Wednesday, March 19, 2014

မြန်မာဈေးကွက်အတွင်းရှိ Dee Do အချိုရည်အားလုံး ပြန်စစ်ဆေးမည်ဟုဆို


မသောက်သုံးသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာခြင်း ခံထားရသည့် ပြည်တွင်း ဈေးကွက်ရှိ ထိုင်းနိုင်ငံထုတ် Dee Do အချိုရည်ဘူးများကို လိုက်လံစစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) နှင့်ဆွေးနွေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Foodstar (DeeDo) ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Ms. Chantra Pongsri က ပြောကြားသည်။

တစ်လီတာ Dee Do အအေးဘူးတွင် မှိုခြောက်သိန်း ပါဝင်နေကြောင်း မတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံ
စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်၏ ပြောကြားချက်အပေါ် တုံ့ပြန်သည့်အနေနှင့် တစ်နိုင်ငံလုံးက Dee Do အချိုရည်များကို စစ်ဆေးခြင်း ဖြစ်သည်။

ဓာတ်ခွဲစစ်ဆေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန တာဝန်ရှိသူများနှင့် မတ်လ ၁၉ ရက်နေ့တွင် သွားရောက် တွေ့ဆုံရန် စီစဉ်ထားကြောင်း Ms. Chantra Pongsri ကပြောဆိုသည်။
“ဈေးကွက်ထဲက ပစ္စည်းတွေ ပြန်သိမ်းရအောင် FDA က ဘာမှ မကြေညာသေးဘူး” ဟု မြန်မာနိုင်ငံရှိ Dee Do အချိုရည် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းကြောင့် ဈေးကွက်အတွင်းရှိ Dee Do အချိုရည်ဘူးများတွင် မှိုပါဝင်နှုန်းကို ပြန်လည် စစ်ဆေးသွားပြီးမှသာ ပြည်တွင်း ဈေးကွက်က အဆိုပါ အချိုရည်ဘူး အားလုံးကို သိမ်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

Dee Do အချိုရည် ဖြန့်ဖြူးရောင်းချခွင့်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် ခွင့်ပြုချက်သက်တမ်း ကုန်ဆုံးပြီ ဖြစ်ကြောင်း FDA က စုံစမ်းသိရှိရသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းကို The Voice ကဆက်သွယ် မေးမြန်းသော် လည်း အစည်းအဝေး ပြုလုပ်နေသဖြင့် မဖြေဆိုနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံ Foodstar ကုမ္ပဏီသည် တစ်ရက်လျှင် Dee Do အချိုရည်ဘူး နှစ်သိန်းနီးပါး ထုတ်လုပ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၀ ကို ဖြန့်ချိနေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment