးခေါ်ယူကာ သုံးရက် ချုပ်နှောင်ခဲ့ကြောင်း၊ နိုင်လွန်ကြိုးကို ကြာပွတ်အဖြစ်သုံးကာ ရိုက်နှက်ခြင်း၊ တုတ်ဖြင့်ရိုက်ခြင်း၊ ကန်ကျောက်ခြင်း၊ လက်ချောင်းများကို ပလာယာဖြင့်ညှပ်၍ စစ်ဆေးခြင်း၊ မြို့ပြင် သင်္ချိုင်းတွင် ကျင်းထဲမြေမြှုပ် စစ်ဆေးမှုများခံခဲ့ရကြောင်း ကာယကံရှင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

(နေမျိုးနွယ်)
The Voice Weekly

No comments:

Post a Comment