Monday, April 28, 2014

ထိုင်းနိုင်ငံတွင်း ခိုးဝင် မြန်မာနိုင်ငံသား ၇၁ ဦး ဖမ်းဆီးခံရ


Monday, April 28, 2014
ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ဘက်ကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၇၁ ဦးကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကြိုတင်သတင်းရရှိချက်အရ အဲဒီမြန်မာနိုင်ငံသားတွေကို ရနောင်းခရိုင် အမှတ် ၂၅ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး ကရပူရီမြို့နယ် ဟိန်ယိုင်ကျေးရွာ အုပ်စုထဲမှာရှိတဲ့ ဆီအုန်းခြံတွေထဲမှာ ၀င်ရောက်ပိတ်ဆို့ ဖမ်းဆီးခဲ့တာလို့ အမှတ် ၂၅ စစ်တပ်ဗျူဟာမှူးး ဗိုလ်မှူး စူရဆတ် ဖိန့်ယဲမ့်က သတင်းထောက်တွေကို ပြောပါတယ်။


စစ်ဆေးချက်တွေအရ သူတို့အားလုံး မြန်မာပြည်ကလာတာဖြစ်ပြီး အမျိုးသား ၅၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် မဟာချိုင်မြို့နယ်၊ ချွန်ဘူရီခရိုင်၊ ဖူးကစ်၊ ကရပီ၊ ဟတ်ယိုင်၊ ဆူရတ်ဌာနီ၊ ဆုန်ခလာ နဲ့ မလေးရှား စတဲ့ ဒေသတွေမှာ လူစုခွဲပြီး အလုပ်သွားလုပ်ဖို့ဖြစ်ကြောင်း၊ တဦးကို ဘတ် ၁ သောင်းကနေ ၂ သောင်းထိ ပေးရကြောင်း၊ သူတို့ကို ဦးဆောင်ခေါ်ယူလာတဲ့ မြန်မာနိုင်ငံသား နိုင်အော့က တာဝန်ရှိသူတွေကို ၀န်ခံပြောကြားခဲ့ပါတယ်။
သူတို့ကို တင်ဆောင်လာတဲ့ ကားသမားထိုင်းလူမျိုး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ဖမ်းဆီးအရေးယူဖို့ ဆက်လက်ရှာဖွေသွားမှာဖြစ်ပြီး ပွဲစား နိုင်အော့နဲ့အတူ မြန်မာနိုင်ငံသား ၇၁ ဦးလုံးကိုတော့ ခရိုင်လ၀က ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဗျူဟာမှူးက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment